အသင်း (၃) သင်း ရမှတ်တူ အနေအထားအရ အုပ်စု နောက်ဆုံးပွဲစဉ်များ ယှဉ်ပြိုင်ကစားပြီးသည့်တိုင် အမှတ်တူနေပါက ဂိုးအရေအတွက်က စကားပြောလာနိုင်သည်ကိုး။ ဖိလစ်ပိုင် အနေနှင့် တီမောအသင်းက ခက်ခဲသော ပြိုင်ဘက်ဟု မဆိုနိုင်သော်လည်း လွယ်ကူူသော ပြိုင်ဘက်တော့ မဟုတ်ပေ။ လိုအပ်သည့် ဂိုးတွေကို လိုအပ်သလို သွင်းနိုင်ဖို့က လွယ်ကူသည့် ကိစ္စရပ်တော့ မဟုတ်ပေ။ အရှေ့တီမော အသင်းကလည်း ရှူးပါ၊ သွင်းပါ ဆိုပြိး အလွယ်လေး ခွင့်ပြုမှာတော့ မဟုတ်ပေ။ ထို့ကြောင့် ဖိလစ်ပိုင် အနေနှင့် နောက်တဆင့် တက်ရေးအတွက် အနိုင် (၃) မှတ် အပြင် သွင်းဂိုးများလည်း ရသလောက် သွင်းနိုင်ဖို့ လို၏။
တဖက်မှာလည်း မလေးရှား အနေနှင့် နောက်တဆင့် တက်နိုင်ဖို့ ကမ္ဘောဒီးယားကို အနိုင်ကစားနိုင်ဖို့ လိုအပ်နေ၏။ နာမည်ကြီး မလေးရှား အနေဖြင့် အုပ်စု အဆင့်ကနေ လှည့်မပြန်ရေးသည် ယခု ပွဲက တကယ့်ကို အရေးပါလှ၏။ ကမ္ဘောဒီးယား အနေဖြင့်လည်း မလေးရှားကိုသာ အနိုင်ကစားနိုင်လျှင် နောက်တဆင့်ကို မျှော်မှန်း နိုင်နေသေး၏။ ထို့ကြောင့် ထို (၂) သင်း၏ ယှဉ်ပြိုင်ကစားမှုက တကယ့်ကို စိတ်ဝင်စားဖွယ် အပြည့်ပင်။ ကမ္ဘောဒီးယား၏ လက်ရှိ ခြေစွမ်းအရ မလေးရှားကို ကောင်းကောင်း ယှဉ်ကစားနိုင်၏။ (၂) ရက်နေ့က မြန်မာအသင်းနှင့် ကစားသွားသည့် ခြေစွမ်းအတိုင်းသာဆိုလျှင် မလေးရှား အသင်းဖို့ နောက်တဆင့် တက်ရေးသည် ခက်ခဲနိုင်၏။
ခြေရည်တူ ယှဉ်ကစားနိုင်သည့် ကမ္ဘောဒီးယား၏ ခြေစွမ်းသည် မလေးရှားကို အိမ်ပြန်စောသွားစေနိုင်၏။ ထိုပွဲစဉ်ကတော့ စောင့်ကြည့်ရမည့် စိတ်ဝင်စားဖွယ် ပွဲကောင်းတပွဲ ဖြစ်မည်မှာ အသေအချာပင်။ အုပ်စု (က) မှ ရယ် မဟုတ်။ အုပ်စု (ခ) ကလည်း ပြိုင်ဆိုင်မှု ပြင်းထန်လှ၏။ ရှေ့ရက်က ရေးထားခဲ့ပြီးသည့်အတိုင်း အသင်းကြီးများ တအုပ်စုထဲ ကျရောက်နေမှုက အုပ်စု (ခ) ကို အုပ်စု (က) ထက် ပြိုင်ဆိုင်မှု ပြင်းထန်သွားစေခြင်း ဖြစ်၏။ ထိုင်း၊ ဗီယက်နမ်၊ အင်ဒိုနီးရှား၊ စင်ကာပူ၊ လာအို၊ ဘရူနိုင်း အသင်း (၆) သင်း ယှဉ်ပြိုင် ကစားကြခြင်း ဖြစ်၏။
နောက်တဆင့် တက်ရေးအတွက် ထိုင်း၊ ဗီယက်နမ်၊ အင်ဒိုနီးရှားတို့ အပြိုင်အဆိုင် ဖြစ်နေ၏။ ဒီကြားထဲ နောက်ပိုင်း ခြေစွမ်းထက်လာသည့် လာအိုကလည်း ဖျက်မြင်းအဆင့်ရှိ၏။ စင်ကာပူကတော့ ဘာလို့ရယ် မသိ ဒီနှစ် ခြေစွမ်းက အားရစရာ မရှိလှပေ။ စောစောစီးစီး အိမ်ပြန် ရဖို့ ရှိနေ၏။ (၃) ရက်နေ့မှာတော့ အုပ်စုက ပွဲစဉ်များ ယှဉ်ပြိုင်ကစား၏။ (၃) ရက်နေ့ ပွဲစဉ်များ မတိုင်မီအထိ ရလဒ်များ အရ ဗီယက်နမ်က အုပ်စု ပထမနှင့် အုပ်စု (ခ) ကို ဦးဆောင်နေ၏။ ထိုင်းနှင့် အင်ဒိုနီးရှားတို့က (၆) မှတ်စီဖြင့် အုပ်စု ဒုတိယ နေရာမှာ အသီးသီး ရပ်တည်နေကြ၏။
အုပ်စု (ခ) သည်လည်း နောက်ဆုံးပွဲစဉ်အထိ ပြိုင်ဆိုင်မှု ပြင်းထန်နေဦးမည့် ပုံပင်။ ဗီယက်နမ် အနေဖြင့် အုပ်စု လက်ရှိ အခြေအနေမှာ အုပ်စု ပထမ ရယူထားနိုင်သေးသည်ဆိုပေမယ့် ယှဉ်ပြိုင်ကစားဖို့ နောက်ထပ် (၂) ပွဲ ကျန်နေသေး၏။ သို့ပေမယ့် ကျန် (၂) သင်းထက် စာလျှင် ဗီယက်နမ်က နောက်တဆင့်တက်ရောက်နိုင်ဖို့ အခွင့်အလမ်းက တော်တော်လေး များသွားပြီ ဖြစ်၏။ ထိုင်းနှင့် အင်ဒိုနီးရှား အသင်းသာ နောက်တနေရာအတွက် အကြိတ်အနယ် ယှဉ်ပြိုင်ရဖွယ် ရှိနေ၏။ သို့ပေမယ့် ဘာမဆို ဖြစ်သွားနိုင်သည့် ဘောလုံး အားကစားမှာ အရာရာကို ယတိပြတ် ပြောနိုင်ဖို့ကတော့ စောနေသေး၏။
ဆက်ပါဦးမည်
Don Jaun
MSC 31