(၁၀) ရက်နေ့ ဒေသ စံတော်ချိန် နေ့လည် (၂) နာရီခွဲမှာတော့ ဆီးဂိမ်း အမျိုးသား ဘောလုံး ပြိုင်ပွဲ တတိယ လုပွဲ ကျင်းပ၏။ မြန်မာအသင်းနှင့် ကမေ္ဘာဒီးယား အသင်းတို့ ယှဉ်ပြိုင်ကစားကြ၏။ ထို (၂) သင်း အုပ်စုတွင်း တွေ့ဆုံမှုမှာတော့ မြန်မာအသင်းက (၂-၁) ဂိုးနှင့် အနိုင်ရခဲ့၏။ အနိုင်ရခဲ့သည် ဆိုပေမယ့် လွယ်လွယ်ကူကူ အနိုင်ရခဲ့သည်တော့ မဟုတ်ပေ။ ကမေ္ဘာဒီးယား အသင်း၏ တိုးတက်လာသော ခြေစွမ်းပိုင်းက မြန်မာ အသင်းအတွက် အခက်အခဲ တွေ့စေခဲ့၏။ အုပ်စုတွင်း တွေ့ဆုံမှုမှာ အကြိတ်အနယ် ရှိခဲ့သလို တတိယ လုပွဲမှာလည်း ပြိုင်ဆိုင်မှု ပြင်းထန်ခဲ့၏။
နှစ်သင်းလုံး အခွင့်အရေး ကိုယ်စီ ရရှိခဲ့သော်လည်း အဆုံးသတ် ဂိုးသွင်းယူမှု အပိုင်းမှာတော့ အားနည်းခဲ့ကြ၏။ ပိုသိသာသည်ကတော့ မြန်မာအသင်း ဖြစ်၏။ ကစားပုံက တော်တော်လေး လျော့တိလျော့ရဲနိုင်၏။ ကြိုးစား အားထုတ်မှု ကောင်းပေမယ့် စိတ်ဓါတ်ပိုင်း ဆိုင်ရာမှာတော့ အားနည်းခဲ့သည်ဟု ပြောလို့ ရ၏။ ပွဲစစချင်းမှာပင် ကမေ္ဘာဒီးယား၏ သွင်းဂိုးကို ခွင့်ပြုပေးလိုက်ရပြီး နောက်ကနေ လိုက်ကစားခဲ့ရ၏။ သို့ပေမယ့် ပထမပိုင်းမှာတင် သရေဂိုးနှင့် အနိုင်ဂိုးများကို သွင်းယူနိုင်ခဲ့ပြီး တဖန်ပြန်လည် ပွဲကို ဦးဆောင်နိုင်ခဲ့၏။ မြန်မာအသင်း၏ ပထမပိုင်း ကစားပုံက အတော်လေးကို ကောင်း၏။ ကမေ္ဘာဒီးယားကို ကောင်းကောင်း ဖိအားပေး ကစားနိုင်ခဲ့၏။
ပထမပိုင်းမှာ ဂိုးများ ထပ်မံ ရယူနိုင်သည့် အခြေအနေများ ရှိခဲ့ပေမယ့် အဆုံးသတ် မသေချာမှု ကြောင့် (၂) ဂိုးနှင့်သာ ကျေနပ်လိုက်ရ၏။ ဒုတိယပိုင်း ပြန်အစမှာတော့ မြန်မာအသင်းက လူစားလဲမှု တခု လုပ်လိုက်၏။ တကယ့်ကို မထင်မှတ်ဖွယ် ပြောင်းလဲမှု ဖြစ်၏။ အသင်း ခေါင်းဆောင် လှိုင်းဘိုဘိုကို လူစား လဲလိုက်ခြင်း ဖြစ်၏။ ကွင်းလယ်ကနေ ဘောလုံး အဓိက ဖြန့်ေ၀ပေးနေသည့် လှိုင်းဘိုဘိုကို လူစားလဲ လိုက်သဖြင့် မြန်မာအသင်း၏ ဘောလုံး လမ်းကြောင်း အနည်းငယ် ကြပ်၊ ကြန့်ကြာ သွားခဲ့ရ၏။ လှိုင်းဘိုဘို၊ လွင်မိုးအောင် (၂) ယောက် ကွင်းလယ်ကနေ လွင်မိုးအောင် တယောက်ထဲက ထိန်းကြောင်း ပေးပို့ရသည့် ပုံစံသို့ ပြောင်းသွားခဲ့၏။
