Steem က ဘာဆက်ဖြစ်မယ်မှန်း မသိသေးပေ။ ဘာတွေပဲ ဘယ်လိုပဲ ဆက်ဖြစ် ဆက်ဖြစ် ကျနော်တို့က လုပ်စရာ ရှိတာ လုပ်၊ ရေးစရာ ရှိတာရေး၊ တင်စရာ ရှိတာ တင်နေဖို့သာ ရှိ၏။ ထိပ်ပိုင်း တာဝန်ရှိသူများက လုပ်စရာ ရှိသည်များကို လုပ်နေကြပေလိမ့်မည်။ ကျနော်တို့ အနေနှင့် ဘာမှ ၀င်မလုပ်နိုင်ဘူး ဆိုပေမယ့် သတင်း အဆက်မပြတ်ဖို့တော့ လို၏။ ဘာတွေ ထူးခြားလာမည်ကို စောင့်ကြည့်ရပေလိမ့်မည်။
Steem ဈေးနှင့် ပတ်သက်ပြီး စိတ်ကူး ယဉ်ခဲ့ဖူး၏။ ဘယ်ဈေးလောက် ဖြစ်လာလျှင် ဘာလုပ် ပစ်မည် ဆိုပြီးတော့ပေါ့။ ယခု အချိန်ထိတော့ မျှော်မှန်းထားသလောက် ဈေးမျိုးတော့ မရောက်ရှိလာခဲ့ပေ။ လွန်ခဲ့သော နှစ်ကာလများဆီတုန်းကတော့ ဈေးကောင်းခဲ့၏။ ထိုစဉ်တုန်းကလည်း လိုအပ်လျှင် လိုအပ်သလို steem များ sbd များ ထုတ်ရောင်းပြီး သုံးစွဲလို့ ရသည့် ငွေကြေး အဖြစ်သို့ ပြောင်းလဲ ယူခဲ့ဖူး၏။ အဓိက ကတော့ ခရီးသွား အပန်းဖြေခြင်းများတွင် သုံးစွဲ ဖြစ်၏။ online crypto ကနေ ငွေကြေး တစုံတခု အနေနှင့် ရရှိပြီး ခရီးတွေ ဘာတွေ သွားနိုင်ခြင်းမှာ steem နှင့် ပထမဆုံးပင် ဖြစ်၏။
Steem သည် ကျနော့် နေ့စဉ် ဘ၀ အပေါ်မှာပါ လွှမ်းမိုးမှု ရှိလာခဲ့ပြီ ဖြစ်၏။ အိပ်မက်တွေ မက်ဖြစ်ခဲ့၏။ ထို အိပ်မက်တွေ တကယ် ဖြစ်လာဖို့ လုပ်ဆောင်ဖို့ တွန်းအားတွေလည်း ရှိလာခဲ့၏။ steem သည် ကျနော့် နေ့စဉ် ဘ၀ကို ပြောင်းလဲမှုများ ရှိစေခဲ့၏။ steem ကြောင့် ငွေကြေး အားဖြင့် တစုံတရာ အထောက်အကူများလည်း ရခဲ့၏။ အသိ မိတ်ဆွေ အသစ်များလည်း ရခဲ့၏။ စိတ်ပိုင်းဆိုင်ရာ ခွန်အားများလည်း ရခဲ့၏။ ယခု ဆိုလျှင် နေ့စဉ် အစားစားသောက်သလိုမျိုး steem မှာလည်း နေ့စဉ် စာရေး ဖြစ်နေပြီ ဖြစ်၏။ ဤသည်မှာ steem ကပေးသည့် တွန်းအားများပင် ဖြစ်၏။
အစကတော့ ငွေကြေး အားဖြင့် တစုံတခု ရဖို့ ဦးတည်ခဲ့သော်လည်း ယခုအခါမှတော့ စာရေးနေရသည်ကိုသာ ပျော်နေမိတော့၏။ (တစုံတရာ အကျိုး မမျှော်ကိုးတော့ခြင်းဟု မဆိုလိုပါ။ အကျိုး မျှော်ကိုးခြင်း ရှိပေမယ့် ယခင်လောက်တော့ လိုချင်စိတ်၊ ရချင်စိတ် မများလာတော့ခြင်းကို ဆိုလို၏) ကိုယ့်ကို လုပ်စရာ ရှိတာ၊ ရေးစရာ ရှိတာ ရေးမယ်။ ဈေးတက်ချင်တက်၊ ကျချင်ကျ ဆိုပြီး စိတ်မျိုး ထားလာနိုင်၏။ ဈေးကလည်း ကျနေတာပဲ ဆိုပြီး စိတ်ပျက် အားငယ်မှုမျိုး မရှိတော့ပေ။ လျော့နည်း သွား၏။
မည်သို့ပဲ စိတ်ထားတက်သွားပြီ ဆိုပေမယ့် Steem နှင့် ပတ်သက်ပြီး ကျနော် မျှော်မှန်းထားတာလေး တခု ရှိသေး၏။ အခြား မဟုတ် steem က ရသည့် ပိုက်ဆံနှင့် phone တလုံး ၀ယ်ဖို့ ဖြစ်၏။ ယခင် steem ဈေးနှင့် ဆိုလျှင် ဖြစ်နိုင်ပေမယ့် ယခု ဈေးနှင့်ဆိုလျှင်တော့ အလှမ်းဝေးသွားသည့် အခြေအနေ တရပ် ဖြစ်နေပြီ ဖြစ်၏။ မည်သို့ပင် ဆိုစေ တချိန်ချိန်မှာတော့ ထို ဆန္ဒပြည့်မြောက်လိမ့်မည်ဟု ယုံကြည်၏။ ထိုယုံကြည်ချက်နှင့်ပင် နေ့စဉ် စာရေးပြီး post များ တင်နေဦးမည် ဖြစ်၏။
Don Jaun
MSC 31