တောင်ကြီးနှင့် မိုးသည် အမွှာအလားဟု ထင်ရ၏။ June လ လောက်ကတည်းက စရွာသည့် မိုး။ တရက်တလေမှ မပျက်မကွက် နေ့တိုင်း ရွာ၏။ နေ့ရွာလျှင် ရွာ၊ နေ့ မရွာလျှင် ည ရွာပြန်၏။ တခါတလေ တနေ့ကုန် ရွာ၏။ တခါတလေ ရွာလိုက် တိတ်လိုက်နှင့်။ တခါတလေကျ ခပ်ဖွဲဖွဲလေး တအိအိနှင့် ရွာ၏။ ရွာနည်းပေါင်းစုံနှင့် ရွာနိုင်လွန်းလှ၏။
မိုးရွာလျှင် သွားရလာရ ခက်၏။ စိုစို စိစိနှင့် သွားလာရသည်မှာ အဆင်မချောလှပေ။ အ၀တ်တွေစိုသွားလျှင်လည်း တော်တော်နှင့် မခြောက်တော့ပေ။ ထို့ပြင် မိုးများ တအိအိနှင့် ရက်ဆက်ရွာလိုက်လျှင် လမ်းတွေပျက်၊ ဗွက်တွေ ထကုန်၏။ ကိုရီးယား ဇာတ်လမ်းတွဲလို အပိုင်းအဆက်များနှင့် ဇာတ်လမ်းဇာတ်ကွက် စုံလင်အောင် ရွာတတ် ရွာနိုင်လွန်းလှပေ၏။
မိုးရွာတာ သဘာဝပဲလေ ဆိုပေမယ့် ကျောင်းတက်၊ ကျောင်းဆင်းချိန် ရွာသည်ကတော့ ဆိုးလှ၏။ မသိလျှင် ထိုအချိန်ကို သေချာ သံပတ်ပေးထားပြီး ရွာနေသလားလို့ပင် ထင်မှတ်ရ၏။ ကျောင်းသူ၊ ကျောင်းသား လေးများ အတွက်ကော၊ လာရောက် ပို့ကြိုသည့် မိဘများအတွက်ကော လွန်စွာမှ ကသီလှ၏။ ထို့ပြင် လုပ်ငန်းခွင်ဝင် လုပ်သား ပြည်သူ များအတွက်လည်း သွားလာရ ခက်၏။ တခါတလေကျ ထိုအချိန် (၂) ချိန်လေးလောက်သာ ရွာပြီး တနေကုန် မရွာပဲ နေပြန်တတ်၏။ အလွန်ပဲ တတ်နိုင်လွန်း၊ အလွန်ပဲ မူယာမာယာ များလွန်းသည့် မိုးပင်။
မိုးအောက်မှာ နေပြီး မိုးကို ကြောက်ရန်ကောဟု ဆိုဖွယ်ရှိ၏။ မိုးကို မကြောက်ပါ။ မိုးရွာလျှင် အလုပ်အကိုင်ပျက်သောကြောင့်၊ လုပ်ရကိုင်ရခက်သောကြောင့် အနည်းငယ် မနှစ်မျို့ခြင်းသာ ဖြစ်၏။ ငယ်စဉ် ကျောင်းသားဘ၀ကတော့ မိုးရွာလျှင် ပျော်၏။ ကျောင်းသွားခါနီး မိုးရွာလျှင် ကျောင်းသွားစရာ မလိုတော့။ အိမ်မှာပင် ဆော့လိုက် ကစားလိုက် စားလိုက် အိပ်လိုက်နှင့် အလွန်ဇိမ်ကျ၏။ ခပ်ကြီးကြီးရွာသော မိုးဖြစ်ဖို့တော့ လို၏။ မဟုတ်လျှင် ခပ်ဖွဲဖွဲ ရွာသော မိုးစက်များအောက်၌ ထီးစောင်း၍ ကျောင်းကို ချီတက်ရ၏။ ထိုအခါမျိုးတွင် လွန်စွာမှ စိတ်ညစ်၏။ သို့သော် ကျောင်းဆင်းချိန်မျိုး ရွာလျှင်တော့ ပျော်၏။ ထီးပါနေလျှင်တောင် မပါသည့် သူငယ်ချင်းကို သဘောထားကြီးစွာ ငှားပေးလိုက်ပြီး ကျောင်းမှာ ဆော့တော့၏။ မိုးကြီးကြီး ရွာသည့် ရက်မျိုးဆိုလျှင် ညနေဖက် ကျူရှင်ချိန် အော်တို သွားစရာမလိုတော့ပေ။ မနေ့က မိုးရွာလို့ ထီးမပါလို့ ဆရာမ ဆိုပြီး ဆရာမကို မလှိမ့်တပတ် လုပ် ဖြေ၏။
