ယခုတလော မိုးက မပြတ်ရွာ၏။ ယခင်ရက်များက မရွာလိုက်ရသဖြင့် အတိုးချပြီး ရွာနေသလိုပင်။ မိုးတပြဲပြဲနှင့် သွားရေးလာရေး အတန်ငယ် ခက်လှ၏။ ကျနော်လည်း သာမန်ရက်များအတိုင်း စာသင်လိုက်၊ စာရေးလိုက်နှင့် အချိန်ကုန်လို့ နေ၏။ တခါတလေမှသာ လုပ်ဖြစ်သည့် phone ကလိသည့် ဖက်ကိုတောင် မလှည့်ဖြစ်ပဲ ဖြစ်နေ၏။ မနေ့ ရှေ့တနေ့က သူငယ်ချင်းက ကလိစရာလေး တခု ပြ၏။ Phone အတွက်မဟုတ်ပဲ၊ laptop, PC အတွက် ဖြစ်၏။ laptop တွင် Android boot တခု run ခြင်း ဖြစ်၏။ ယခင် ကျနော်တို့ လုပ်ဖူး ကြသည့် နည်းလမ်းက software တခုခု ခံပြီးမှ လုပ်ရခြင်း ဖြစ်၏။ ယခု နည်းက ထိုကဲ့သို့ software မလိုပေ။ ထို့ပြင် phone ရှိဖို့လည်း မလိုပေ။ laptop သို့မဟုတ် PC ရှိ Hard disk ကို partition တပိုင်း ပိုင်းလိုက်ပြီး ထို Android boot ကို သွင်းခြင်း ဖြစ်၏။ ပုံမှန် window တင်နေကြ ပုံစံအတိုင်းပင် ဖြစ်၏။ window တင်သည့်အချိန်လောက်တော့ မကြာပေ။ လွယ်လွယ်လေးပင်။ You Tube တွင်လည်း video file များကြည့်ပြီး လေ့လာနိုင်၏။
ဟုတ်ပါပြီ။ android phone ကြီး ရှိနေရဲ့သားနဲ့ ဘာလို့များ laptop မှာ ထပ်ဖွင့်ချင်လဲပေါ့။ ကျနော်တို့ ထံတွင် ဘောလုံးပွဲကြည့်ဖို့ sky net စက် မရှိပေ။ Internet တော့ ရှိ၏။ သို့နှင့် ဘောလုံးပွဲ ကြည့်လိုလျှင် phone ထဲမှ ဘောလုံးပွဲ တိုက်ရိုက် ကြည့်လို့ရသည့် app ကနေ တဆင့် ကြည့်ရ၏။ phone နှင့် ဆိုတော့ ကြည့်ရသည်မှ အားမရလှပေ။ TV အတွက် android box ၀ယ်ပြန်လျှင်လည်း ဈေးက များ၏။ သို့နှင့် ယခုလိုမျိုး နည်းလမ်း ရှာလိုက်ခြင်း ဖြစ်၏။ laptop မှာ android boot run ပြီး playstore ကနေ ဘောလုံးပွဲ Live ပြသည့် app ကို down ပြီး ကြည့်ရုံပဲ၊ မြင်ကွင်းလည်း ကျယ်သွားသည် မဟုတ်လား။ ထိုမျှနှင့် မကျေနပ်သေးလျှင် vga ကြိုးနှင့် သော်လည်းကောင်း၊ htmi ကြိုးနှင့်သော်လည်းကောင်း ချိတ်ပြီး TV ကနေတောင် ကြည့်လို့ ရသေး၏။ ထိုရည်ရွယ်ချက်နှင့် သူငယ်ချင်းက လုပ်၏။ သူ့ စက်မှာ ရသွား၏။
