နေ့လည် (၁၂) နာရီလောက် ပြန်ဆုံပြီ ပြောထားသည့် ကိုသက် နေ့လည် (၁) နာရီခွဲကျော်သွားသည်အထိ ဆက်သွယ်လို့ မရသေးပေ။ ကျနော်မှာလည်း အခန်းပဲ ပြန်တက်နားရမလို၊ အောက်ထပ် ဧည့်ဆောင်မှာပဲ ဆက်စောင့်နေရမလို ဖြစ်နေ၏။ အိပ်ရေးက သိပ်မ၀သေး ပြန်တက်သွားပြီး အိပ်လျှင် ကောင်းမလားပေါ့။ ခဏနေ ကိုသက် ရောက်ချလာပြန်လျှင်ကော ဆိုပြီး တွေးနေရသေး၏။ သို့နှင့် မထူး ပါဘူး ဆိုပြီး အောက်ထပ် မှာပဲ ဆက်စောင့်နေလိုက်၏။ Mdy ကို ဘယ်သူတွေများ ရောက်နေပြီလဲဟု Group ထဲမှာ လိုက်မေးကြည့်၏။ ဦးယုက ဆက်သွယ်လာ၏။ သူ လာခဲ့မည် ဖြစ်ကြောင်း ပြော၏။
ဦးယုနှင့် အဆက်အသွယ် ရပြီး တအောင့်နေတော့ သူရောက်လာ၏။ ဒါတောင် ဦးယုက နေရာမှားနေသေး၏။ ဒီလောက် ရှုပ်ယှက်ခတ်နေသည့် Mdy မှာ ဆိုင်ကယ် မောင်းရဲသည့် ဦးယုကိုတော့ ချီးကျူးရပေမည်။ သူက Mdy က မဟုတ်ပေ။ သူက ဂျိမ်းစဘွန်းလိုတော့ မကြမ်းပေ။ သို့ပေမယ့် ဦးယု ဆိုင်ကယ်မောင်းပုံက အလွန်မှပဲ နှေး၏။ Mdy လို မြို့ကြီးမှာ နှေးနှေးလေး မောင်းခြင်းကလည်း ပြဿနာပင် ဖြစ်၏။ သို့ပေမယ့် သူ့ဟာနှင့်သူတော့လည်း ဟုတ်နေ၏။ ဂျိမ်းစဘွန်းနောက် ဆိုင်ကယ်လိုက်စီးတုန်းက ခံစားရသည့် ခံစားမှုမျိုး ထပ်ရ၏။ Mdy ကတော့ ကျနော့်ကို မပြောင်းလဲသည့် ပုံစံနှင့် ကြိုဆို၏။
ဦးယုနှင့် လက်ဖက်ရည်ဆိုင်သွားထိုင်၏။ မနက်က ကိုသက်၊ ကိုဟင်တို့နှင့် ထိုင်ခဲ့သည့် ဆိုင် ဖြစ်၏။ တအောင့်နေမှ ကိုသက် ဆီက phone ရ၏။ ဆရာ သမားက အိပ်ပျော်နေခြင်း ဖြစ်၏။ ကိုသက်ရောက်လာပြီးနောက် ကျနော်တို့ လုပ်စရာရှိ၊ ၀ယ်စရာ ရှိသည်များကို ၀ယ်၏။ ညနေ ကိုဟင်ပွဲလေး အတွက်ကိုပေါ့။ ပွဲ မစခင် ညနေ (၅) နာရီ၊ (၆) နာရီလောက်မှာ တော့ MSC မှ အခြား မိသားစုဝင်များလည်း ရောက်လာပြီ ဆို၏။ သို့နှင့် ကျနော်လည်း ပစ္စည်းများကို စုပြီး ကိုဟင်၏ မင်္ဂလာ ညစာ စားပွဲကျင်းပရာသို့ ထွက်လာခဲ့လိုက်၏။
photo from Google
ကိုဟင်၏ ညစာ စားပွဲလေးက လုံးဝကို ပြီးပြည့်စုံ၏။ တော်တော်လေးလည်း အဆင်ပြေ၏။ နှစ်ဖက် အသိမိတ်ဆွေများ စုံစုံလင်လင် တက်ရောက်ပေးကြ၏။ နီးကပ် ရင်းနှီးသည့် သူများသာ ဖတ်ထားသဖြင့် လူနည်းနည်း စုစုနှင့် ငြိမ်ငြိမ်လေးပင် ဖြစ်၏။ သို့ပေမယ့် စည်ကား၏။ နွေးထွေး၏။ ည (၇) နာရီမှ (၁၀) နာရီထိ စားကြ၊ သောက်ကြပြီး သကာလ အားလုံး ကိုယ်စီ ပြန်ကြဖို့ ဖြစ်၏။ ထိုညမှာပင် အဖွဲ့ဝင် အားလုံးကို တပါတလည်း နှုတ်ဆက်ခဲ့၏။ အဘယ်ကြောင့် ဆိုသော် ကျနော်က မနက်ကားနှင့် Tgi ပြန်မည် ဖြစ်သောကြောင့် ဖြစ်၏။
MSC မှ ညီလေးများက ကျနော့်ကို တည်းခိုသည့် ဟိုတယ်သို့ လိုက်ပို့ပေးကြ၏။ သို့သော် တော်တော်လေး ပင်ပန်းနေသော ကျနော်က ဟိုတယ်သို့ မပို့ခိုင်းပဲ Health Center သို့ ပို့ပေးရန်သာ မှာလိုက်၏။ ပင်ပန်းနွမ်းနယ် အညောင်းအညာ ပြေရန် အနှိပ်ခံဖို့ ဖြစ်၏။
ဆက်ပါဦးမည်
Don Jaun
MSC 31