အဆိုးဆုံးက အထွေးပင်။ သူက ယခင်ကတည်းက ၀ုန်းဝုန်းဒိုင်းဒိုင်းသမား။ အပြင်မှာ မဆုံဖူးပေမည့် သူသည် စိတ်မြန်လက်မြန် လူဖြောင့် စိတ်တိုသမား တယောက် ဖြစ်မည်ဟု ကျတော် ထင်၏။ သူက ကျန် ဆရာသမား (၂) ယောက်ထက်ကို ပိုကြမ်းပြနေ၏။ မသိလျှင် SBD ပါသွားတာ ကျတော် မဟုတ်ပဲ၊ သူပါသွားသည့် အတိုင်းပင်။ ထိုကဲ့သို့ အထွေးက ကြမ်းလိုက်၊ မြင့်လွင်စိုးက အော်လိုက်၊ သက်ထူးအောင်က မြှောက်ပေးလိုက်ဖြင့် Discord chat တခုလုံး ကျတော်တို့ message တွေဖြင့် ပြည့်လို့သွား၏။ chat group ထဲမှ အခြား လူတယောက်က ဘာလို့ အဲ့လောက် serious ဖြစ်နေသနည်းဟု ၀င်မေးတော့ ဆရာသမားတွေက တညီတညာတည်း မင်း message တွေ မဖတ်ဖူးလားဟု ပြန်ဖြေကြ၏။ အနှီ ပုဂ္ဂိုလ်လည်း လန့်သွားသည် ထင်၏၊ နောက်ထပ် ဘာမှ ၀င်မပြောတော့ပေ။
ထိုကဲ့သို့ ကျတော်တို့ ၀ုန်းဒိုင်းကြမ်းနေစဉ်မှာပင် ကျတော့်လို ဖြစ်သွားသော နောက်ထပ် user တယောက်ပါ သူ့ ကိစ္စလည်း ၀င်ရောက် ပြောဆို၏။ ထိုအချိန်ထိ သက်ဆိုင်ရာ တာဝန်ရှိသူများ မည်သူမျှ ၀င်ရောက် ပြောဆို ဖြေရှင်းခြင်း မရှိသေးပေ။ ထိုအခါ ကျတော်တို့ အဖွဲ့က သာ၍ ပိုကာ ယခင်ကထက် ပိုမို ကြမ်းကြတော့၏။ တခြား မနေနိုင်သော သူများကပါ တာဝန်ရှိသူများကို mention ခေါ်ပေးရသည်အထိပင်။ ထိုသို့ ကျတော်တို့ အားရပါးရ ပြောဆိုနေချိန်မှာပင်။ ညီမလေး က ကျတော့် message box သို့ လာပြီး အကို ရေ ... သူတို့က ဒီအချိန် လူမစုံသေးဘူး။ ညနက်မှ ဆုံကြတာ ဟု ပြော၏။ ဟုတ်သား ... ကိုယ့်ကိစ္စကိုသာ အာရုံစိုက်မိနေသဖြင့် time zone ကို မေ့သွား၏။ သူတို့လည်း သတိထားမိသွားပြီ ဖြစ်သဖြင့် အထွေးတို့အား နည်းနည်း လျှော့ကြရန် သွားပြောရသေး၏။ ဒါတောင် ကိုယ့်ဆရာက မလျှော့သေးချင်။ ဒီကောင်တွေက အဲ့လို ဖြဲမှ ရတာ ဟု ပြောနေသေး၏။ ထို့ကြောင့်ပင် ကိုဟင်က ရွာခံလူမိုက်ဟု သူ၏ စာထဲ၌ ထည့်ရေးခြင်း ဖြစ်မည်။ ( ကျေးဇူးတင်ပါသည် ညီလေးတို့ )
photo from ZEDGE
