ဒီနေ့ ဘာရေးလျှင် ကောင်းမည် နည်း။ အတွေးတွေကတော့ အများသား။ steem အကြောင်းပဲ ရေးရမလား။ ကျနော့် သင်တန်း အကြောင်းပဲ ရေးရမလား။ ဒါမှ မဟုတ် ခုထိ ရက်ဆက် ရွာနေတဲ့ မိုး အကြောင်းပဲ ရေးရမလား။ Futsal ကန် ဖြစ်နေသည့် အကြောင်းကိုပဲ ရေးရမလား။ တပိုင်းတစသာ ရေးထားနိုင်ခဲ့သည့် အဖေ့အကြောင်းကိုပဲ ဆက်ရေး ရမလား။ ဘယ်ဟာကနေ ဘယ်လို စရေးရမှန်းကို မသိ ဖြစ်နေ၏။ အဖေ့ အကြောင်းကိုတော့ လောလောဆယ် ဘယ်အင်အားနှင့်မျှ ရေးနိုင်မည် မထင်ပေ။
သို့နှင့် အခြား အကြောင်းအရာများဖက်သို့ပဲ လှည့်ရမည်ပေါ့။ ကျန် အကြောင်းအရာများ ရေးမည် ဆိုပြန်တော့လည်း အစက ရှာမရ၊ ဖော်မရ ဖြစ်နေပြန်၏။ ဆိုးလိုက်သည့် ဖြစ်ခြင်း။ သြော် မေ့တော့မလို့ ဂိမ်း အကြောင်း ဆက်ရေးလည်း ရတာပဲကိုး။ (၂) နှစ် (၃) နှစ်လောက်ကတည်းက ခေတ်စားခဲ့သော ရှိနေခဲ့ပြီးသော ဂိမ်းကို ခုမှ ထဆော့ပြီး တစခန်း ထပြနေသည့် ကျနော့်ကို အပြစ် မမြင်ကြရန်တော့ ကြိုတင်ပြီး တောင်းပန်လိုလှ၏။ ကျနော်ကလည်း ကျနော်ပဲလေ။
အနှီ ဂိမ်းအကြောင်း ပိုစ့်များ တင်တင်ပြီး ရေးလာခဲ့သည်မှာပဲ အတော်လေး ခရီးပေါက်လာနေခဲ့ပြီပဲကိုး။ တနေ့တနေ့ အားလပ်ချိန် တော်တော်များများကို အဆိုပါ ဂိမ်းက ယူငင်သွားခဲ့၏။ အလုပ်ပျက် အကိုင်ပျက် အဆင့်ထိ မရောက်သော်လည်း အားပြီဆိုသည်နှင့် ဂိမ်းပဲ ဆော့ ဖြစ်နေသည်က သိပ်တော့ မကောင်းလှပေ။ ယခင်လို စာဖတ်ခြင်းနှင့် ဇာတ်ကား ကြည့်ခြင်း အမှုများ အတွက် အချိန် နည်းသွားခဲ့၏။ သိပ် အချိန် မပေးဖြစ်တော့ပေ။ ဂိမ်းဆော့လိုက်လျှင် အချိန်က မည်သို့ မည်ပုံ ကုန်သွားမှန်းကို မသိလိုက်တော့ပေ။
တပွဲ တပွဲနှင့် ပွဲတွေ ဆင့်ဆင့် ထပ်ကုန်ပြီး ph အားကုန်မှ အိပ်ချိန် ကျော်ခါမှသာ နားဖြစ်တော့၏။ ပြင်မည် ပြင်မည်နှင့် ခုထိတော့ မပြင် ဖြစ်၊ မပြင် နိုင်သေးပေ။ တခါတလေ ပွဲတပွဲ (၁၀) မိနစ် မကျော်ပေမယ့်၊ တခါတလေကျ မိနစ် (၂၀) ကျော်၊ (၃၀) ထိလည်း ဖြစ်သွားတတ်သေး၏။ ကိုယ်တွေ အဖွဲ့ သာနေလေလျှင်လည်း ခပ်မြန်မြန် ပွဲပြီးသွားလေ့ ရှိသလို၊ တဖက်က သာနေပြန်လျှင်လည်း ကျနော်တို့ မြန်မြန် ရှုံးသွားလေ့ ရှိ၏။ (၂) ဖက်အသင်း လက်ရည်တူနေလျှင်တော့ ပွဲက တော်တော်နှင့် မပြတ်တော့ပေ။
တခါတလေ လုပ်စရာ၊ သွားစရာ ရှိလို့ မသွားခင် မလုပ်ခင်လေး (၁၅) မိနစ်လောက် အချိန်ရသဖြင့် တပွဲလောက် ဆော့လိုက်မည် တွေး၏။ ဆော့၏။ ပွဲက (၁၅) မိနစ်နှင့် မပြတ်ပေ။ ရပ်ပစ်လို့ကလည်း မရ၊ ထွက်ပစ်လို့ကလည်း မရနှင့် တော်တော်လေး ဒုက္ခ တွေ့ရ၏။ မည်သို့ပင် ဆိုစေ မျှမျှတတနှင့် ချင့်ချင့်ချိန်ချိန်လေး ဂိမ်းကို ဆော့ကစားတတ်အောင် တော့ အကျင့်လုပ်ရပေလိမ့်ဦးမည်။
Don Jaun
MSC 31