30.8.2018 ( ကြာသာပတေးနေ့  ) ကျက်သရေမင်္ဂလာအပေါင်းနှင့် ပြည့်စုံသော နေ့ လေးတစ်နေ့ ဟုသာ ဆိုချင်ပါသည် ။ ဘာလို့ လဲဆိုတော့ သာသနာဥသျှောင်ဆရာတော်တစ်ပါး မိမိတို့ မှီတင်းနေထိုင်ရာ သီတဂူဗုဒ္ဓတက္ကသိုလ်များ၏ အဓိပတိဖြစ်တော်မူသော သီတဂူဆရာတော်ဘုရားကြီးအား ဖူးမြော်ခွင့်ရသောနေ့ ဟု ဆိုနိုင်ပါသည် ။ ဆရာတော်ကြီးမှာ သက်တော် ၈၀ ကျော်နေပြီဖြစ်ပေမဲ့လည်း အေးဆေးသက်သာစွာ နားနေရသည်ဟူ၍ မရှိပေ ။ အချိန်တိုင်း အလုပ်လုပ်နေတော်မူသည် ။ ယမန်နေ့  ရုရှားမှ ပြန်ကြွလာသည် ။ မနေ့ ကတော့ သုံးဆယ်မြို့ ညတရားပွဲဟောပြောပေးရပြန်သည် ။ ယနေ့ အဖို့ ကတော့ မိမိတို့ တပည့်များကို ဆုံးမသြဝါဒများမိန့် ကြားဖို့ အတွက် သဲကုန်းမြို့လေးသို့  ကြွရောက်လာခဲ့ခြင်းဖြစ်သည် ။ ဆရာတော်ကြီး၏ မျက်နှာတော်မှာ အလွန်နွမ်းနယ်နေဟန် ထင်ပေါ်နေပါသည် ။ သို့ ပေမဲ့လည်း ပင်ပန်းလို့ အနားယူဦးမယ်ဆိုတာမျိုး ဘယ်သောအခါမှ မကြားမိပါချေ ။
နောက်ထပ်ထူးခြားမှုတစ်ခုရှိသည် ။ ဆရာတော်၏ ကပ္ပိယ ဒကာ ဒကာမများသည် တစ်ဦး နှစ်ဦးမဟုတ်ပါချေ ကားသုံးစီးစာမျှ ပါရှိကြသည် ။ အကုန်လုံးလိုလို ဆရာတော်ကြီး ဘယ်ခရီးစဉ်ကိုကြွသည်ဖြစ်စေ ဆရာတော်နည်းတူ အပင်ပန်းခံ၍ အနီးကပ်ကြည်ညိုကြသော ဥပါသကာများပင် ဖြစ်ကြသည် ။ ထိုအဖွဲ့အစည်းတွင်ဆရာဝန်ပါသည် ။ သူဌေး သူကြွယ်များပါသည် ။ သူတို့ ၏ ဆန္ဒကား ဆရာတော် နှုတ်ဖျားမှ ထွက်လာသမျှ လိုအပ်ချက်တိုင်းကို ဖြည့်ဆည်းနိုင်ဖို့  နောက်ပါးကနေ တကောက်ကောက် လိုက်နေကြခြင်းပင်သည်ဟု ဆရာတော်က မိန့် ပါသည် ။ မိမိတို့ ကိုလည်း ဆုံးမသည် ။ " မင်းတို့ ကောင်တွေ ပညာတတ်အောင်သင် အပြောအဆို အနေအထိုင်တွေ ယဉ်ကျေးအောင်နေ နောက်တစ်ခုက အများအတွက်အလုပ်လုပ် ဒါဆို ငါ့လိုပဲ ဒကာ ဒကာမတွေ ချစ်ခင် ကြည်ညိုလာလိမ့်မယ် ။ အေး သူတို့ တွေ ချစ်ခင် ကြည်ညိုပြီဆိုတာနဲ့ လိုတိုင်းတရနိုင်တဲ့ ပုဂ္ဂိုလ်ဖြစ်သွားမယ် ။ ငါဆိုရင် မလိုက်ပါနဲ့ မလှုကြပါနဲ့လို့  ပြောလို့ မရတော့ဘူး ။ ပြောလေ ပိုကြည်ညိုလေ ပိုလှုလေပဲကွ ခုတခြားမြို့တွေမှာ ငါတက္ကသိုလ်ဖွင့်ဖို့  စိတ်ကူးရုံရှိသေးတယ် သူတို့ တစ်တွေက သင့်တော်တဲ့နေရာမှာ မြေတောင်ဝယ်ထားပေးပြီးပြီးကွ ဒါကြောင့် ဒကာဒကာမတွေ ချစ်ခင် ကြည်ညိုအောင် နေကြပါ " ဆိုပြီး ထိပ်တန်းပုဂ္ဂိုလ်တစ်ဦးဖြစ်နိုင်သည့် အရည်အချင်းများကို မွေးမြူဖို့  ဆုံးမပေးခဲ့ပြန်သည် ။
ဆရာတော်၏ နောက်ထပ် အံ့ဖွယ်တစ်ခုရှိပါသေးသည် ။ သက်တော် ၈၀ ကျော်နေပါသော်လည်း အသံတော်မှာ တုန်ယင်ခြင်း အလျဉ်းမရှိပေ ။ တောသုံးထောင် အစိုးရသည့် ကေသရာဇာခြသေ့်မင်းတို့ ၏ အသံတော်ကဲ့သို့  သြဇာအပြည့်ရှိသည် ။ ကြားရသူအပေါင်း၏ နှလုံးသားကို ဖျစ်ညှစ်ဆုပ်ကိုင်ထားသကဲ့သို့  ထိုအသံတော်မှ တစ်ပါး တခြားသို့ အာရုံမရောက်နိုင်တော့ပေ ။ နိုင်ငံတကာပွဲများတွင် ဆရာတော်ကြီး စာတမ်းဖတ်သည်နှင့် နားထောင်သည့်ပရိတ်သတ်များ ငြိမ်ကြသွားသည် ။ ဤသည်က ထူးခြားချက်ပင် ။ ပရိတ်သတ်မည်မျှပင်များစေကာမူ ကြောက်ရွံ့ခြင်း အလျင်းမရှိ ပညာရဲရင့် ပွဲလယ်တင့်သကဲ့သို့ ပင် ဖြစ်တော့သည် ။ အနီးစပ်ဆုံး ဥပမာပေးရလျှင် ရွှေတိဂုံစေတီတော် နှစ်၂၆၀၀ ရာပြည့်ပွဲတော်၌ သတိထားမိကြမည် ထင်ပါသည် ။ သိန်းချီသော လူအုပ်ကြီး၏ အသံကား ဆူညံပွက်နေပေမဲ့ ဆရာတော်၏ အသံထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် ခြသေ့်ဟိန်းသံကြောင့် ပုန်းကွယ်နေရသော ယုန်သူငယ်များသဖွယ် တိတ်ဆိတ်ငြိမ်သက်သွားကြသည် ။ ဒါကိုကြည့်ခြင်းအားဖြင့် ဆရာတော်၏ အသံတော်သည် ပါရမီထူးသောကြောင့် ဖြစ်မည်ဟု ခံစားမိသည် ။
ဆရာတော်ကြီး၏ဂုဏ်ရည်များနှင့် သြဝါဒများ ဆက်လက်ဖော်ပြပေးပါ့မည် ။
မိမိအား ချစ်သူ မုန်းသူ ထိုထိုလူအပေါင်း သီတဂူစန်းလပမာ ချမ်းမြသာယာရှိကြပါစေ ။