ဒီနေ့ မှ ထူးထူးခြားခြား အမေကို သတိရစိတ်ဖြင့် ဖုန်းတွေဘာတွေ ဆက်မိရင်းမှ အမေ့အကြောင်းလေး ရေးရင်ကောင်းမယ်လို့  တွေးမိလေသည်။ အမေဆိုသည်မှာ စာရေးဖို့  ကုန်ကြမ်းတစ်ခုတော့မဟုတ်ပါ ။သို့ ပေမဲ့ အမေတိုင်းရဲ့ သားသမီးတွေအပေါ် ထားတဲ့ မေတ္တာတရား များကြတော့ စာဖွဲ့၍ မကုန်နိုင်သော ရတနာသိုက်ကြီးသဖွယ် ဖြစ်ပေသည်မို့ ၊ အမေ၏ မေတ္တာတရားကို ရေးပြလိုချင်းဖြစ်ပါသည် ။စာရေးသူ ကျောင်းပိတ်ရက် အိမ်ပြန်ရောက်သည့်အခါမျိုးမှာ အမေက မေးတတ်သည်။
" သား နည်းနည်းပိန်သွားတယ်နော်၊ နေမကောင်းဖြစ်လို့ လား၊ ဟိုမှာ အစားအသောက်ကော အဆင်ပြေရဲ့လား၊ စာကောလိုက်နိုင်ရဲ့လား " စသဖြင့် မေးခွန်းများကတန်းစီနေလေသည်။ မိမိဘယ်လောက်ပင် ဝိတ်တတ်တတ၊် အမေကတော့ အမြဲပိန်သွားသည်ဟုသာ မြင်တတ်သည်။ အမေကား တခြားအရာတွေသာဂရုမစိုက်ဘဲ နေရင်နေလိမ့်မည် ။ သို့ သော် သားသမီးများနှင့် ပတ်သတ်ရင်တော့ ဂရုမစိုက်ဘဲ မနေနိုင်ပါ ။သားသမီးတွေ၏ အကြိုက်ကိုသိသည် ၊သားသမီးတွေ၏ မျက်နှာကို အကဲခတ်ရင်း လိုအပ်တာမှန်သမျှ ဖြည့်ဆည်းလိုကြသည် ။မိမိအိမ်ပြန်တိုင်း မေးတာအကြောင်းရှိပါသည် ။မိမိကား အစားအသောက် ဂျီးများသူတစ်ဦးဖြစ်ပါသည်။ငါးဆိုလျှင် ကြော်ကြော် ၊ချက်ချက် ၊ကင်ကင် လုံးဝ မစားတတ်ပေ။ ထို့ ကြောင့် အမေခမျာ ငါးကြိုက်သော်လည်း မိမိရှိသည့်ရက်များတွင် လုံးဝမချက်စား၊ မိမိမရှိမှသာ ချက်စားတတ်သည်။ ထိုသို့  အစားအသောက် ရွေးသည်ကို သိထားတော့၊ မိမိဘယ်ဒေသသို့ ပင် စာသင်သွားသွား ၊လူကြုံရှိလျင် လူကြုံဖြင့် ၊လူကြုံမရှိလျင် ကိုယ်တိုင်လာရောက်ပြီး ငရုတ်သီးကြော် ၊မြေပဲကြော် ၊ဘာလချောင်ကြော် စသည်တို့ ကို လာပို့ ပေးတတ်သည် ။ယခုလည်း အစားအသောက် အဆင်မပြေလို့  ပိန်သွားတယ်ဟုသာ မြင်နေတော့ မိမိလည်းမငြင်းနိုင် ခပ်အေးအေးသာ နေလိုက်သည် ။မနက်ဖြန်ဆိုလျှင် မိမိပြန်ရတော့မည်။ အမေကား မပြန်စေချင် နှစ်ရက် သုံးရက်လောက် နေစေချင်သော်လည်း ကျောင်းပျက်ရက်များလျှင် ဒဏ်ထိလိမ့်မယ် ၊ဟူသော မိမိစကားကြောင့် ဘာမှ ဆက်မပြောပဲ ချွေးသံတစ်လုံးလုံးဖြင့် မိမိကြိုက်တတ်သည်များ ချက်ပြုတ်ရင်း ပီတိဖြာနေလေသည်။
