အိမ်မှာနေပါ။ လက်ဆေးပါ။ (၃) ပေခြားစီနေပါ။ လူထူထပ်တဲ့ နေရာ ရှောင်ပါ။ အစရှိသည့် စကားများသည် လက်ရှိ အချိန်မှာ ခေတ်စား ရေပန်းစားသည့် စကားလုံးများ ဖြစ်ခြေ၏။ တာဝန်ရှိသူများ၏ home stay မစခင်၊ မပြောခင်ကတည်းက ကျနော်က home stay နေနေခဲ့ပြီး ဖြစ်၏။ ကလေး (၂) ယောက်နှင့် မနေလို့လည်း မဖြစ်ပေ။ ထို့ပြင် အိမ် အပြောင်းအရွှေ့က ခုထိ မပြီးသေးဘူးကိုး။ တနေ့ တနေ့ ဟိုဘက်အိမ်၊ ဒီဘက်အိမ် ကူးနေရတာကလည်း အလုပ် တလုပ် ဖြစ်၏။
တနေ့ တနေ့ အိပ်လိုက်၊ စားလိုက်၊ စာရေးလိုက်၊ ဂိမ်းဆော့လိုက်နှင့် အချိန်တွေ ကုန်ကုန်သွားခဲ့၏။ ကြားထဲ ကလေး (၂) ယောက်ကို ကြည့်နေ၊ လုပ်ပေးနေရသဖြင့် တနေ့တာက ဘယ်ကနေ ဘယ်လို ကုန်သွားမှန်းကို သတိမထားမိလိုက်ပေ။ အိပ်တော့ အိမ်သစ်မှာ သွားအိပ်ပြီး မနက်ခင်း မျက်နှာသစ်ပြီးတာနှင့် ဟိုဘက်အိမ်သွားရ၏။ တချို့ညတွေဆို အမေ၊ တူမလေး၊ တူလေးတို့ပါ လိုက်အိပ်၏။ အချို့ညတွေဆိုလျှင်တော့ ကျနော်နှင့် တူလေး (၂) ယောက်ထဲသာ သွားအိပ်ဖြစ်၏။
တခါတလေ နေ့လည် နေ့ခင်း လုပ်စရာရှိသည့် အခါမျိုးမှာ ဟိုဘက်အိမ် (အိမ်သစ်)ကို သွား ဖြစ်၏။ မီးရိုက်တာတို့၊ မီးဖိုခန်း လုပ်တာတို့ ဘာတို့ပေါ့။ ပစ္စည်းတွေ ရှင်းဖို့ ဘာဖို့ လိုသည့် အခါမျိုးမှာလည်း သွား ဖြစ်ပြန်သေး၏။ ဒီနေ့ နေ့လည်ခင်းမှာလည်း အိမ်သစ်ဘက်ကို လာဖြစ်ပြန်၏။ အခြား မဟုတ်၊ အမေ့ အတွက် လက်ဆေး၊ မျက်နှာသစ် ဘေစင်လေး လုပ်ပေးမလို့ ဖြစ်၏။ အမေက အသက်ရလာတော့ ယခင်လောက် မသွက်လက်တော့ပေ။ အဓိကက ဒူးနာနေခြင်း ဖြစ်၏။ ထို့ကြောင့် သွားလာရ ခက်နေတော့၏။
မနက်ခင်း မျက်နှာသစ်ဖို့ အိမ်အောက်ထိ အမေ မဆင်းနိုင်ပေ။ ထို့ကြောင့် မနက်ခင်း မျက်နှာသစ်လျှင် ဝရန်တာကနေသာ သစ်၏။ ဘေစင် မရှိတော့ ကုန်းကုန်းကွကွနှင့် သူ့မှာ အဆင်မပြေပေ။ ဒီကြားထဲ မျက်နှာသစ်ရင်း ခြေထောက်တွေ ဘာတွေက စိုသေးသည် မဟုတ်လား။ ထို့ကြောင့်ပဲ အမေ့အတွက် ဘေစင် လာလုပ်ပေး ဖြစ်ခြင်း ဖြစ်၏။ ပစ္စည်းတွေက မနေ့ကလည်းက ဝယ်ထားပြီးသား ဖြစ်၏။ စတီးဇလုံနှင့် စင်ကိုတော့ ပိုက်တွေနှင့်ပဲ လုပ်ဖို့ တွေးထား၏။ သံပိုက်တွေနှင့် လုပ်ချင်ပေမယ့် ပိုမို ကုန်ကျနိုင်သည့်အပြင် ဂဟေဆော်၊ ဂဟေဆက်သည့် အပိုင်းက ကိုယ်မကျွမ်းကျင် မသိသည့် အပိုင်းဖြစ်၏။
ခု ရေပိုက်တွေနှင့် စင်လုပ်တာကြပြန်တော့လည်း သိလို့တော့ မဟုတ်ပေ။ ဒီအတိုင်း online ပေါ်မှာ သူသူငါငါ လုပ်ပြီး တင်ထားသည်ကို တွေ့ဖူး၏။ သိပ်လည်း မခက်ဘူးကိုး။ မခက်ဘူး ဆိုပေမယ့် တခါမှ မလုပ်ဖူးတော့ အနည်းငယ်တော့ ခေါင်းစားရ၏။ အတိုင်းအတာတွေ မှတ်၊ ဖြတ်၊ ဆက်ပြီး သကာလမှာတော့ စင်လေးက ရုပ်လုံးပေါ်လို့ သွားတော့၏။ ညနေ (၅) နာရီလောက်က စလုပ် လိုက်တာ ညနေ (၆) နာရီ ထိုးခါနီးမှာတော့ ပြီးသွား၏။ ဘာမှ မဟုတ်သည့် စင်လေး ဆိုပေမယ့် တော်တော်လေး အချိန်ပေးလိုက်ရ၏။ ဒီစင်လေးနှင့်ဆို အမေ အဆင်ပြေပြီ ဖြစ်၏။