ဘ၀မှာ ပျော်ရွှင်စွာ နေထိုင်နိုင်ဖို့ ဆိုတာ လွယ်တဲ့ ကိစ္စ မဟုတ်ပါဘူး။ ဒါပေမယ့် တအားများ ခက်နေသလား ဆိုတော့လည်း မဟုတ်ပါဘူး။ ပျော်ရွှင်စွာ နေထိုင်တတ်ဖို့၊ နေထိုင်နိုင်ဖို့ဆိုတာ မိမိ ကိုယ်ကိုမှာပဲ မူတည်ပါတယ်။ ပျော်ရွှင်ခြင်း ဆိုတာ အပြင်က လာတာ မဟုတ်ပါဘူး။ အတွင်းက လာတာပါ။
Forrest Tucker (Robert Redford) ဟာ အသက် (၇၀) အရွယ်ရှိ တကိုယ်တည်း နေထိုင်သူ ဖြစ်ပါတယ်။ သူ့မှာ သူနှင့် သက်တူ ရွယ်တူ သူငယ်ချင်း (၂) ယောက် ရှိပါတယ်။ ဒါပေမယ့် သူတို့ဟာ မကြာ မကြာ မဆုံ ဖြစ်ပါဘူး။ မဆုံ ဖြစ်ဆို သူတို့ အလုပ်ကြောင့်ပါ။ သူတို့ဟာ အလုပ် အတူတူ လုပ်ကြပါတယ်။ အလုပ်အတူတူ လုပ်ပြီး ဘာလို့ မဆုံ ဖြစ်ကြတာလဲ ပေါ့။ သူတို့ လုပ်တဲ့ အလုပ်က ဘဏ်တွေကို ဓါးပြ တိုက်တဲ့ အလုပ် ဖြစ်နေလို့ပါ။ ဒါကြောင့် အလုပ်တခု ပြီးသွားတိုင်း သူတို့တွေ ကိုယ်စီ ကိုယ့်နေရာ ပြန်ပြီး တိတ်တဆိတ် ကိုယ်ယောင် ဖျောက်နေကြတာပဲ ဖြစ်ပါတယ်။ နောက် အလုပ် တခု စခါနီးမှသာ သူတို့တွေ ပြန်လည် ဆုံကြပါတယ်။ အလုပ် လုပ်ခါနီးမှ တွေ့၊ အလုပ်ပြီးတော့ ဝေစုခွဲ ကိုယ့်နေရာ ကိုယ်ပြန်ပေါ့။
အသက် (၇၀) အရွယ် လူကြီးတွေက ဘယ်လိုများ ဓါးပြ တိုက်ကြတာလဲပေါ့။ မှန်ပါတယ် ရုတ်တရက် တွေးကြည့်မိရင် မဖြစ်နိုင်တဲ့ ကိစ္စ ပါ။ ဒါပေမယ့် သူတို့က တကယ် ဓါးပြ တိုက်ကြတာပါ။ အဓိက လှုပ်ရှားသူကတော့ Forrest ပေါ့။ ဘဏ်ထဲဝင် ဓါးပြ တိုက်ရတာ သူပေါ့။ ခက်တာက ဓါးပြ တိုက်ခံရသူ (ဘဏ် ၀န်ထမ်း) ကလွဲရင် ကျန်တဲ့သူ ဘယ်သူကမှ ဓါးပြ တိုက်သွားတယ် ဆိုတာ မသိလိုက်ရတာပါ။ ဒါက တကယ်ကိုပဲ ထူးဆန်းလှပါတယ်။ Forrest ရဲ့ ကျွမ်းကျင်မှုလို့လည်း ပြောလို့ ရပါတယ်။ သေနတ် တချက် ဖောက်စရာ မလိုပဲ အသာလေး ဓါးပြ တိုက်သွားတာပါ။
photo from Google
ဒီနည်းနဲ့ပဲ Forrest တို့ လူတစု ဘဏ် တော်တော်များများကို တိုက်လာခဲ့ပြီး ဖြစ်ပါတယ်။ Forrest က ခု အသက်အရွယ် ကြီးမှ ဒုစရိုက်မှုတွေကို လုပ်တာ မဟုတ်ပါဘူး။ သူဟာ ငယ်ငယ်လေးကတည်းက ဒုစရိုက်မှုတွေနှင့် ကျင်လည်နေခဲ့တာပါ။ ပြောရလျှင် သူ့ အသက် (၁၃) နှစ်သား လောက်ကတည်းက ခိုးမှု တခုကို စတင်ကျူးလွန်မိရာက ဒုစရိုက်မှုတွေကို ခု အသက်အရွယ်အထိ လုပ်ဖြစ်ဖို့ ဖြစ်သွားခဲ့သလားလို့ကို ထင်မှတ်ရပါတယ်။ အဲ့ နောက်ပိုင်းကတည်းက သူဟာ ဒုစရိုက်မှု ပေါင်းများစွာ ကျူးလွန်ပြီး သူ့ဘ၀ အတော်များများက ထောင်ထဲ ၀င်လိုက်၊ ထွက်လိုက်နဲ့ ကုန်ဆုံး ခဲ့ပါတယ်။ နောက်ဆုံး ထောင်ကျခဲ့တဲ့က ထောင်ဖောက်ပြီးတော့ တောင် ပြေးခဲ့ပါသေးတယ်။
ဒီလိုနှင့် နေထိုင်နေရင်း တရက်မှာ ဘဏ်တခုကို ဓါးပြတိုက်ပြီး အပြန် လမ်းမှာ Jewel (Sissy Spacek) ဆိုတဲ့ အမျိုးသမီး တဦးနှင့် ဆုံမိပါတယ်။ သူမကို Forrest တယောက် စိတ်ဝင်စားမိပါတယ်။ သူမကလည်း Forrest ကို အနည်းငယ် စိတ်ဝင်စားမိနေပါတယ်။ အပြန်အလှန်ပေါ့။ သူတို့ဟာ အသက်အားဖြင့် သိပ်မကွာ သလို လူ လွတ်တွေလည်း ဖြစ်ကြပါတယ်။ တချိန်က အိမ်ထောင်ရှိခဲ့ဖူးကြပေမယ့် ယခုအခါ တကိုယ်တည်း နေထိုင်နေကြသူများ ဖြစ်ပါတယ်။ Forrest တယောက် ဘဏ်တွေကို ဓါးပြ ၀င်တိုက်လိုက် Jewel နှင့် ဆုံလိုက်နှင့် သူ့နေ့ရက်များကို ပျော်ရွင်စွာ ဖြတ်သန်းနေခဲ့ပါတယ်။
photo from Google
Forrest ဟာ ဘဏ်တွေကို ဓါးပြ လိုက်တိုက်နေတာ ပိုက်ဆံ လိုချင်ရုံ တခုတည်းကြောင့် မဟုတ်ပါဘူး။ သူ့အသက်အရွယ်နဲ့ ပိုက်ဆံ အဲ့လောက် အများကြီးလည်း မလိုပါဘူး။ တကယ်တမ်း ပြောရရင် သူဟာ ဘဏ်ကို ဓါးပြ တိုက်ရတဲ့ အလုပ်ကို ပျော်လို့ ၀ါသနာ ပါလို့ကို လုပ်နေတာပါ။ ဘဏ်ကို ဓါးပြတိုက်လိုက်တိုင်း သူဟာ အမြဲပြုံးနေခဲ့ပါတယ်။ Forrest တိတု့ လူတစု ဒီလိုနှင့်ပဲ ဓါးပြတိုက်နေရင်း နေထိုင်နေခဲ့ကြပါတယ်။ ရဲတွေကလည်း စုံစမ်းပေမယ့် သေသေချာချာ အားစိုက်ထုတ်မှု မရှိခဲ့ပါဘူး။ ထို့ပြင် Forrest တို့ကလည်း ကိုယ်ယောင် ဖျောက်တဲ့ နေရာမှ ကျွမ်းကျင်လှပါတယ်။
ဒါပေမယ့် သူတို့ကို စုံစမ်း ဖော်ထုတ်ဖို့ စုံထောက် John Hunt (Casey Affleck) က စတင်ကြိုးစားပါတော့တယ်။ John တယောက် Forrest တို့ လူတစုကို ဖော်ထုတ် ဖမ်းဆီးနိုင်မလား ဆိုတာကိုတော့ ပိတ်ကားထက်မှာ ဆက်လက် ရှုစားပါလို့ ….
ဒီဇာတ်ကားလေးဟာ အခြားဇာတ်ကားတွေနဲ့ မတူပါဘူး။ ဘာလို့ဆို အဓိက ဇာတ်ကောင်က အသက် (၇၀) အရွယ် ဖြစ်နေတာကြောင့်ပါ။ အခြား ဇာတ်ဆောင် အများစုကလည်း သူနှင့် အသက်မတိမ်းမယိမ်းတွေ ဆိုတော့ ရုတ်တရက် တွေးကြည့်၊ စဉ်းစားမိလိုက်ရင်ကို ပျင်းစရာ ကြီးပါ။ ဒါပေမယ့် တကယ်တမ်း ကြည့်လိုက်တဲ့ အခါမှ အထင်နဲ့ အမြင် လုံးဝ လွဲသွားခဲ့ရပါတယ်။ ဇာတ်လမ်းက လုံးဝ စိတ်ဝင်စားဖို့ ကောင်းပါတယ်။ ဘာဖြစ်မလဲ ဘာဖြစ်မလဲ ဆိုတဲ့ စိတ်နှင့် ကြည့်ရှုသူကို ဇာတ်လမ်းအဆုံးထိ ဆွဲခေါ်သွား နိုင်ခဲ့ပါတယ်။ မဖြစ်မနေ ကြည့်ကြည့်ပါလို့ တိုက်တွန်းပါရစေ။
Director
David Lowery
Cast
Robert Redford, Casey Affleck, Danny Glover, Tika Sumpter, Tom Waits, Sissy Spacek, Elisabeth Moss
Don Jaun
MSC 31