Weekend Movie :: Secret Superstar
ဘ၀မှာ မိမိ ၀ါသနာပါရာနေုာက် မလိုက်ရ၊ မလုပ်ရတာလောက် ဆိုးတာ ရှိမယ် မထင်ပါဘူး။ တင်းကြပ်လွန်းတဲ့ မိဘတွေကြောင့် မိမိတို့ အိပ်မက်တွေ ပွင့်လန်းခွင့် မရပဲ ကြိတ်မှိတ် မျိုသိပ်ထားရတဲ့ အခိုက်အတန့်တွေ အချို့သားသမီးတွေမှာ ရှိတယ်။ မိသားစု တခုမှာ တဦးနဲ့ တဦး နားလည်မှု မပေးနိုင်ဘူးဆိုရင် ပျော်ရွှင်စရာတွေဟာလည်း လွင့်စင်ပျောက်ကွယ်သွားမှာ ဖြစ်ပါတယ်။
Insia Malik (Zaira Wasim) ဟာ သီချင်းဆိုရာမှာ ပါရမီ ရှိတဲ့ (၁၅) နှစ်အရွယ် မူစလင် မိန်းမပျိုလေး ဖြစ်ပါတယ်။ သူမမှာ အတန်းပညာ မရှိပေမယ့် အရာရာမှာ နားလည်ပေးပြီး သူမကို သိပ်ချစ်တဲ့ အမေ Najma (Meher Vij) တယောက် ရှိပါတယ်။ ထို့အတူ သူမမှာ တင်းကြပ်သော စည်းကမ်းများချမှတ်တတ်တဲ့ ချုပ်ချယ်သော ဖခင် Farookh (Raj Arjun) လည်း ရှိပါတယ်။ အဆိုးဆုံးက သူမ အဖေဟာ သူမ သိပ်ကြိုက်တဲ့ သီချင်းဆိုခြင်း ကိစ္စကို နည်းနည်းမှ မကြည်ဖြူသူ၊ လက်မခံသူ တယောက် ဖြစ်ပါတယ်။
တနေ့မှာ Insia ရဲ့ အတန်းဖော် Chintan Parekh (Tirth) က သူမကို ကျောင်းတကျောင်းရဲ့ အဆိုပြိုင်ပွဲ ကြေငြာတခုကို ယူဆောင်လာပေးခဲ့ပါတယ်။ အနိုင်ရသူဟာ laptop တလုံးနဲ့ တနှစ်စာ အခမဲ့ အင်တာနက် သုံးစွဲခွင့် ရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် သူမဟာ ထိုပြိုင်ပွဲ ပါဝင်ယှဉ်ပြိုင်ခွင့် မရခဲ့ပါဘူး။ သူမ အဖေရဲ့ ခွင့်ပြုချက် မရခဲ့လို့ပဲ ဖြစ်ပါတယ်။ Insia ကော၊ သူမရဲ့ မိခင်ကော ပြောရမယ်ဆို တအိမ်လုံး သူမတို့ရဲ့ ဖခင်ကို ကြောက်ရပါတယ်။ သူမရဲ့ ဖခင်ဟာ မထင်ရင် မထင်သလို သူမရဲ့ မိခင်ကို ရိုက်နှက်တက်ပါတယ်။
photo from Google
သို့ပေမယ့် Insia ကို သူမ အမေက laptop တလုံး ၀ယ်ပေးခဲ့ပါတယ်။ Insia ဟာ ထို laptop တလုံးနှင့် အချိန်များ ကုန်လွန်လေ့ရှိပါတယ်။ သီချင်းဆို ၀ါသနာပါတဲ့ သူမဟာ YouTube မှာ သီချင်းတွေ အားရင် အားသလို လစ်ရင် လစ်သလို တင်ပါတော့တယ်။ တင်းကြပ်တဲ့ သူမ အဖေကြောင့် သူမ မျက်နှာကို ဖော်ပြထားခြင်း မရှိပဲ၊ သူမ အမေ အကြံပေးတဲ့အတိုင်း niqab ၀တ်ပြီး secret superstar ဆိုတဲ့ နာမည်နဲ့ တင်ပါတယ်။ သို့မှသာ သူမ အဖေ မသိမှာ ဖြစ်ပါတယ်။
ပါရမီရှိသော သူမ အသံကြောင့် သူမ video ဟာ ကြည့်ရှုသူ အများကြီး၊ အားပေးသူ အများကြီး ရရှိခဲ့ပါတယ်။ ထိုအထဲမှာမှ music director တဦးဖြစ်တဲ့ Kumar (Aamir Khan) လည်း အပါအ၀င်ဖြစ်ခဲ့ပါတယ်။ Kumar က သူ့ကို ဆက်သွယ်လို့ရမယ့် phone number ကို သူမရဲ့ video အောက်မှာ comment ပေးခဲ့ပါတယ်။
photo from Google
တင်းကြပ်လွန်းတဲ့ ဖခင်ရဲ့ စည်းမျဉ်းတွေ အောက်မှာ Insia ဟာ သူမရဲ့ ရည်မှန်းချက်တွေကို အကောင်အထည် ဖော်နိုင်ပါ့မလား ဆိုတာကိုတော့ ပိတ်ကားထက်မှာ ဆက်လက်ရှုစားနိုင်ပါတယ်။ ကျတော်အများကြီး ပြောလိုက်ရင် ပေါ့သွားမှာ စိုးလို့ပါ။ ဒီကားမှာ Aamir Khan ကို ကျတော်တို့ မြင်တွေ့နေကြ ဇာတ်ရုပ်မျိုးနဲ့ မမြင်ရပါဘူး။ သို့ပေမယ့် သူဟာ မည်သည့် ဇာတ်ရုပ်မျိုးကို မဆို ကောင်းမွန်ပီပြင်အောင် သရုပ်ဆောင်တက်သူ ဖြစ်တာကိုတော့ ရုပ်ရှင်ချစ်သူတို့ သိရှိပြီးသား ဖြစ်ပါတယ်။ သူ့ဇာတ်ကားတိုင်း အသိ၊ ရသ တခုခု အမြဲ မျှဝေပေးလိမ့် ရှိတာမို့ ယခု ဇာတ်ကား ကနေလည်း မိတ်ဆွေတို့ တခုခုကို ရရှိသွားမှာ အသေအချာပါပဲ။ ကဲ … နောက်တပါတ် Weekend မှာ ပြန်ဆုံကြတာပေါ့။
Director
Advait Chandan
Cast
Aamir Khan, Zaira Wasim, Meher Vij, Raj Arjum, Tirth, Manuj Sharma, Mona Ambegaonkar