ကျူရှင်ဆင်းချိန်မျိုး မိုးရွာလျှင်တော့ အခြေအနေ (၂) မျိုးနှင့် စခန်းသွား၏။ နောက်ရက်သည် ကျောင်းဖွင့် ရက် ဖြစ်နေပါက ကျူရှင်မှာ သူငယ်ချင်းများနှင့် အခန်းတွင်း ဆော့ကစားလို့ ရသည့် ကစားနည်းများနှင့် ကစား၏။ အကယ်၍ နောက်ရက်သည် ကျောင်းပိတ်ရက် ဖြစ်နေပါက (ကျောင်းပိတ်ရက်ဆိုလျှင် TV/ Video ကြည့်ခွင့်ရ၏) ကျူရှင်မှာ အိမ်စာများ၊ ကျက်စရာ တွက်စရာ ရှိသည်များကို အသားကုန် အားသွန်ခွန်စိုက် ကျက်မှတ် တွက်ချက် လေ့လာတော့၏။ တခါတလေ ထီးမပါပေမယ့် လူညီပြီး ပေါက်တက်ကရ လုပ်လိုသည့် ရက်များတွင် လွယ်အိတ်၊ ကျော်ပိုးအိတ်များကို ရေစိုခံ စေရန် ကျွတ်ကျွတ်အိတ်များနှင့် ထည့်ပြီး မိုးရွာ(ခပ်ဖွဲဖွဲရွာ) ထဲ အိမ်ပြန်ကြ၏။ တလမ်းလုံး တွေ့သည့် ရေဗွက်များထဲသို့ ဆင်း၏။ အနားမှ သူငယ်ချင်းကို ထိုရေဗွက်ထဲသို့ ဆွဲချ၏။ တခါတလေ ရေအိုင်ကို ခြေထောက်ဖြင့် ခတ်ပြီး ခပ်လှမ်းလှမ်းမှ သူငယ်ချင်းကို ရေစိုအောင်လုပ်၏။ ထူးဆန်းသည်က ထိုကဲ့သို့ ကမ်းကုန်အောင် ဆော့ကစားသော်လည်း မဖျားမနာပေ။
ယခုများ တော့ ထိုသို့ မဟုတ်တော့ပေ။ အတန်ငယ် မိုးမိရုံနှင့် နှာစေးချင်သလိုလို၊ ခေါင်းကိုက်ချင်သလိုလို ဖြစ်လို့။ အလုပ်တွေ ရှိနေသောကြောင့် ဖျားလို့ မဖြစ်ဘူးနော်ဆိုပြီး မိမိကိုယ်ကို ဆေးကြိုသောက်၊ အားတင်းခါမှ ဖျားဖျားသွားသည့် အဖြစ်တွေက အများသား။ ငယ်ငယ်တုန်းကတာ့ ဖျားပါ ဆိုတောင် မဖျားပေ။ ကျောင်းမသွားချင်လို့ ဖျားအောင် လုပ်သော်လည်း လုံးဝ မဖျားပေ။ ဆန်းကြယ်ပေစွ။ ကျောင်းသား အရွယ်ကျော်လွန်ပြီး ဆရာဘ၀သို့ ရောက်လာတော့ ယခင်လို မိုးရွာလို့ ဆိုပြီး အပျင်းထူလို့ မရတော့ပေ။ ကျောင်းသားဘ၀က ကိုယ့်ကို ဆရာ တယောက်ကသာ စောင့်ရ၏။ ကိုယ်ဆရာ ဖြစ်တော့ ကိုယ့်ကို တပည့်အများက စောင့်နေမည် ဆိုသည့် အသိဖြင့် မိုးရွာ၊ နေပူပူ သွားရတော့၏။ ဆရာတွေ ဘ၀ကို ကိုယ်ဆရာ ဖြစ်မှ ကိုယ်ချင်းစာမိတော့၏။
တိုက်တိုက်ဆိုင်ဆိုင် ယနေ့ နံနက်လည်း မိုးရွာ၏။ ရွာသည်မှ သဲသဲမဲမဲနှင့်။ ကျူရှင်ချိန် နီးနေပြီ မိုးက မတိတ်သေး။ စောင့်နေလို့ မဖြစ် မိုးကာခြုံပြီး စိုစိုရွှဲရွှဲထဲ ဆိုင်ကယ်လေးမောင်းပြီး သွားရ၏။ ကျူရှင် ရောက်တော့ ကြိုတင် တွက်ဆထားသည့် အတိုင်းပင်။ တပည့်တွေ တယောက်မှ မရောက်သေး၊ နာရီဝက်လောက် ဆက်စောင့်၏။ မိုးလည်း မတိတ်၊ တယောက်မှလည်း မပေါ်လာပေ။ သေချာ၏ ဒီနေ့ အဖို့ တပည့်ကျော်တွေ လာမည့်ပုံမပေါ်ပေ။ ရာသီဥတုကလည်း စာသင်ခန်းထဲ သွားဖို့ထက် အိပ်ရာထဲ၌ ကွေးနေ၊ နှပ်နေရန်သာ ပိုမို၍ တွန်းအားပေးနေသည် မဟုတ်လား။ ကျနော့်မှာသာ ငါက ဆရာလေ သွားမှ ရမည်ဆိုသည့် စိတ်နှင့် မနက်စောစော မိုးကာဝတ်ပြီး လာခဲ့ရ၏။ သို့နှင့် သင်ယူမည့်သူများ မရောက်လာသေးသည့် စာသင်ခန်းကြီးရယ်၊ ကျောက်သင်ပုန်းရယ်၊ ကျနော်ရယ် မိုးကျသံ စည်းချက်ကို နားသောတ ဆင်ရင်း ငယ်စဉ်တောင်ကျေး ကလေးဘ၀ကို သတိတရ တွေးတောနေမိတော့၏။
Don Jaun
MSC 31