မနက်ကျတော့ အမေပြောသည်" သား နေ့ လည်မှပြန်တော့ အမေ ဘာလေး ညာကြော် ကြော်ပေးလိုက်မလို့  ဈေးသွားဦးမယ် "
" ဈေးကအဝေးကြီး မသွားပါနဲ့တော့အမေရာ ဘာမှ လုပ်မနေနဲ့ သားအဆင်ပြေတယ် " " ရတယ် ခဏလေးပဲ သွားမှာ အမေပြန်လာမှ ပြန်တော့ "ဆိုပြီး ဆွဲခြင်းတောင်းကိုင်ပြီး ဈေးသွားလေသည်။ မိမိလည်းမထူးတော့ဟုဆိုပြီး အမေ့အကြောင်းသာတွေးနေမိသည် ။အမေကား ကားဆိုင်ကယ် တော်ရုံမစီးတတ် သွားစရာ လာစရာရှိလျှင် အဖေ့ကိုသာ လွှတ်သည်။ ယခုက မိမိကြိုက်တတ်သည်များ ဝယ်ဖို့ အတွက်သာ အမေဈေးသွားခြင်းဖြစ်သည် ။အရင်က ဈေးက နီးသောကြောင့် မပူရ၊ ယခုဈေးသစ်က အရမ်းဝေးသောကြောင့် အမေ့အတွက် စိတ်ပူမိသည်။
မိမိထင်သည့်အတိုင်းပင် တအောင့်ကြာတော့ အမေစီးသွားသည့် ဈေးကြိုကားက ဈေးနားမှာတင် အက်စီးဒန့် ဖြစ်သွားသည်။ ဟူသော သတင်းက မိမိအတွက်တော့ ဆောက်တည်ရာမရပေ၊ သိပ်မစိုးရိမ်ရဘူး၊ အိမ်ပြန်ခေါ်လာနေပြီ ဆိုပေမဲ့ မိမိအပြစ်မကင်းသလို ခံစားရသည် ။အမေဘာမှ မဖြစ်ပါစေနဲ့ ဟု ဆုတောင်းရင်း ဓာရဏပရိတ်တော်သာ အမေ့ကို ရည်မှန်း၍ ရွတ်နေမိသည် ။အမေလက်အဆစ်လွဲ၍ နဖူးကွဲရုံမျှသာ ပြီးတော့မှ " အမေ မနက်ကတည်းက သိတယ် မျက်ခုံးတွေလှုပ်နေတာ ဈေးကို အဖေ့ကိုလွှတ်လိုက်ရင် သူဝယ်တတ်မှာ မဟုတ်လို့ အမေကိုယ်တိုင်သွားတာ ခုတော့ထင်တဲ့အတိုင်းပဲတဲ့ " အော် အမေရယ် ကိုယ် အန္တရာယ်ဖြစ်မှာ သိသိကြီးနဲ့တောင် သားသမီးကြိုက်တတ်တာလေးတွေအတွက် စွန့် စားရဲတယ်နော်ဟု ရင်ထဲမှာသာ ရေရွတ်နေမိသည်။ ဒီလောက်နဲ့ မပြီး ၊ကိုယ်တိုင် ကြော်လှော်ဦးမယ် လုပ်နေလို့  အဒေါ်က မနေနိုင်၍ မိမိအတွက် ကြော်လှော်ပေးခဲ့ရလေသည်။ အော် အမေ ဆိုသည်မှာ မေတ္တာတရားသက်သက်နဲ့ သားသမီးတွေအတွက် ပေးဆပ်ဖို့ သာ ဖြစ်တည်နေရော့သလားဟုတွေးမိပါသည်။
