- ဘာစိတ်ကူးပေါက်တယ် မသိဘူး၊ အိမ်ကမသာ အဲသည်မနက် အစောကြီး နိုးနေတယ်။ သူပါ
လိုက်မယ် တဲ့။ လိုက် ပေါ့။ တစ်ခါမှတော့ မလိုက်ဖူးပါဘူး။ အဲသည်ညက အရက်လည်း ဝယ်မထားတော့
ကျုပ်နောက် လိုက်ရင်း အရက်ဝယ်သောက်ချင်တာလည်း ပါမှာပေါ့။
ထင်တဲ့အတိုင်းပဲ၊ သေတ္တာရွက်ဖို့တော့ သေတ္တာအဖုံးတောင် မကိုင်ချင်ဘူး၊ ရှက်လို့ တဲ့။
သေခြင်းဆိုးက မြေကျင်းတူးလာတဲ့ဘဝ မေ့တာ ပြောပါတယ်။ ဖောသွပ်ဖောရောင် မျက်နှာနဲ့
ခပ်လှမ်းလှမ်းက ခွာလိုက်ရင်း အရက်ဖိုးတစ်ဆယ် တောင်းတော့ ကျုပ်လည်း မောမောနဲ့
ပြောပစ်လိုက်တယ်။
“မောင်ငယ်ရယ်… နင့်ဟာက မလွန်ဘူးလား။ သက်သက်လိုက်လာပြီး ဒုက္ခပေးတာလား။
မိုးတောင် မလင်းသေးဘူး ကတဲ… ဒီအရေကို ဝမ်းကျချင်နေလိုက်သာ လွန်တယ်”
ဟုတ်ပါ့တော်၊ စိတ်ထဲရှိသာ ပြောပစ်လိုက်ရမှ။ သင်းကတော့ မျက်ထောင့်နီကြီးနဲ့ ကျုပ်ကို
ရန်လုပ်ချင်သေးတဲ့ပုံ။ နေပူထဲလုပ်ရလို့ ကျပ်ခိုးစွဲနေတဲ့ အသားနဲ့၊ သွားခေါခေါ၊ ခါးစောင်းစောင်း၊
အသက်ကြီးကြီး မိန်းမကို သူ့မယားထင်မှာလည်း စိုးတယ်နဲ့ တူပါရဲ့။ ကျုပ်ကလည်း ခေါင်း ထည့် ရွက်ထားတဲ့ကြားကပဲ တစ်လမ်းလုံး မေတ္တာပို့တယ်။
သေတ္တာဖုံးကလည်း တစ်ဖက်က ချိုင်းကြားညှပ်ပြီး ပိုက်လာရတော့ ဒေါသတွေလည်း ထွက် ပေါ့လေ။
မသာက အကြင်နာ တစ်စက်မှမရှိတာများ ကမ်းကုန်ရော။ပို့ရမယ့် အိမ်ရောက်လို့ ကနားဖျင်းအောက် ရောက်တော့ လူတွေဆိုတာ မနည်းဘူး။
ပိုက်ဆံကလည်း ဘာရှိသလဲ မပြောနဲ့၊ သေတ္တာမှာရေးထားတဲ့ နာမည်နဲ့ အသက်က ငယ်ငယ်ရယ်။
မီးတွေဆင်တဲ့လူက ဆင်လို့။ အဖိုးတန်ခုံတွေချတဲ့လူက ချလို့။ လုပ်တဲ့ကိုင်တဲ့လူက လုပ်လို့ကိုင်လို့။
တော်တော့်ကိုငိုထားတဲ့ မိန်းမငယ်ကလေးကလည်း ငိုတာတောင် လှနေသေးတာ မပြောနဲ့တော့။
အသားကလေးများဆိုတာ ဝင်းမွတ်လို့။ သြော်… ငယ်ငယ်ရွယ်ရွယ်နဲ့ လင်ကံဆိုးရှာတဲ့ မိန်းကလေးနှယ်
လို့တောင် အောက်မေ့လိုက်သေးသယ်။
အတူတူပါပဲ၊ ကျုပ်နဲ့ဘာထူးလို့လဲ။ ကျုပ်လင်ကလည်း အသက်ရှင်နေသာပဲ ရှိတာပါ၊ သေတာနဲ့
ဘာမှမထူးပါဘူး။
“ရေလေးတစ်ပေါက်လောက် တိုက်ကြပါ”
မောလိုက်သာလည်း ဟပ်ထိုးလိုက်နေပြီ။
အဲ့သည်မိန်းကလေးကပဲ ရေယူပေးတယ်။ ပုလင်းထဲထည့်ထားတဲ့ ရေပါ။ ပုလင်းကရေသီးတွေ
ကလည်း အေးလို့။
အေးလိုက်တဲ့ ရေ… အေးမြပြီး ချိုနေတယ်တောင် အောက်မေ့သယ်။ သြော်… ပိုက်ဆံရှိတဲ့သူများ
ရေတောင် အေးအောင်လုပ် သောက်ကြသာ ပြောပါတယ်။ လမ်းစရိတ် တောင်းတော့
လေးဆယ့်ငါးကျပ်တန် တစ်ရွက် ထုတ်ပေးတယ်။
အဲ့သည်နေ့ပဲ နောက်တစ်ခေါက် သေတ္တာပို့တော့ နေပြင်းလှပြီ။ ဒင်းက ဘာစိတ်ကူးရတယ်
မသိဘူး၊ သည်တစ်ခေါက်လည်း လိုက်မယ် တဲ့။
