ဆီးဂိမ်း အားကစားနည်းများထဲမှ ဘောလုံး အကြောင်းကို တက်သလောက် မှတ်သလောက်လေး ဖတ်မိ၊ မြင်မိ သလောက်လေး ထပ်မံ ရေးသားလိုသေး၏။ မြန်မာ အမျိုးသား အသင်းအကြောင်းကို အရင် ပြောလိုလှ၏။ တရက်ခြား တပွဲ ကန်လာခဲ့ရာမှ အုပ်စု နောက်ဆုံးပွဲ မတိုင်မီမှာတော့ (၂) ရက်လောက် နားခွင့်ရလိုက်ပြီ ဖြစ်၏။ (၂၉) ရက်နေ့က အရှေ့တီမောနှင့် ကစားထားပြီးနောက် (၂) ရက်နေ့မှာ ကမ္ဘောဒီးယားနှင့် အုပ်စု နောက်ဆုံးပွဲစဉ် အဖြစ် ယှဉ်ပြိုင်ကစားရမည် ဖြစ်၏။
မြန်မာ အသင်းအတွက်က အုပ်စု နောက်ဆုံးပွဲ ဖြစ်ပေမယ့် ကမ္ဘောဒီးယား အသင်း အနေနှင့်မူ မြန်မာအသင်းနှင့် ယှဉ်ပြိုင်ပြီးသည့်တိုင် နောက်ထပ် တပွဲ ထပ်ကစားရဖို့ ရှိသေး၏။ လက်ရှိ မြန်မာအသင်း ပါဝင်နေသည့် အုပ်စု (က) မှာ အသင်း (၅) သင်း ပါဝင်နေ၏။ ထို့ကြောင့် တသင်းကို (၄) ပွဲ ကစားရမည် ဖြစ်၏။ မြန်မာအသင်းက လက်ရှိမှာ (၃) ပွဲကစားထားပြီး တပွဲ သရေ၊ နှစ်ပွဲ အနိုင်ရထား၏။ ကမ္ဘောဒီးယား အသင်းမှာမူ မြန်မာအသင်းနှင့် မယှဉ်ပြိုင်မီခင်အထိ (၂) ပွဲ ကစားထားပြီး ဖြစ်၏။ တပွဲ သရေ၊ တပွဲ နိုင် ကစားထားနိုင်၏။ ရမှတ်အားဖြင့် မြန်မာအသင်းက (၇) မှတ်၊ ကမ္ဘောဒီးယား အသင်းက (၄) မှတ် ရရှိထား၏။
အုပ်စုကမှာ ဘယ်အသင်းတွေ ဆီမီးဖိုင်နယ် အဆင့် ရောက်နိုင်သည်ကို ခန့်မှန်းလို့ လွယ်ကူနေပေမယ့် အုပ်စု (ခ) မှာတော့ ခန့်မှန်းရ ခက်နေသေး၏။ ထိုင်း၊ ဗီယက်နမ်၊ အင်ဒိုနီးရှားတို့ အပြိုင် ဖြစ်နေ၏။ ဗီယက်နမ်က (၃) ပွဲကစား ရမှတ် (၉) မှတ်၊ ထိုင်း က (၃) ပွဲကစား (၆) မှတ်၊ အင်ဒိုနီးရှားကလည်း (၃) ပွဲကစား (၆) မှတ် အသီးသီး ရရှိထားကြ၏။ အခြား နာမည်ကြီး အသင်း တသင်း ဖြစ်သည့် စင်ကာပူ အသင်းကတော့ အုပ်စု အဆင့်ကနေ လှည့်ပြန်ရမည့် ပုံသာ ရှိ၏။ အဘယ်ကြောင့်ဆိုသော် (၃) ပွဲ ကစားပြီး ရမှတ် (၁) မှတ်သာ ရထားခြင်းကြောင့် ဖြစ်၏။ အုပ်စု (ခ) မှာ အသင်းပေါင်း (၆) သင်း ပါဝင်၏။ ထို့ကြောင့် တသင်းကို (၅) ပွဲစီ ကစားရမည် ဖြစ်၏။
အုပ်စု (က) ထက်စာလျှင် အုပ်စု (ခ) က ပိုပြီး စိတ်ဝင်စားဖို့ ကောင်းသည်ဟု ဆိုလို့ ရ၏။ ခြေရည်တူ အသင်း (အသင်းကြီး) များ စုနေကြသည်ကိုး။ ထိုင်း၊ ဗီယက်နမ်၊ အင်ဒိုနီးရှား (၃) သုံးမှာ ဘယ်အသင်း အုပ်စုကနေ ကျွတ်လွတ်မည်ကို ခန့်မှန်းရ ခက်နေသေး၏။ ထပ်မံ ယှဉ်ပြိုင်ကစားရန် (၂) ပွဲ စီ ကျန်နေကြသေးသည်ကိုး။ အသင်းငယ်များနှင့် ယှဉ်ပြိုင်ချိန်မှာ ရလာနိုင်သည့် ရလဒ်ထက် အသင်းကြီး အချင်းချင်း တွေ့သည့်အချိန်မှာ ဖြစ်ပေါ်လာနိုင်သည့် ရလဒ်က အုပ်စု တက်ရေး အဆုံးအဖြတ် ဖြစ်သွားနိုင်၏။ အုပ်စု (ခ) က အသင်းတော်တော်များများ အဖို့ ပွဲကြပ်တွေ များသည် ဟု ဆိုလို့ ရ၏။
မြန်မာ အသင်းက အုပ်စု (က) မှာ ပါဝင်နေလို့ တော်သေးသည်ဟု ပြောလျှင် ပြောလို့ ရသော်လည်း တကယ့် တကယ် မြန်မာအသင်း ပါဝင်ယှဉ်ပြိုင်နေရသည့် အုပ်စုသည်လည်း မချောင်လှပေ။ အိမ်ရှင် ဖိလစ်ပိုင်၊ နာမည်ကြီး မလေးရှား၊ နောက်ပိုင်း ခြေစွမ်းပိုင်း တောက်လျှောက် တက်လာသည့် ကမ္ဘောဒီးယား တို့နှင့် တအုပ်စုထဲ ဖြစ်နေခဲ့သည်ကိုး။
ဆက်ပါဦးမည်
Don Jaun
MSC 31