error တက်ပြီး တနာရီလောက်နေတော့ သက်ဆိုင်ရာ တာဝန် ရှိသူ ရောက်လာ၏။ ကျတော်၊ နောက် ကျတော့်လို ဖြစ်သည့် တယောက်ကို သူ၏ Discord personal chat သို့ လာပြောရန် reply လုပ်၏။ သူ mention ခေါ်သည့် အထဲ၌ အထွေးပါ ပါနေသည်က ရယ်ဖို့ ကောင်း၏။ အေးလေး အထွေးကလည်း ရှယ်ကြမ်းထားတာကိုး။ ကျတော်လည်း ထိုသူ၏ chat box သို့ သွားပြီး ဖြစ်စဉ်များကို screenshot နှင့် တကွ ပြောပြပေးလိုက်၏။ ထိုသူက သူ Admin များကို လှမ်းပြောထားလိုက်မည် ဆို၏။ မိနစ်ပိုင်းနေတော့ သူပြောထားပေးပြီ ဖြစ်ကြောင်း၊ မကြာမီ reply ပြန်လိမ့်မည် ဖြစ်ကြောင်း ပြော၏။ အတိုချုပ်ပြောရသော် နောက်တနေ့ ( ၂၄ နာရီ ကြာပြီးနောက် ) ရောက်မှ မပြောမဆို ပျောက်သွားသော 20 SBD သည် ကျတော့် steem wallet သို့ ပြန်လည် ရောက်ရှိလာခဲ့၏။
ကျတော့် 20 SBD ကိစ္စကြောင့် Admin တွေကော၊ Sub group Leader တွေကော၊ MSC အဖွဲ့ဝင်တွေကော မည်သူမှ အငြိမ်မနေရပေ။ ကျတော့် ကိစ္စကို သူတို့ ကိစ္စအလား စိတ်ပူပေးကြ၏။ အကြံဥာဏ် ပေးကြ၏။ ၀င်ရောက် ပြောဆိုပေးကြ၏။ အလွန်မှပင် ချစ်ဖို့ကောင်းသော အလွန်မှပင် ကျေးဇူးတင်ဖို့ ကောင်းသော MSC ပါလေ။ Steemit platform ဖြင့် ငွေကြေးအားဖြင့် အကျိုးအမြတ် တစုံတရာ လောက်လောက်လားလား မရနိုင်၊ မပြနိုင်သေးသော်လည်း ယခုလို ကျတော် အခက်အခဲ ကြုံလျှင် ကူညီမည့် အသိမိတ်ဆွေများ ကျတော် ပိုင်ဆိုင်ထားနေပြီ၊ ရှိနေပြီ မဟုတ်လား။ ထိုကဲ့သို့ မိတ်ဆွေများကို ကျေးဇူးတင်ရသလို ထိုကဲ့သို့ မိတ်ဆွေများနှင့် ဆုံဆည်းခွင့် ရစေသည့် steemit ကိုလည်း ကျေးဇူးတင်ရပေလိမ့်မည်။ မတော်တဆများ steemit platform ကြီး ပျက်သွားလျှင်တောင် ကျတော့်မှာ အသိမိတ်ဆွေများ များစွာ ကျန်ခဲ့မည် ဖြစ်သဖြင့် ကျတော့်တွင် အရှုံးမရှိဟု ရဲရဲကြီးကို ပြောလိုလှ၏။ ဆရာမောင်ချောနွယ်၏ စကားလေး ရှိသည် မဟုတ်လား။
“ ဘ၀မှာ
လေးငါး ခြောက်ခု မလိုပါဘူး
နှစ်ခုပဲ
ချစ်သူ စစ်စစ်နဲ့ ရန်သူ စစ်စစ်
ဒီနှစ်ခုပဲ ”
ယခု ကျတော့်တွင် ချစ်သူ စစ်စစ်များ ရှိနေပြီ မဟုတ်လား။
ကျတော့်အား ကူညီပေးခဲ့သော တယောက်ချင်းစီတိုင်းကို ကျေးဇူးတင်လျက်
Don Jaun
MSC 31