သည်တစ်ခါပို့တဲ့ အိမ်ကတော့ ဆင်းရဲလိုက်တာ တာတေကို လံလို့။ ကနားဖျင်းလည်း မရှိဘူး၊
လူလည်း မရှိဘူး။ ကျုပ်ရွက်လာရတဲ့ သေတ္တာကြမ်းကို ကြည့်ကတည်းက အခြေအနေကို ကျုပ်က သိပြီးသားပါ။ ကာယကံရှင်ယောက်ျားကလည်း မူးနေလိုက်တာ လူမှန်းမသိဘူး။ ပါးစပ်ကလည်း
အတင်ရေ… အတင်ရေ… လို့ ကျုံးကျုံးအော်နေတာက လွဲရင် ကူညီမယ့်လူလည်း မရှိဘူး။ အတင် ဆိုတာ
သေသွားတဲ့ သူ့မိန်းမ နာမည်နဲ့ တူပါရဲ့။
လမ်းစရိတ်ဆိုတာလည်း ဝေးရော၊ ဘာဆေးလိပ်၊ ဘာကွာစေ့မှလည်း မရှိပါဘူး။ ကျုပ်အဖို့ကတော့
မဆန်းပါဘူး။ မြင်နေကျပဲ၊ ဖြစ်နေကျပဲ။ မောင်ငယ်ကတော့ ဆန်းနေသလား မပြောတတ်ဘူး။ စကားလည်း
မပြောဘူး၊ လမ်းမှာတော့ ပိုက်ဆံ ငါးကျပ် ငါးကျပ် နှစ်ခါ တောင်းပြီး အရက်တော့ ဝင်သောက်တယ်။ဒါပဲ။
ချိုသည်လည်း မပြောဘူး၊ ခါးသည်လည်း မပြောဘူး။
ကြားသားမိုးကြိုး… ဘာတွေတွေးပြီး သည်စကားပြောမှန်းလည်း ကျုပ် မသိပါဘူး။ ကျုပ်နားလည်း
ကျုပ် မယုံပါဘူး။ အဲ့သည်ညက ဒင်းပြောသာ ပြောပါတယ်။ မူးတော့ မူးနေသာပေါ့လေ။ ဒါပေမဲ့
ညားကတည်းက တစ်ခါမှ အဲ့သလိုမပြောဖူးဘူး။ နေပါဦး… ပြောတာ… ဘာတဲ့…
“ကျုပ် စဉ်းစားမိတယ်။ ပိုက်ဆံရှိတဲ့လူလည်း သေတာပဲ၊ ဆင်းရဲတဲ့လူလည်း သေတာပဲ။
သေမှငိုနေလည်း အလကားပဲ။ လင်နဲ့မယား အသက်ရှင်ရတုန်း ချစ်ကြဖို့ လိုတာပဲ… ” တဲ့။
မောင်ငယ်က ဒါလောက်ပဲ ပြောတာပါ။ ဒါပေမဲ့ ကျုပ် အဲ့သည်ညက တစ်ညလုံး အိပ်မပျော်ဘူး။
သိပ်တော့လည်း မယုံပါဘူး၊ ဒင်း သောက်ကောင်းအောင် ပြောသာပဲ လို့လည်း တွက်ပါတယ်။
အဲ့သည်ညက တန်းစီအိပ်နေတဲ့ ကျုပ်ကလေးတွေကို ကြည့်ရင်းက အရင်ယောက်ျားတွေကိုလည်း
အောက်မေ့မိရဲ့။ ဘာပဲဖြစ်ဖြစ် ကျုပ်ချက်ကျွေးသာ စား၊ ကျုပ်တဲထဲမှာ နေ၊ ပြီးရင် အရက်မှန်မှန်
ဝယ်ပေးနေတဲ့ ရက်တွေထဲမှာ မောင်ငယ် သည်စကားမျိုး တစ်ခါမှမပြောဖူးဘူး။ အောင်မယ်…
ဟုတ်တော့လည်း ဟုတ်သား။ မနက်မိုးလင်းလို့ ကိုစံမောင်တို့အိမ်ရှေ့ သေတ္တာဝယ်သူတွေလာတော့
ကျုပ်က နိုးနေနှင့်ပါပြီ။ မောင်ငယ်ကလည်း နိုးလို့ တော်ရေ့… ပြုံးပြုံးကြီး… သိလား။
အဲ့သည်နေ့က သေတ္တာရွက်တော့ နေပူပြင်းပြင်းထဲမှာ ကျုပ်က သေတ္တာရွက်လို့။ ကျုပ်ရှေ့က
မောင်ငယ်။ သေတ္တာအဖုံးပျဉ် ချိုင်းကြားညှပ် လိုက်လို့။ ငိုက်စိုက် ငိုက်စိုက်နဲ့။ ဖောသွပ်ဖောရောင်နဲ့၊
ဖိနပ်လည်း မပါဘူး။ ကျုပ်ရင်ထဲမတော့ တလှပ်လှပ်နဲ့။ မောလို့ မဟုတ်ပါဘူး၊ ဘာရယ်လည်း မသိပါဘူး။
ဒင်းကို… အဲလေ… မောင်ငယ်ကို အရက်ဖိုးပေးရဦးမယ်လို့လည်း တွက်တယ်။ ခမျာ…
မောနေရှာပြီထင်ပါရဲ့ ပေါ့။ *
အပိုင်း ၂ ပြန်လည်ဖတ်ရှုရန် https://steemit.com/myanmar/@evernew/ykhngmwasak-2-9ffc487393
A-5