မနေ့က သူငယ်ချင်းတွေ futsal ကန်ကြ၏။ ကျနော်တော့ မပါပေ။ မကန်ချင်လို့ မဟုတ်ပေ။ ကန်ချင်ပေမယ့် ကန်မရလို့ ဖြစ်၏။ ကျနော် ဘောလုံး သွားကန်လျှင် အိမ်မှာ အမေနှင့် ကလေး (၂) ယောက်သာ ကျန်ခဲ့မည်ဖြစ်၏။ ထို့ကြောင့် ကျနော့်မှာ သွားကန်ချင်ပေမယ့် မကန်ရပေ။ covid ကိုပဲ ထိုင်ပြီး အပြစ်တင်ရမလား၊ ရာထူးတိုး နယ်ပြောင်းသွားရသည့် အမတွေကိုပဲ လှမ်း စိတ်ဆိုးရမလား မသဲကွဲတော့ပေ။ covid သာ မဖြစ်နေခဲ့ဘူးဆိုလျှင် တူလေးက သူ့ အမေနား ရောက်နေလောက်ပြီ။ သို့ဆိုလျှင် တူမလေး တယောက်ထဲ ကျန်မည်။ တယောက်ထဲ ဆိုလျှင်တော့ အမေ ထိန်းနိုင်၏။ ခုက (၂) ယောက်ဆိုတော့ ခက်သားလား။
ဒီကောင်တွေကလည်း (၂) ယောက်တွဲဆိုလျှင် အိမ်ကိုတောင် ပြောင်းပြန်လှန်နိုင်လောက်အောင် စွမ်းကြ၏။ လိုက်ကြည့်ပြီး ပြောနိုင်မှသာ တော်ကာကြ၏။ ဒါတောင် ဘယ်လောက် အော်အော် ဆရာသမားတွေက ခဏပဲ ရ၏။ ပြီးလျှင် ပိုနေမြဲ ကျားနေမြဲ ပြန်ဆော့ ပြန်သောင်းကျန်းကြ၏။ ကြာတော့ အပြောခံရသူတွေက ဘယ်လိုမှ မနေဘဲ ပြောနေရသည့် ကျနော်နှင့် အမေသာ မောမောသွားရ၏။ သူတို့ကား တကယ်ကို ဆော့နိုင် ကစားနိုင်ကြ၏။ တကယ် တနေကုန် ဆော့နိုင်ကြ၏။ ညအိပ်မှသာ ရပ်တော့၏။ ဒါတောင် အိပ်ရာထဲ ရောက်တဲ့အထိ အငြိမ်က မနေပေ။ လုံး၀ အိပ်မောကျသွားမှသာ နားအေးတော့၏။
ငယ်တုန်းကတော့ သူတို့ ကိစ္စ အ၀၀ အားလုံးနီးပါးကို လုပ်ပေးရလို့ ကိုယ်မနားရပေ။ ခုက ကိစ္စ အားလုံးနီးပါး မလုပ်ပေးရပေမယ့် လိုက်လိုက်ပြောနေ၊ ပူနေရသဖြင့် စိတ်က မအားရပေ။ တခါတလေတော့လည်း သူတို့ကို သူတို့ အမေတွေနား ရောက်သွားစေချင်မိ၏။ ထိုသို့ ရောက်သွားပြန်လျှင်လည်း ကိုယ်တယောက်ထဲ ငေါင်တောင်တောင်နှင့် သတိတွေ ရနေမှာကိုလည်း တွေးမိပြန်သေး၏။ တယောက်ထဲ တွေးရင်း အဆင်မပြေ ဖြစ်နေရပြန်၏။ သံယောဇဉ် ဆိုတာကလည်း ခက်သားရယ်။
သူတို့နှင့် ကိုယ့်မှာ လူပျို အခွင့်အရေး ဆုံးရှုံးမှန်း မသိ ဆုံးရှုံးလို့ နေတော့၏။ ထိုအချက်ကို အမေနှင့် အမတွေက မျက်ကွယ်ပြုထားကြ၏။ သိသိရဲ့ မသိချင်ယောင်ဆောင်ကြတာလား၊ သိသိကြီးနဲ့ မသိချင်ယောင်ဆောင်တာလည်း သူတို့သာ သိပေမည်။ ကျနော့် အထင်တော့ သိကို မသိကြတာနေမည်။ တခါတလေကျတော့လည်း ယောက်ဖတွေကို အားကျသားရယ်။ ကျနော့်လို ယောက်ဖ တယောက် သူတို့ ရထားသည်ကိုး။ သူတို့ကြောင့်ပဲ ကျနော့်မှာ အိမ်ထောင်ပြုချင်စိတ်ကို မရှိတော့ပေ။
အမှန်တော့ အိမ်ထောင်ပြုဖို့ မပြောနဲ့ ရည်းစားထားချင်စိတ်တောင် မရှိနေပေ။ (လက်ရှိ အချိန်မှာ ခံစားနေရတာကို ပြောတာပါ) တယောက်ထဲပဲ နေဖို့ ပိုပိုပြီး သေချာလာ၊ ပိုပိုပြီး ခိုင်မာလာတော့၏။ တယောက်ထဲနေမည်တွေးထားလျှင် ပိုရှာ ပိုစုထားနိုင်ဖို့ လို၏။ အသက်ကြီးလာလျှင် အားကိုးရမည့်သူက ကိုယ့်ကိုပဲ မဟုတ်လား။ ထို့ကြောင့် အလုပ်တွေ ပိုလုပ်မှ ရမည်။ စာတွေပိုရေးရမည်။ ထို့ပြင် steem, hive ဈေးတွေ တက်ဖို့ ကောင်းနေဖို့ လို၏။