သို့နှင့် ကျနော်လည်း ကျနော့်စက်ကို android boot တင်ဖို့ လုပ်၏။ ကျနော့် စက်မှာလည်း ရ၏။ restart ပေးပြီး ပြန်ဖွင့်တော့ android ထဲပဲ ထပ်ဝင်သွား၏။ သူငယ်ချင်း၏ စက်မှာလို စက်တက်တက်ခြင်း window ထဲဝင်မှာလား၊ android ထဲဝင်မှာလားဟု မမေးပေ။ power ပိတ်ပြီး ပြန်ဖွင့်တိုင်း android ထဲပဲ ရောက်ရောက် သွား၏။ သို့နှင့် window ပြန်တင်ရ၏။ window ပြန်တင်ပြီး hard disk ကို partition ထပ်ပိုင်းပြီး android boot အတွက် နေရာ သတ်သတ်ပေးလိုက်၏။ ပထမ တုန်းက partition မပိုင်းပဲ တင်လိုက်လို့များ ခုလို ဖြစ်တာလားပေါ့။ မဆိုင်ပေ။ android ရပေမယ့် စက်ပြန်တက်လာတိုင်း ဘယ်ထဲ ၀င်မှာလည်း မမေးပဲ မပေါ်လာပဲ (ယခုအခါမှာတော့) window ထဲသို့သာ ၀င်သွား၏။ ခက်ချေပြီ။ နေ့လည်ကတည်းက လုပ်နေသည်မှာ ညနေစောင်း ကျူရှင်ချိန်နီးလာတော့ ကျနော် စက်ထားခဲ့ပြီး သွားလိုက်၏။ သူငယ်ချင်းက သူ ဆက်လုပ်ထားပေးမယ်ဟု ဆို၏။
မနေ့မနက်က ကျူရှင်ချိန် အပြီး ကျနော် သူတို့ဆိုင် ၀င်၏။ ရသွားပလားဆိုတော့ window ကို မတက်လာတော့ဘူးဟု ဆို၏။ သို့နှင့် window တခါ ပြန်တင်ပြီး စမ်းကြည့်ပြန်၏။ မရပေ။ ကျနော့် စက်က window 10 တင်ထားခြင်း ဖြစ်၏။ သူငယ်ချင်း၏ စက်က window 8 ဖြစ်၏။ သူငယ်ချင်းက window မတူလို့ထင်တယ်ဟု ဆို၏။ အင်းလေ … 8 ဆိုတော့လည်း 8 ပေါ့။ ယခုတော့ ကျူရှင်ချိန်နီးနေပြီ ဖြစ်သဖြင့် ညနေစောင်းမှ ထပ်စမ်းကြည့်ရပေမည်။ ညနေကျူရှင်ချိန်ပြီးတော့ သူတို့ဆိုင်ကို သွား၏။ window 8 pro တင်ပြီး စမ်းကြည့်၏။ android တက်၏။ သို့သော် restart ပေးလိုက်တိုင်း ပြန်တက်လာလျှင် မမေး၊ ရွေးခွင့် မရပဲ ဖြစ်နေ၏။ window ထဲသို့သာ ၀င်ဝင်သွား၏။ မရသည့် အဆုံး ဒီနေ့တော့ window 10 သာ ပြန်တင်လိုက်၏။ အရင်အတိုင်းပဲ ကောင်းပါတယ်လေ။
ရှေ့ရက်များက HF 20 ကြောင့် post တင်မရသဖြင့် ရေးထားသည့် စာလေးများ ရှိနေသေးလို့ တော်သေး၏။ ယခုထိလည်း စက်က မရသေးပေ။ တလက်စတည်း ဆိုပြီး window update ရနေသဖြင့် update လုပ်ထားခြင်း ဖြစ်၏။ ဒါဆို ယခု ဘာနှင့် ရိုက်နေသနည်းပေါ့။ ကျနော့်အမ၏ laptop နှင့် ရိုက်နေခြင်း ဖြစ်၏။ တခါတလေ အဲ့လိုပဲ ကိုယ်က မကလိတော့ပဲ ငြိမ်ငြိမ်နေပြန်တော့လည်း ကလိစရာက မိမိမရှာပဲ သူ့သူ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာတော့၏။ ထူးဆန်းပါပေ့ ဆရာဒွန်ရယ်ဟုသာ ရေရွတ်နေမိတော့၏။
Don Jaun
MSC 31