ကျွန်တော်တို့ရဲ့မွေးရပ်မြေ နယ်မြို့လေးခုဖြစ်တဲ့ အမာမြို့လေးဟာ ဧရာဝတီတိုင်း ဖျာပုံခရိုင်ထဲမှမြို့တစ်မြို့ဖြစ်ပြီး မြစ်ဝကျွန်းပေါ်ဒေသမှာတည်ရှိနေတာဖြစ်ပါတယ်။ ဘင်္ဂလားပင်လယ်အော် နဲ့လည်း ကပ်လျှက် တည်ရှိနေပါတယ်။ ညနေဘက်နေဝင်ဆည်းဆာအလှနဲ့ သဘာဝအလှတရားတွေကို ခံစားချင်တယ်ဆိုရင်တော့ ဆိပ်ကမ်းကနေပြီး စက်လှေ ဒါမှမဟုတ် လက်နဲ့ လှော်တဲ့လှေနဲ့ဖြစ်ဖြစ်သွားမယ် ဆိုရင် ၁၅မိနစ်လောက်ပဲသွားရပါတယ်။ ခေါ်ကြတာကတော့ အမာသောင်လို့ခေါ်ဆိုကြပါတယ်။ တစ်ချို့တစ်လေကတော့ ပျဉ်ဒရယ် သောင်လို့ ခေါ်ဆိုကြပါတယ်။ ဘာလို့လဲ ဆိုတော့ အရင်တုန်းက အဲ့ဒီ ပင်လယ်ကမ်းစပ်သောင်ပြင်နေရာမှာ ပျဉ်ဒရယ်မြို့တည်ရှိနေခဲ့တယ်လို့ ဆိုကြပါတယ်။ တစ်ချို့ တံငါသည် တွေ သောင်ပြင်ပေါ်မှာ ဆော့ကစားဖို့ သွားကြတဲ့ သူတွေဆိုရင် အရင်တုန်းကသုံးခဲ့ကြတဲ့ အိုးကွဲတွေ ရွှေခွက်တွေ လက်ဝတ်ရတနာတွေ ကောက်ရကြတာတွေ တကယ်ရှိနေပါတယ်။ လူနည်းစုကသာ လက်မခံကြပေမယ့်အများစုကတော့ ယုံကြည်လက်ခံထားကြပါတယ်။
ကျွန်တော်တို့မြို့လေးက ရှည်မြောပုံ သဏ္ဍန်ရှိပါတယ်။အဓိကတော့နေသူရိန်လမ်းမကြီးလို့အမည်ပေးထားတဲ့ လမ်းကိုပဲ အသုံးပြုကြပါတယ်။ ဒီလမ်းနာမည်ဟာဆိုရင်လည်း ကျွန်တော်အပေါ်က ပြောခဲ့တာနဲ့ ဆက်စပ်နေပါတယ်။ ပျဉ်ဒရယ် မြို့စစ်ရှုံးတဲ့ အခါ ဘုရင်နဲ့စစ်မှုထမ်းမှူးမတ်တစ်ချို့ ထွက်ပြေးပုန်းရှောင်ပြီး အမာသို့ရောက်ရှိခဲ့ပါတယ်။ ထွက်ပြေးပုန်းရှောင်ပြီး ယာယီ သစ်သားနန်းတစ်ခု ဆောက်လုပ်နေထိုင်ခဲ့တဲ့နေရာကိုတောင် နန်းတော်ကုန်းလို့ အခုထိခေါ်ဆိုနေကြဆဲဖြစ်ပါတယ်။ ထို့သို့ထွက်ပြေးရာမှာ ပျဉ်ဒရယ် မြို့မှ နေသူရိန် လို့အမည်ရတဲ့ စစ်သူကြီးတစ်ယောက်ရဲ့ လမ်းပြမှုကြောင့် ရောက်ရှိလာခဲ့ကြတာဖြစ်လို့ ၄င်းကို အစွဲပြုပြီး နေသူရိန်လမ်းမကြီးလို့ ခေါ်ဆိုကြတယ်လို့ငယ်ငယ်တည်းက ကြားသိခဲ့ရပါတယ်။
တိလောက အောင်တော်မူ သာသနာ့ဗိမာန်တော်ကြီးထဲမှာတည်ထားကိုးကွယ်တဲ့ ဘုရားကြီးဟာဆိုရင် လွန်ခဲ့တဲ့နှစ်ပေါင်း၆၀ ကျော်လောက်က အမာသောင်(သို့) ပျဉ်ဒရယ်သောင်ကနေ အမာမြို့သို့ပင့်ဆောင်ပြီး မြို့ကျက်သရေဆောင် တန်ဆောင်းကြီးတစ်ခုနဲ့ တည်ထားကိုးကွယ်ခဲ့ကြတာဖြစ်ပါတယ်။