ထို့ပြင် မြတ်ကောင်းခန့်ကိုပါ လူစားလဲလိုက်တော့ မြန်မာအသင်း၏ တိုက်စစ်က ငြိမ်သွားတော့၏။ မြတ်ကောင်းခန့်ကို မလဲခင် တိုက်စစ်မှူး အောင်ကောင်းမာန်ကို လူစားလဲထားပြီး ဖြစ်၏။ အောင်ကောင်းမန်ကိုက ၀င်းနိုင်ထွန်းနှင့် လူစားလဲ လိုက်ခြင်း ဖြစ်၏။ ထို လူစားလဲမှုက သိပ်မသိသာပေမယ့် လှိုင်းဘိုဘိုနှင့် မြတ်ကောင်းခန့်ကို လူစားလဲလိုက်ခြင်းက အတော်လေး သိသာသွားခဲ့၏။ မြန်မာအသင်း၏ ကစားအား ကစားကွက်က လျော့သွားခဲ့၏။ ဖိကစားနေသည့် အဆင့်ကနေ ကိုယ်က ပြန်အဖိခံခဲ့ရသည့် အဆင့်သို့ ရောက်သွားခဲ့ရ၏။
နောက်ထပ် ယှဉ်ပြိုင်ကစားဖို့ မိနစ်များ ကျန်နေသေးပေမယ့် စောစီးစွာ အဓိက ကစားသမားများကို လဲလှယ်လိုက်ခြင်းက မြန်မာအသင်း၏ ကစားအားကို ကျသွားစေခြင်း ဖြစ်၏။ နောက်ပိုင်း မိနစ်များမှာ ကမေ္ဘာဒီးယားကသာ ဖိကစားခဲ့၏။ ထို့ကြောင့်ပင် မိနစ် (၇၀) အရောက်မှာ ပြစ်ဒဏ်ဘောကနေ တဆင့် ကမေ္ဘာဒီးယား အသင်း ခြေပဂိုး သွင်းယူသွားနိုင်ခဲ့၏။ မိနစ် (၉၀) အထိ (၂-၂) ဂိုး ရလဒ်နှင့်သာ ပြီးဆုံးသွားသဖြင့် ပင်နယ်တီ ကန်သွင်းယူကြ၏။ အချိန်ပို (၁၅) မိနစ် မကစားတော့ဘဲ ပင်နယ်တီနှင့် အဆုံးအဖြတ် ခံယူစေခြင်း ဖြစ်၏။
ပယ်နယ်တီမှာတော့ ကံကောင်းစွာပင် ကမေ္ဘာဒီးယား အသင်းခေါင်းဆောင်၏ နောက်ဆုံး ပယ်နယ်တီက တိုင်ထိ ထွက်ခဲ့ရတော့၏။ ထို့ကြောင့် မြန်မာအသင်း တတိယဆု ကြေးတံဆိပ်ကို အရယူနိုင်ခဲ့၏။ မည်သို့ပင် ဆိုစေ ကျနော်တို့ မြန်မာအသင်း နိုင်ငံအတွက် ကြေးတံဆိပ်ဆု အရယူပေးနိုင်ခဲ့ပြီ ဖြစ်၏။ ကျေးဇူးတင်ပါတယ်။ ဂုဏ်ယူပါသည်။
Don Jaun
MSC 31