အချိန်တို့ တရွေ့ရွေ့ ကုန်ဆုံး ပြောင်းလဲ လာ၏။ ကုန်ဆုံးသွားသော အချိန်တို့ နှင့်အတူ နေခတို့ ပတ်ဝန်းကျင်၌ ပြောင်းလဲ မှုများလည်း ရှိလာနေပြီ ဖြစ်၏။ ယနေ့အချိန်တွင် လူတိုင်းနီးပါး လက်ထဲ၌ Smart Phone တလုံးစီ အနည်းဆုံး ရှိနေကြပြီ ဖြစ်၏။ တချို့ဆို တယောက်တည်းနှင့် Phone (၂)၊ (၃) လုံး ရှိ၏၊ ကိုင်၏။ Smart Phone နှင့်အတူ တွဲပါလာသည်က Internet ။ ယနေ့အချိန်၌ လူတိုင်းနီးပါး internet ကို အသုံးပြုနေပြီ ဖြစ်၏။ လွန်ခဲ့သော (၁၀) နှစ်ကမူ ယခုကဲ့သို့ မဟုတ်ပေ။ လူတိုင်း phone ကိုင်နိုင်ဖို့ ဝေးစွ။ ကြိုး phone ရှိသည့် အိမ်ဆိုသည်မှာပင် လက်ချိုးရေလို့ ရ၏။ ပိုက်ဆံ တက်နိုင်သူများသာ အနှီ ကြိုး phone ကို တပ်ဆင် အသုံးပြုနိုင်၏။ ထိုခေတ်၊ ထိုအချိန်က hand phone ကို သူဋ္ဌေးများနှင့် သူတို့၏ သားသမီးများသာ သုံးနိုင် ကိုင်နိုင်ကြ၏။ Keypad phone နေရာများ၌ Touch phone များ ၀င်ရောက်နေရာယူလာခြင်း နှင့်အတူ Internet သုံးစွဲခြင်းများလည်း မြင့်တက်လာခဲ့ပြီ ဖြစ်၏။
ထားပါလေ။ နေခသည် internet နှင့် smart phone သမိုင်းကြောင်းကို ပြောဆို ရှင်းပြလို၍ မဟုတ်ပေ။ ထိုမျှလောက်အထိ ရှင်းပြနိုင်ရန်လည်း နေခ ဥာဏ်နှင့် မမီ။ လွန်ခဲ့သော (၁၀) နှစ်ကျော်က ကိစ္စရပ်လေး တခုကို ပြန်လည် ပြောပြလို၍သာ နိဒါန်းချီနေခြင်း ဖြစ်၏။ ( သို့မှသာ စာလုံးရေ (၂၀၀) ပြည့်မည်) အနှီ ကိစ္စလေးကို ယခုအချိန်အထိ မှတ်မှတ်ထင်ထင် သတိရမိနေသေး၏။ အကြောင်းတိုက်ဆိုင်တိုင်း အတွေးထဲ ၀င်ဝင်လာ၏။
ထိုအချိန်က နေခ phone မကိုင်နိုင်သေးပေ။ မှတ်မိသေး၏။ သိန်း (၃၀)၊ (၄၀) လောက်ပေးနေရသည့် sim ကဒ်များမှသည် ထက်ဝက်တိတိ ဈေးလျော့ ပေးသည့်အချိန်။ (၁၆) သိန်းတန်၊ (၁၅) သိန်းတန် sim ကဒ်များကနေ (၅) သိန်းတန် sim ကဒ်များကို နိုင်ငံတော်မှ စေတနာထား၊ သဘောထားကြီးစွာဖြင့် ချပေးနေသည့်အချိန်။ (၅) သိန်းမှသည် (၂) သိန်း။ (၂) သိန်းမှသည် (၅) ထောင်။ (၅) ထောင်မှသည် (၁၅၀၀)၊ (၁၀၀၀)။ ခုများ Phone တလုံးဝယ်တိုင်း အလကားပေးနေပြီ ဖြစ်၏။ ဒီနေရာ၌ ခေါင်းဆောင်ပိုင်း၏ အကွက်မြင်ပုံ၊ အမျှော်အမြင် ရှိပုံကို နေခ မချီးကျူးပဲ မနေနိုင်ပေ။ (၁၅) သိန်းတန် sim ကဒ်ကနေ (၁၅၀၀)၊ (၁၀၀၀) သို့ ဈေးချပေးလို့ ရသော်လည်း ထိုမျှလောက်အထိ ဈေးကွာဟ လိုက်ပါက သုံးစွဲသူများ၏ အလေးမထားမှု တန်ဖိုးမထားမှုများ ဖြစ်ပေါ်လာမည် စိုးသောကြောင့် တခါတည်း ဈေးမချပေးပဲ အဆင့်ဆင့် ဈေးချပေးလိုက်ခြင်း ဖြစ်၏။ တန်ဖိုးထားတက်အောင် သင်ကြားပေးသော ဆိုင်ရာလူကြီးများ၏ စေတနာအပေါ် အလွန်ပင် ကျေးဇူးတင်သင့်၏။