ဤဘုရားနှင့်အတူ မနုတ်သီဟ ဖင်နှစ်ခွလို့ခေါ်တဲ့ မကောင်းတဲ့ ဘုံလောကက အနှောက်ပေးသူတွေကို နှိမ်နင်းနိုင်တဲ့ ဘီလူးလို့ ယုံကြည်တဲ့ ရုပ်ထုတစ်ခုကိုလည်း ယူဆောင်ခဲ့ကြပါတယ်။ အခုလို သီတင်းကျွတ် တန်ဆောင်တိုင်ကာလတွေမှာဆိုရင် ဘုရားပွဲတော်ကို ခုနှစ်ရက်တိုင်တိုင်ကျင်းပကြပြီး မြို့သူမြို့သားတွေ ဘေးပန်ဝန်ကျင်ရွာများမှ ဘုရားဖူးသူများ ၊ ပွဲဈေးတန်းလျှောက်သူများနဲ့ အလွန်စည်ကားလှပါတယ်။ တန်ဆောင်တိုင် လပြည့်ကျော်တစ်ရက်နေ့မှာဆိုရင် နိဗ္ဗာန်ဈေးပွဲတော် ကျင်းပကြပါတယ်။ ကျွန်တော်တို့မြို့ရဲ့ အလွန်စည်ကားလှတဲ့ အစဉ်အလာပွဲတော်တစ်ခုဖြစ်ပါတယ်။
အမာမြို့ကိုစဝင်ဝင်ချင်းတွေ့ရှိ ဖူးမျှော်ရမှာကတော့ မြို့ရဲ့ အကြိုတော် အောင်ဗောဓိ စေတီတော်ပါ။ ဒီစေတီတော်ဟာဆိုရင် 1978ခုနှစ်မှာ စတင်တည်ထားခဲ့ကြပြီး အခုဆိုရင် နှစ်ပေါင်း ၃၀ကျော် ရှိနေပါပြီ။ စတင်တည်ထားခဲ့တဲ့အချိန်ကစလို့ ထီးတော်ကြီးကို နှစ်ကြိမ်တိုင်တိုင် ပြန်လည် ပြုပြင်ခဲ့ရပါတယ်။ ပထမအကြိမ်ကတော့ စေတီတော်ကြီး သက်တမ်းကြာမြင့်လာတာကြောင့်ဖြစ်ပြီး ဒုတိယအကြိမ်ကတော့ ၂၀၀၈ ခုနှစ်မှာုတိုက်ခတ်ခဲ့တဲ့ နာဂစ်မုန်းတိုင်းကြောင့် ထီးတော်ကြီးကို ပြန်လည်ပြုပြင်ခဲ့ကြတာဖြစ်ပါတယ်။ ထီးတော်ကြီး တင်တုန်းကကျွန်တော့်အသက် ၁၂ နှစ်လောက်ပဲရှိပါသေးတယ်။ အဲ့ဒီတုန်းက ကလေးဆိုတော့ သိပ်တော့နားမလည် ၊ လူကြီးတွေ နဲ့ အတူလိုက်သွားပြီး ဟိုကြည့်ဒီကြည့်ပေါ့။ သေချာမှတ်မိတာကတော့ စေတီတော်ကြီး ထီးတော်တင်ပြီး အပေါ်ကနေ ပိုက်ဆံကြဲချလို့ ပိုက်ဆံလုကောက်ကြတာကိုပါပဲ။ တကယ်ကိုပျော်ဖို့ကောင်းပါတယ်။ ဒီစာကိုဖတ်နေကြတဲ့ ဗုဒ္ဓဘာသာဝင်တွေ လည်းအဲ့ဒီလို မျိုးတွေ ပါဝင်ဆင်နွှဲဖူးကြမှာပါ။
ကျွန်တော်တို့မြို့ ကလေးကို ကုန်းလမ်းကနေ လာမယ်ဆိုရင်တော့ ရန်ကုန်ကနေ ၅နာရီလောက် ကားစီးရမှာပါ။ ဖျာပုံ- အမာ ကတ္တရာ ကားလမ်းကတော့ ဘတ်ဂျက်ကျနေပြီလို့ ကြားသိရပါတယ်။မိုးရာသီ ