အဲဒါဟာ ကျားမ တန်းတူရှိသေးရဲ့လား။ မိန်းမတွေရဲ့ဘဝ ကျားတွေကို ဆွဲဆောင်နိုင်မှုအတွက် တစ်သက်လုံး ကြိုးပမ်း အားထုတ်နေရတာလား၊ လူ့ဘဝ လူ့တာဝန်တွေကို ထမ်းရွက်ဖို့ မကြိုးစားရတော့ဘူးလားလို့ အောက်မေ့မလာရဘူးလားကွယ်။ မိန်းမတွေရဲ့ အဆုံးစွန်သော အားထုတ်လုပ်ဆောင်ရချက်က ယောကျားတွေအတွက် ဆိုတာပဲလား။ တခြား ဘာမှ
အဖိုးတန်တဲ့အလုပ် မလုပ်နိုင်တော့ဘူးလား၊ အမေရယ် ဒီလိုဆိုရင် တချို့နိုင်ငံတွေက အမျိုးသမီးတွေကို
တစ်ကိုယ်လုံးဘာမှ လူမမြင်ရအောင် အဝတ်ကြီး ခြေဆုံးခေါင်းဖျား ဖုံးနေရတာမျိုးကိုကော အမေ ဘယ်လိုသဘောရပါသလဲလို့ မေးလာရင်….အဲဒါဟာ မိန်းမကို အိမ်မွေးတိရစ္ဆာန်တစ်ကောင်လောက်တန်ဖိုးထားတဲ့သဘော၊ မိန်းမကို လူ့အခွင့်အရေး တစ်မူးသားမှ
မပေးတဲ့လုပ်ရပ်မို့ အမေက သိပ်ရှုတ်ချတာပေါ့။ လင်ယောကျားတစ်ယောက်ကအပိုင်မွေးထားတဲ့ ထမင်းချက် ကလေးထိန်းတဲ့ လင်ယောကျားအလို ဖြည့်ရတဲ့လူသာသာပဲ။ အဲဒီထက် ဘာမှ မပိုပါဘူး။
အမေတို့က မိန်းမဆိုတာ လူ့ဂုဏ်သိက္ခာအပြည့်ရှိတဲ့ လူသား၊ လူ့လောကကို ယောင်္ကျားတွေနဲ့ တန်းတူရည်တူ တည်ဆောက်နေရတဲ့ လူသား၊ လူ့လောက သာယာဝပြောရေးအတွက် အားလုံးနဲ့အတူတူ တာဝန်ရှိတဲ့လူသား ဖြစ်စေချင်တာပါပဲ။
ဘယ်သူက ဘယ်သူ့ထက်မှလည်း မနိမ့်ကျစေချင်ဘူး။ တိရစ္ဆာန်လောကမှာတော့ နိုင်သူက အနိုင်ကျင့်တာလေ။
အားနည်းရင် အရှုံးပေးရတယ်။ အားကြီးရင် အနိုင်ကျင့်တယ်။ တို့က တိရစ္ဆာန်ထက်အများကြီး အဆင့်အတန်းမြင့်တာပဲဟာ။ အဲဒီတော့ တို့အားလုံးအတွက် လူဟာလူနဲ့တူအောင် တန်အောင်ပဲ ဖြစ်ကြစေချင်တယ်။
ကနေ့ အမေတို့နိုင်ငံမှာ လုပ်စရာတွေ အများကြီးရှိနေပါတယ်။ ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး စသဖြင့်လုပ်ရမှာတွေက တောင်လိုပုံပြီး စောင့်နေပါတယ်။ အဲဒီအလုပ်တွေကို လှပပေါ်လွင် ကြွမြောက်နေတဲ့ ခန္ဓာကိုယ်ဖြစ်ဖို့ ကြိုးစားလုံးပန်းနေရတာနဲ့ အချိန်ကုန်
ငွေကုန်ခံနေကြရမှာလား၊ မိန်းကလေးတွေမှာ ဒီထက်ပိုပြီး တန်ဖိုးရှိတဲ့လုပ်ငန်းတာဝန်တွေကို ထမ်းရွက်ဖို့ အသင့်ပြင်ထားကြရဦးမှာပါ။ လှအောင်ပအောင်၊ ယောင်္ကျားတွေ မြင်ရင် ကြိုက်ချင် ချစ်ချင်လာအောင် ရှိသမျှဖော်ထုတ်မြှူဆွယ်တယ်ဆိုတာ အလွန်သေးသိမ်တဲ့ ယုတ်ညံ့တဲ့ စိတ်ထားပါ။ တို့မိန်းမတွေမှာ အင်မတန် ကြီးလေးတဲ့တာဝန်တွေ ထမ်းရွက်ဖို့
အများကြီးရှိပါတယ်။