သူတို့ အိပ်မှ အမေလည်း နားရမည် ဆိုပေမယ့် ခဏ တဖြုတ်ပဲ နားရခြင်း ဖြစ်၏။ ခဏတဖြုတ်လေး အိပ်လိုက်ပြီး ညစာ ချက်ဖို့က စီစဉ်ရဦးမည် မဟုတ်လား။ အိမ်ရှင်မ လုပ်ရသည်မှာ မလွယ်ပေ။ ပင်ပန်း၏။ အိမ်ပြင်ထွက် စီးပွားရှာနေသူလိုပင် သူ့မှာလည်း စဉ်စားရ၏။ တနေ့ တနေ့ ဘာချက် ရမလဲပေါ့။ ဟင်းကလည်း ထပ်နေလို့ မရပြန်ဘူးကိုး။ စားကောင်းအောင်ကလည်း ချက်ရသေးတယ်။ တနေ့တနေ့လည်း တကုတ်ကုတ်နှင့် လုပ်နေ ချက်နေရ၏။ ညကျပြန်တော့လည်း နောက်တနေ့အတွက် ဘာချက်ရမလဲကိုက စီမံရသေး၏။ ထိုမျှ အလုပ်ရှုပ်နေပေမယ့် ကောင်းကောင်း အိပ်မပျော်တော့ ဆိုးလှ၏။ ကောင်းကောင်း အနားရဖို့ လို၏။
ဆိုခဲ့သလို အိမ်မှာ အိပ်ရေးအ၀ဆုံး ကောင်းကောင်း အိပ်ရဆုံးက အဖေ ဖြစ်၏။ ကျနော်က ကောင်းကောင်း အိပ်လို့ ရပေမယ့်လည်း ဆိုခဲ့ပြီးသည့်အတိုင်း တနေ့တနေ့ ဘာတွေ လုပ်နေမှန်း မသိသောကြောင့် အိပ်ရေးက မ၀ပေ။ ကျနော့် အိပ်ချိန်က တနေ့ကို အများဆုံး (၆) နာရီတော့ ရှိပါ၏။ အနည်းဆုံး မဟုတ်တာလေး တခုထဲပါ။ တကယ်တမ်းတော့ အိပ်ချိန် (၆) နာရီက နည်းလွန်း၏။ ထိုအချက်ကတော့ မဖြစ်မနေ ပြင်ရမည့် အချက် ဖြစ်၏။ အိပ်မယ် အိပ်မယ် တွေးတွေးထားပြီး ပြင်မယ် ပြင်မယ် တွေးတွေးထားပြီး ဒုန်ရင်း ဒုန်ရင်း ဖြစ်ဖြစ်သွား၏။ ညဆိုလျှင် (၁) နာရီလောက် နေမှ အိပ်ဖြစ်၏။ တခါတလေ ထိုထက် နောက်ကျသေး၏။
photo from Google
ည (၁) နာရီကျော်မှ အိပ်ဖြစ်ပြီး မနက်ကို (၇) နာရီထ၏။ တခါတလေ နေ့လည်နေ့ခင်း ခဏ တဖြုတ် အိပ်ချိန်တော့ ရ၏။ အတန်းချိန် ဆက်နေသည့် ရက်မျိုးဆိုလျှင်တော့ နေ့လည်ခင်း အိပ်ချိန် မရပေ။ ထိုကဲ့သို့သော ရက်မျိုးဆိုလျှင် ညနေဖက် အတန်းချိန်မှာ လူက အနည်းငယ် ငိုက်မိတော့၏။ မနည်းကို ပြန်ပြန် ထိန်းရ၏။ ထိုအချိန်လေးမှာသာ အိပ်လိုက်ရလျှင်တော့ ကောင်းလိုက်မယ့် ဖြစ်ခြင်းဟု တွေးမိ၏။ သို့သော် မဖြစ်နိုင်ပေ။ အတန်းချိန် တာဝန်ချိန်က ရှိသေးသည် မဟုတ်လား။ ငယ်စဉ် ကျောင်းသား ဘ၀တုန်းကလို မျိုး မဟုတ်တော့ဘူး မလား။
ငယ်စဉ်တုန်းကတော့ ကိုယ်က သင်ယူရသူ၊ ခုက ကိုယ်က ပြန်သင်ပေးရသူ ဆိုတော့ အခြေအနေက မတူတော့ပေ။ ငယ်တုန်းက အတန်းချိန် မသွားလိုလျှင်၊ ပျက်ချင်လျှင်လည်း ရသေး၏။ ခုက ထိုသို့ မဟုတ် ကိုယ့်ကို စောင့်နေမယ့် ကလေးတွေက ရှိသေးသည် မဟုတ်လား။ ယခု ဆရာဘ၀ ရောက်လာမှ ဆရာတွေ အဖြစ်ကို ကိုယ်ချင်းစာမိ၏။ ကျနော့် အတွက် အခက်အခဲဆုံး အချိန်ကတော့ မနက်ဖက် အိပ်ယာထချိန် ဖြစ်၏။ အတန်းသွားဖို့ ရှိနေလို့သာ မနည်း ထယူနေရခြင်း ဖြစ်၏။ ဖြစ်နိုင်လျှင် ဆက်အိပ်ချင်သေး၏။ သို့ပေမယ့် မရပေ။ မနက်ဖက် အတန်း မရှိသည့် ရက်မျိုးဆိုလျှင်တော့ ဆက်အိပ်၏။ အိပ်သည့် အအိပ်မှ အမေ မနိုးမချင်းကို အိပ်ခြင်း ဖြစ်၏။
ယခု (၂၀၁၉) ထဲမှာ ပြင်ဆင်ရမည့် အချက်များထဲတွင် အနှီ အိပ်စက်ချိန်လည်း ပါ၏။ အိပ်ချိန် မှန်အောင် လုပ်ဖို့ကိုပေါ့။ အိပ်ချိန်မှန်မှ စားချိန်လည်း မှန်မည် မဟုတ်လား။ အမေကလည်း ကျနော်နှင့် ပတ်သက်လို့ ဒါကိုပဲ အမြဲ ပြောနေရ၏။ ကျနော်လည်း ပြင်မယ်ဟု စဉ်းစားထား၏။ ပြင်မယ် ပြင်မယ်နှင့် March လထဲတောင် ရောက်လို့ လာပြီ ဖြစ်၏။ ယခု စာသင်နှစ် ပြီးလျှင်တော့ ဒီကိစ္စကို သေချာလေး အလေးပေး လုပ်ဆောင်ရမည် ဖြစ်၏။ ကျန်းမာခြင်းသည် လာဒ်ကြီးတပါး မဟုတ်လား။ ကျန်းမာမှ အလုပ်များကို သေချာ လုပ်နိုင်မည် မဟုတ်လား။ ကျန်းမာနေဖို့ အိပ်ချိန်၊ စားချိန် မှန်မှန်နှင့် ကစားခုန် အားကစားကိုလည်း သေချာလည်း လုပ်ဖို့ လုပ်မည် မဟုတ်လား။
Don Jaun
MSC 31