လူသားမိခင်တွေသာ ဒီလိုမေတ္တာထားနိုင်ကြတာလား မဟုတ်ပါ မိမိဖတ်ဖူးသော စာထဲတွင် တိရိစ္ဆာန်များ၌ လည်းမိခင်မေတ္တာရှိကြောင်း သိရပါသည် ။သုတေသန ဌာနတစ်ခုက ကြွက်မကြီးတစ်ကောင်နှင့် စမ်းသပ်ဖူးသည်။ လှောင်အိမ် နှစ်ခုကြားတွင် အင်အားပြင်းသော လျှပ်စစ်လှိုင်းတစ်ခု ကြားခံထားပြီး၊ ဒီဘက်လှောင်အိမ်တွင် ကြွက်မကိုထည့် ဟိုဘက်လှောင်အိမ်တွင် အစားအသောက်များထည့်ထားလေသည် ။အစာနံ့ ရတော့ ကြွက်မလည်း သွားဖို့ ခြေလှမ်းသည်နှင့် လျှပ်စစ်လှိုင်းထိပြီး မသွားဖြစ်ဘဲ ပြန်သာလှည့်ပြေးလေသည်။ တစ်ခါမှ နှစ်ခါ နောက်ဆုံးမှာတော့ လုံးဝ မသွားတော့ပေ၊ အငတ်ခံလေသည်။ အစားအသောက်ထက် သူသေရမှာ သူကြောက်သည်ကိုး ။ နောက်ထပ်စမ်းသပ်ချက် တစ်ခုကတော့ ကြွက်မကြီးက တစ်ဖက်၊ ကြွက်မကြီး၏ သားသမီး ကြွက်သားပေါက်လေးများက တစ်ဖက် ခွဲထားလေသည်။ ဟိုဘက်က ကြွက်သားပေါက်လေးများ၏ နို့ ဆာသံကြားတော့ ကြွက်မကြီးလည်း မနေနိုင်တော့ ၊ခြေလှမ်းလိုက်လျှင် လျှပ်စစ်လှိုင်းကြောင့် နောက်သို့ တွန့် သွားလေသည်။ သို့ သော် အားမလျှော့ ကြွက်သားပေါက်လေးများ အသံဆူညံလေ၊ သူကြိုးစားလေဖြင့် နောက်ဆုံးမှာတော့ သေစေနိုင်တဲ့ လျှပ်စစ်လှိုင်းသော ဘာသော သူနားမလည် ၊သူ့ သားသမီးများ နို့ တိုက်ဖို့ က အရေးကြီးတယ် ဆိုသော စိတ်ဖြင့် ဖြတ်ကူးနိုင်ခဲ့သည် ။မိမိအသက်နှင့် သားသမီးလိုအပ်ချက် ယှဉ်လာလျှင် တိရိစ္ဆာန်တောင်မှ သားသမီးအတွက် မိမိအသက်ကို ပေးဆပ်ရဲလေသည် ။လူသားမိခင်များဆိုလျှင်တော့ နှိုင်းပြစရာမလို ဆိုဖွယ်ရာပင်မရှိပေ ။ထို့ ကြောင့် မိခင်ဆိုသည်မှာ သားသမီးများအတွက် ပေးဆပ်ဖို့ သက်သက် ဖြစ်တည်လာသည်ဟု ပြောရင်း မိဘကျေးဇူးများ သိတတ်ပါစေ၊ နားလည်နိုင်ကြပါစေ၊ ပြန်လည် ကျေးဇူးဆပ်နိုင်ကြပါစေဟု ဆန္ဒပြုလျက်. . . . .
မိမိအား ချစ်သူ ,မုန်းသူ ,ထိုထိုလူ စိတ်၏ချမ်းသာခြင်း ကိုယ်၏ ကျန်းမာခြင်းနှင့် ပြည့်စုံကြပါစေ။