နေခ နှင့် အိမ်ခြင်း ကပ်လျက် အေးအိမ်တွင်နေသော ဦးဘမောင်သည် (၅) သိန်းတန် Phone ထွက်ထွက်ချင်းမှာပင် ၀ယ်ကိုင်လိုက်၏။ သူသည် သိပ်ပြီး ချမ်းသာသူ မဟုတ်သော်လည်း အတော်အသင့် ငွေကြေးတက်နိုင်သူ ဖြစ်၏။ (၅) သိန်းတန် sim ကဒ် နှင့်အတူ ထိုအချိန်က (၃) သိန်းလောက်ပေးရသည့် HTC Desire Phone လေး ၀ယ်ကိုင်၏။ Phone series ကိုတော့ နေခ မမှတ်မိတော့ပေ။ သူ Phone သွားဝယ်ချိန်က နေခ လိုက်ကူပေးရ၏။ လိုအပ်သည်များကို ကူညီပေး၏။ App သွင်းခြင်း၊ App အကြောင်းများ ရှင်းပြခြင်း အစရှိသဖြင့်ပေါ့။
ထိုအချိန်က နေခတို့ တိုင်းပြည်သည် မီး မမှန်သေး။ ထိုအချိန်ကတင် မဟုတ်၊ ခုထိလည်း မီး မမှန်သေးပေ။ ပျက်တခါ မလာ တလှည့်နှင့်ပင်။ ထိုအချိန်က မီးကို အချိန်နှင့်သာ ရ၏။ (၆) နာရီခြားတခါ။ တရက်ကို (၆) နာရီ မီးရ၏။ ကျန်သည့် (၁၈) နာရီကတော့ ပပ၀တီနှင့် နှစ်ပါးသွားရ၏။ ထိုတရက် (၆) နာရီလေးတောင် တခါတခါ မမှန်ချင်ပေ။
HTC phone လည်းနှင့် ဦးဘမောင်မှာ စတိုင်ထုတ်၊ ရှိုးပြလို့ မပြီးတော့ပေ။ တရက်သား နေခ ကြောင်းက အပြန် ဦးဘမောင်က နေခကို လှမ်းပြော၏။
“ တူမောင်ရေ … ။ မနက်ကကွာ Internet အသုံးကောင်းပြီး။ phone အား ကုန်ခါနီးတဲ့အထိ သုံးမိပြိး Internet ကြီး မပိတ်လိုက်ရဘူး။ မီးကလည်း လာချိန်ကို မလာသေးဘူးကွာ။ အဲ့တာ …. တူမောင် ဦးကို Internet ပိတ်ပေးဦး။ ”
နေခလည်း သူပြောတာကို သိပ်မရှင်း။ သို့သော် နားလည် သလိုလိုတော့ ရှိ၏။ ထို့ကြောင့် ခေါင်းသာ အသာညိတ်ပြလိုက်၏။ နေခလည်း အ၀တ်အစားလည်းပြီး၊ အမေ ပြင်ပေးသည့် ညနေစာ အဆာပြေမုန့်ကိုစားကာ ကျောင်းတွင် ယနေ့ သင်လာသော Jave Program တခုကို run ရန် Computer ကို ဖွင့်လိုက်၏။ နေခတို့ အိမ်၌ Inverter ရှိ၏။ ညရေး၊ ညတာနှင့် နေခ၏ ကျောင်းပညာရေးအတွက် အဖေက စီမံထားပေးခြင်း ဖြစ်၏။ Program rum လက်စ တ၀က်လောက်မှာ ဦးဘမောင် ရောက်လောက်၏။
“ တူမောင် … ။ Internet ပိတ်ပေး ”
သူ့လက်ထဲ၌ HTC phone မဟုတ်။ Phone ထဲမှ ထုတ်ယူလာသော sim ကဒ်လေးနှင့်။ Phone မပါပဲ မည်သည့် နည်းပညာ၊ မည်သည့် နည်းလမ်းနှင့် အနှီ internet ကို ပိတ်ပေးရ မည်နည်း။ Phone power ပိတ်သွားပါက internet လည်း နောက်ကွယ်က မသုံးနေတော့ပါဘူး ဆိုသည့် အချက်ကို နေခတယောက် မပြောပြနိုင်သေးပဲ မိမိကို အားကိုးတကြီးနှင့် sim ကဒ်လေး ကိုင်ပြီး ငေးနေသာ ဦးဘမောင်ကို ကြည့်၍ နေခ တယောက် အားမနာနိုင်တော့ပဲ ၀ါးလုံးကွဲ ရယ်မိလေတော့၏။
Base on True Story