ဆယ်တန်း စာမေးပွဲကတော့ (၁၂) ရက်နေ့က ပြီးသွားခဲ့ပြီ ဖြစ်၏။ ဇီဝနှင့် ဘောဂ တွဲများ ဖြစ်၏။ အခြား ဘာသာတွဲများကတော့ ကျန်သေး၏။ ယနေ့ခေတ်မှာတော့ ထို ဘာသာတွဲ (၂) မျိုးကိုသာ ယူသူ ပိုပြီး များလာခဲ့ပြီ ဖြစ်၏။ အခြား ဘာသာတွဲများကိုတော့ ယူသူ နည်းသွားခဲ့ပြီ ဖြစ်၏။ အင်္ဂလိပ် အားနည်းသူများကတော့ အနှီ အခြား ဘာသာတွဲကို ယူကြ၏။ သို့သော် စာတော့ အတော်လေး ကျက်ရ၏။ မြန်မာလို ဖြစ်ပေမယ့်လည်းပေါ့။ ကျနော်တို့ တုန်းကတော့ ၀ိဇ္ဇာတွဲ ယူသူ ရှိသေး၏။ သို့သော် ထိုစဉ်ကတည်းကကို လူနည်းစုသာ ရှိ၏။ ယနေ့ အချိန်မှာတော့ ပိုပြီး နည်းသွားခဲ့ပြီ ဖြစ်၏။
စာမေးပွဲ မဖြေမီ လပိုင်းနှင့် စာမေးပွဲ ဖြေနေစဉ် ကာလများ၌ ထို ဆယ်တန်း ကျောင်းသားများသည် VIP များ ဖြစ်ကြ၏။ အိမ်ကလည်း ဂရုစိုက်သလို၊ အခြား သက်ဆိုင်ရာ ၀န်ထမ်းများ၊ လူကြီးများ၏ ဂရုစိုက်ခြင်းကိုလည်း ခံရ၏။ ပြောရလျှင် လုံးဝ အခွင့်ထူးခံ လူသားများ ဖြစ်၏။ ကျနော့် ဘ၀ရဲ့ အကြိုက်ဆုံး ကာလ အပိုင်းအခြားများထဲတွင် ထို ဆယ်တန်း ဖြေခဲ့တုန်းက အချိန်ကာလလည်း ပါ၏။ ဒီအတိုင်း ထိုအချိန်ကို ပြန်လွမ်းခြင်းသာ၊ ပြန်တော့ မဖြေချင်ပေ။
ဆယ်တန်း ကာလဆိုလျှင် အရက်ဆိုင်၊ ဘီယာဆိုင်များ ပိတ်ကြရသည် မဟုတ်လား။ ကလေးတွေ အတွက် ဆိုလားပဲ။ ကိုယ်တွေ ကလေးတွေ ဘ၀တုန်းကတော့ ထိုအကြောင်းကို မသိပေ။ ပိတ်ပေးသလား၊ မပိတ်ပေးသလားကိုပေါ့။ ဘာလို့ ပိတ်ပေးတာလဲ ဆိုသည့် အဆင့်ထိကိုပင် မရောက်လိုက်ပေ။ ကလေးတွေကတော့ သောက်မည် မဟုတ်ပေ။ လူကြီးများ သောက်ပြီး ဆူကြပူကြမည် ဆိုးသော်ကြောင့်ဟုတော့ ဆို၏။ သို့ဆိုပေမယ့်လည်း ကျနော် ဒီအသက်အရွယ်အထိ ဆယ်တန်းကာလမှာမှ ရွေးပြီး အရက်မူး သောင်းကျန်းနေသူကို ခုချိန်ထိ မတွေ့ဘူးပေ။
တကယ်သောင်းကျန်းချင်သူက ဆယ်တန်းကာလတွေ ဘာတွေ နားလည်နေမည် မဟုတ်ပဲ၊ သောင်းကျန်းမှာပဲလေ။ ထားပါလေ စာမေးပွဲကာလအတွင်း ထိုကဲ့သို့ ဆိုင်တွေ ပိတ်ထားလိုက်တော့လည်း တမျိုး တမည်တာ့ ကောင်း၏။ မကောင်းသည်က ဆိုင်တွေ အတွက်နှင့် သောက်တတ်သည့် လူကြီးတွေ အတွက်ပေါ့။ ဆိုင်တွေက တပတ်လောက် အရောင်းရငွေ လျော့နည်းသွားခြင်းနှင့် သောက်တတ်သည့် လူကြီး၊ လူငယ်တွေ အဖို့ ထိုင်စရာ နေရာ ပျောက်ခြင်း ဖြစ်၏။
တချို့ကတော့ ကိုယ့်ကို အိမ်မှာ ၀ိုင်းလိုက်ကြ၏။ အချို့တော့ တခါးတချက်လှပ်ပြီး မီးလေး မှိတ် တိုးတိုး တိတ်တိတ် ရောင်းသည့် ဆိုင်လေးတွေမှာ ထိုင်ကြ၏။ ထို တိုးတိုး တိတ်တိတ် ဆိုင်လေးတွေကတောင် လူရင်းမှ ဖွင့်ပေးခြင်း ဖြစ်၏။ မသိသူ လူစိမ်းဆိုလျှင် မဖွင့်ပေးပေ။ ကံမကောင်းလျှင် အရေးယူ ခံရနိုင်သည် မဟုတ်လား။ လွန်ခဲ့သော် နှစ်ကာလများအတွင်း ကျနော်တို့ မြို့လေးမှာ ဆယ်တန်း ကာလအတွင်း လုံးဝ ပိတ်သည့် ဆိုင်လေးများလည်း ရှိခဲ့သလို၊ ခိုးပြီး ဖွင့်သည့် ဆိုင်လေး တွေလည်း ရှိခဲ့၏။ သို့သော် မှတ်မိသလာက် တနှစ်ကတော့ လုံးဝကို ဆိုင်တိုင်း နီးပါး ပိတ်သည့် နှစ်လည်း ရှိခဲ့သေး၏။
ဆက်ပါဦးမည်
Don Jaun
MSC 31