ကျွန်တော်ဈေးထဲမှာ ဈေးဝယ်ရင်း ရခဲ့တဲ့ အတွေ့အကြုံလေးတစ်ခုပေါ့….. ဈေးထဲမှာ ဈေးဝယ်သွားရင်းနဲ့ အမဲရုံမှာ အသားမှာနေတုန်း အန်တီကြီးတစ်ယောက်က ခြင်းပလိုင်းတစ်လုံးနဲ့ ပိုက်ဆံလာရှင်းတာ(ကြည့်ရတာ သူအသားကြိုမှာထားပြီး ဈေးသွားဝယ်နေပုံရတယ်… ပြီးမှ အသားယူရင်း ပိုက်ဆံလာရှင်းတဲ့ပုံ ) အသားထုပ်လေး လှမ်းယူပြီးတော့ ဘယ်လောက်ကျလဲ? ကျသင့်ငွေပိုက်ဆံရှင်းတော့ လက်ထဲကနေ ကျစ်ကျစ်ပါအောင် ဆုပ်ထားတဲ့ ပိုက်ဆံလိပ်လေးလှမ်းပေးတော့ အမဲရုံထဲက ကိုဘာဘူကလှမ်းယူရင်း ပိုက်ဆံလိပ်လေးကြည့်ပြီး ပြောလိုက်တာက ခင်ဗျား ပိုက်ဆံကိုမချစ်ဘူးလား၊ ပိုက်ဆံကိုချစ်မှ ခင်ဗျားကို ပိုက်ဆံက ပြန်ချစ်မှာပေါ့ဗျ… ခုတော့ဗျာ… ပိုက်ဆံကို ဟိုတစ်ရွက်၊ ဒီတစ်ရွက်စုဆုပ်လာပြီး ပေးရတယ်လို့ဗျာ….(ကြားဖြတ်အနေနဲ့ ပြောစရာတစ်ခုတော့ ရှိတာပေါ့ဗျာ… အိမ်ကနေ ဈေးဝယ်ထွက်လာတုန်းကတော့ အစီအရီယူခဲ့တာပဲ။ ၀ယ်ရင်းပြုရင်းနဲ့ ဆုပ်ကိုင်မိသွားတာပါ။ ဒါပေမယ့် တစ်ချို့ကြတော့လည်း ဖြစ်သလိုကိုင်သုံးတတ်တဲ့အကျင့်လေးတွ ရှိတယ်ဗျ။ အဟီး…ကျွန်တော်အပါအ၀င်ပေါ့ ဗျာ…. မျက်နှာပူပူနဲ့ပဲ ၀န်ခံရတော့တာပဲဗျို့….) အဲဒါနဲ့ အားမရလို့ ကိုဘာဘူက ထပ်ပြောပြန်တယ်၊ ခင်ဗျားတို့ ပိုက်ဆံကို ချစ်ကြစမ်းပါ…..
ကျွန်တော့်အသိစိတ်ထဲမှာ ဒိန်းကနဲအသံကျယ်ကြီး မြည်သွားသလိုပဲ….အော်…..ကိုဘာဘူပြောမှ ကိုယ့်ကိုယ်ကို ပြန်မေးမိတယ်။ ငါကော ပိုက်ဆံကို ချစ်ရဲ့လား၊ တန်ဖိုးထားရဲ့လားလို့….ကိုယ့်ကိုယ်ကိုလဲ တော်တော်လေးရှက်မိသွားတယ်။ ဖြစ်ချင်တော့ ကျွန်တော့်လက်ထဲမှာလဲ ပိုက်ဆံက ဆုပ်မိနေလျှက်သားကြီးမို့ပါ။ ပြီးတော့ ဘောင်းဘီထဲမှာလည်း ဟိုတစ်ရွက်၊ဒီတစ်ရွက် စုပြီးသိပ်ထည့်ထားတာက ရှိနေသေးတယ်။ (အဲဒါတာ ကိုဘာဘူတွေ့လို့ကတော့ ဘယ်လိုများပြောလိုက်မလဲမသိဘူး) တစ်ခုကံကောင်းသွားတာက ကျွန်တော် ပိုက်ဆံမရှင်းခင် သပ်သပ်ရပ်ရပ်လေးဖြစ်အောင် ပြင်ဆင်ခွင့်အချိန်ရသွားခဲ့လို့ပါ။ အမှန်အတိုင်းဝန်ခံရရင် ဘယ်သူမဆို ဟောဒီလောကကြီးမှာ ပိုက်ဆံကိုချစ်တဲ့သူကြီးပါပဲ….အဲ…ဒါပေမယ့် တစ်ချို့ကျတော့ တန်ဖိုးထားရကောင်းမှန်းကို မသိကြပါဘူး….. ရှိတဲ့လူလည်း ရှိကြပါတယ်…. တစ်ချို့ဆိုရင် ပိုက်ဆံကို တစ်ကယ်ချစ်တဲ့သူတွေများ ပိုက်ဆံနည်းနည်း၊များများ ဖင်နဲ့ခေါင်း စိတ်ရှည်၊လက်ရှည်စီသုံးတဲ့လူတွေကိုလည်း တွေ့ခဲ့ဖူးပါတယ်။ ဈေးဝယ်ပြန်လာပြီး လမ်းတစ်လျှောက်မှာ အဲဒီအတွေးကြီးက ကျွန်တော့်ခေါင်းထဲမှာ တော်တော်ကြီးကို နေရာယူထားတာ… အဲဒီအချိန်ကစလို့ ခုဒီစာလေးရေးနေတဲ့ အချိန်ထိပဲဆိုပါတော့…ကျေးဇူးပါ ကိုဘာဘူရေ။ ဘ၀နဲ့ချီပြီး ရလိုက်တဲ့သင်ခန်းစာတစ်ခုကို အစ်ကိုဘာဘူတစ်ယောက် သင်ကြားပေးခဲ့လို့ပါ။
ခင်ဗျားတို့ကော ပိုက်ဆံကို ချစ်ရဲ့လား?၊ မြတ်နိုးရဲ့လား?၊ တန်ဖိုးထားခဲ့ရဲ့လား?ကိုယ့်ကိုယ်ကို ပြန်မေးကြည့်ကြပြီး comment လးတစ်ခုလောက်တော့ ထားပေးရင်း၊ အကြံပြုပေးခဲ့ကြပါအုံး ကျေးဇူးတင်ပါတယ်။