ရန်ကုန်နှင့် သဲကုန်း မိုင်မည်မျှ ဝေးသည်တော့ မပြောတတ်ပေ။ ရန်ကုန်မှ နေ့ လည် ၁၁ နာရီ ထိုးသည်နှင့် တပြိုင်နက် ပစ္စည်းတင်ကားနှင့် သဲကုန်းသို့  လိုက်ပါလာခဲ့သည်မှာ ည ၇ နာရီထိုးမှ သဲကုန်း သီတဂူဗုဒ္ဓတက္ကသိုလ်သို့  ခြေချမိလေသည်။ ခရီးလည်းပန်း၊ လူလည်းနွမ်းနေသော်ငြား မိမိဖို့  နေရာပြင်ဆင် ပစ္စည်းများ စနစ်တကျ စီစဉ်ပြီးသည်နှင့် သံဃာတော်များအား သန်လျင် သီတဂူအဓိပတိဆရာတော်မှ သြဝါဒ ခေါ်ပေးလေသည်။
" အရှင်ဘုရားတို့  ပညာသင်ကြားရာမှာ ရက်ကောင်းရက်မြတ်ရွေးမနေတော့ဘူး။ စတင်သင်ကြားတဲ့ရက်က ရက်ကောင်းရက်မြတ်ပဲ ခုတစ်ခါတည်း သင်ကြားရေးစာအုပ်တွေ ထုတ်သွားပေတော့ မနက် သင်တန်းစပြီ " ဆိုတဲ့ သြဝါဒကြားမိတဲ့အခါ ပင်ပန်းနွမ်းနယ်မှုတွေပျောက်ပြီး ခွန်အားသစ်တွေ ရောက်လို့ လာခဲ့ပါသည် ။မိမိတို့  ညီတော် နောင်တော်များ အားလုံးသည်ကား ပညာရည်နို့  အေးချမ်းစွာ သောက်စို့ နိုင်ဖို့ အတွက် မြို့ပြရဲ့ အရိပ်အယောင်တွေ ခွဲခွာပြီး အေးမြလတ်ဆတ်တဲ့ တောမြို့ဒေသကို ချီတတ်လာကြသူများပေမို့  ဆင်းရဲပင်ပန်းမှုနှင့် ထိုက်တန်အောင် ပညာရေးကို လိုချင်ကြသူများသာတည်း။
သင်တန်းသားများအတွက် သင်ကြားရေးစာအုပ် ၇ အုပ် ဘာသာရပ် ၄ ခု အခြားသော သင်ထောက်ကူပစ္စည်းများဖြင့် ပညာသင်ကြားရတော့မည် ။တစ်နေ့  မိမိသိထား တတ်ထားသော ပညာများဖြင့် လူသားအကျိုး သယ်ပိုးနိုင်စေဖို့  ယခုကပင် အားမွေးတော့မည်ဟု ဆုံးဖြတ်ထားမိပါသည် ။မိမိတို့  သင်တန်းတတ်တိုင်း ကြက်သီးမွှေးညှင်း ထလောက်အောင် ရွတ်ဆိုခဲ့ရသော သန္နိဌာန် တစ်ခုရှိသည်။
" ငါတို့ ဖြစ်ရ ဤလောကဝယ်
ဘဝသမိုင်း မရိုင်းစေရန်
စိတ်မာန်မချ မာနမပါ
တို့ စွမ်းရာဖြင့်
တို့ သာသနာ တို့ ပြည်ရွာကို
သာယာစေမှု လုံ့လပြုအံ့" ။