Esport အကြောင်း တလောက ကျနော် ရေးဖူး၏။ ယခုနှစ် ဆီးဂိမ်းမှာ ထူးခြားချက် အနေဖြင့် Esport ကို အားကစားနည်း တခု အနေဖြင့် ထည့်သွင်း ကျင်းပ၏။ ပထမဆုံး အကြိမ် စတင် ပါဝင်လာခြင်း ဖြစ်၏။ နောက်နှစ် ဆီးဂိမ်းပြိုင်ပွဲများမှာ ပါဝင်လာခြင်း ရှိမရှိကိုတော့ ဆက်လက်စောင့်ကြည့်ရပေလိမ့်ဦးမည်။ ယခုနှစ်မှာတော့ Esport အားကစားနည်း အနေဖြင့် (၆) မျိုး ထည့်သွင်း ကျင်းပ၏။ Mobile Legends, Hearth Stone, Dota 2, Star Craft, Tekken 7, AVO အစရှိသည့် ဂိမ်းကစားနည်းများ ဖြစ်၏။ ထို ဂိမ်းများထဲမှာ ကျနော် သိသည့် ဂိမ်းက (၂) မျိုးလောက်သာ ပါ၏။ ML နှင့် Dota 2 ဖြစ်၏။
Dota 2 ထက် ML အကြောင်းကိုတော့ ပိုပြီး သိ၏။ Dota ကိုတော့ တခါသားမှ မဆော့ဖူးပေ။ ML ကတော့ လက်ရှိလည်း ဆော့နေသဖြင့် အထိုက်အလျောက်တော့ သိ၏။ တနေ့က မြန်မာ ML အသင်း၏ ပြိုင်ပွဲ ပွဲစဉ်များကို ကြည့်ရှု အားပေး ဖြစ်သေး၏။ ရုပ်သံများကနေတော့ မပြသပေ။ သို့ပေမယ့် Mobile Legends mm page ကနေတော့ တိုက်ရိုက် ထုတ်လွှင့် ပြသ၏။ သို့နှင့် Facebook page ကနေ ကြည့်ရှုအားပေး ဖြစ်၏။ မြန်မာ အသင်း ကစားပုံ မဆိုးလှပေ။ သို့ပေမယ့် နောက်တဆင့်တော့ တက်ရောက်နိုင်ခဲ့ခြင်း မရှိပေ။ အုပ်စုများ ခွဲဝေပြီး တသင်းလျှင် (၂) ပွဲ best of 2 ယှဉ်ပြိုင် ဆော့ကစား ဖြစ်၏။
Best of (2) မှာ တပွဲ နိုင်လျှင် တမှတ်၊ (၂) ပွဲလုံး နိုင်လျှင် (၃) မှတ်ရ၏။ မြန်မာ အသင်း သည် အရှေ့ပိုင်း ပွဲစဉ်များမှာ တပွဲနိုင် တပွဲရှုံး တမှတ် တမှတ်စီသာ ရခဲ့၏။ သို့ပေမယ့် တတိယ ပွဲစဉ်မှာတော့ (၂) ပွဲလုံး နိုင်ပြီး (၃) မှတ် အရယူနိုင်ခဲ့၏။ သို့ပေမယ့် အုပ်စု နောက်ဆုံး ပွဲစဉ်မှာတော့ မလေးရှား အသင်းကို (၂) ပွဲပြတ်နှင့် အရေးနိမ့်ခဲ့သဖြင့် အုပ်စု အဆင့်ကနေသာ လှည့်ပြန်ခဲ့ရ၏။ ထိုပွဲစဉ်မှာသာ သရေ တမှတ် ရယူနိုင်ခဲ့လျှင် ဆီမီးဖိုင်နယ် အဆင့်သို့ တက်လှမ်းခွင့် ရမည် ဖြစ်၏။ သို့ပေမယ့် ကံအကြောင်းမလှ သဖြင့် အုပ်စု အဆင့်ကနေသာ အိမ်ပြန်စောခဲ့ရ၏။
Esport လူကြီးများ အမြင်တော့ ဂိမ်းပေါ့။ အနှီ စကားလုံးသည် နောက်ပိုင်း တော်တော်လေး တွင်ကျယ်လာသည့် စကားလုံးဟု ပြောလို့ ရ၏။ ယခင်က ဂိမ်းဆော့လျှင် အရေမရ အဖတ် မရတွေ လုပ်နေသည်ဟု အပြောခံရလေ့ ရှိ၏။ ထိုခေတ် ထိုအခါက တကယ်လည်း ထိုသို့ ဖြစ်နေသည်ကိုး။ ဆော့ကစားသူ အဖို့ ပျော်ရွှင်မှု တခုသာ ရ၏။ အသိဉာဏ် ပွင့်လင်းမှုလည်း အထိုက်အလျောက်တော့ ရရှိ၏။ ထို့ထက် ပိုပြီး အကျိုးတစုံ တရာ ရရှိသည်ဆိုပြီး ပြနိုင်ဖို့က ခဲယဉ်းခဲ့သည်ကိုး။
ယခုများမှာတော့ ထိုသို့ မဟုတ်တော့ပေ။ Dota 2, ML, Pubg (PC, Mobile) အစရှိသည့် online ဂိမ်းများကို ဆော့ကစားခြင်းဖြင့် ငွေကြေး အကျိုးအမြတ် တစုံတရာ ရရှိလာနိုင်နေပြီကိုး။ ပြိုင်ပွဲများ ဝင်ရောက်ယှဉ်ပြိုင်ခြင်း၊ live streaming လွှင့်ခြင်းကနေ အကျိုးအမြတ် တစုံ တရာ ရရှိလာတော့၏။ ထို့ပြင် ယခုလို ဆီးဂိမ်း ပြိုင်ပွဲကြီးမှာ Esport ဆိုပြီး ပြိုင်ပွဲ တရပ်အနေဖြင့် ထည့်သွင်း ကျင်းပလိုက်တော့ ထို ဂိမ်းများ၏ အခန်း ကဏ္ဍနှင့် ဂိမ်းကစားသူများ၏ အခြေအနေသည် တမျိုး တဖုံ ပြောင်းလဲသွားတော့၏။ ဂိမ်းကစားခြင်းကို အဆိုးမြင်နေသူများကိုလည်း အထိုက်အလျောက် အမြင် ပြောင်းလဲမှုများ ဖြစ်ပေါ်လာစေခဲ့၏။
မြန်မာနိုင်ငံ၏ လက်ရှိ အခြေအနေအရ ဂိမ်းကစားကို အသက်မွေး လမ်းကြောင်း အလုပ်တခု အဖြစ် သတ်မှတ်ရန် ခက်ခဲနေသေးပေမယ့် တချိန်ချိန်မှာတော့ ပြောင်းလဲမှုတွေ ရှိလာနိုင်၏။ ဂိမ်းကစားခြင်းကို အလုပ်အကိုင် တခု အဖြစ်လုပ်ကိုင် လာနိုင်မည် ဖြစ်၏။ ထို့ကြောင့် ယခင်လို ဂိမ်းပဲ ဆော့နေသည် ဂိမ်းကစား လွန်းနေသည်ဟု ပြောဆို ဆူဆုံးမဖို့တောင် တော်တော်လေး သတိထားရတော့မည် ဖြစ်၏။ တော်နေကြာ နိုင်ငံ လက်ရွေးစဉ် လုပ်မလို့ဗျ ဆိုပြီး ပြန်ပြောနေလျှင် မခက်ပေဘူးလား။
Don Jaun
MSC 31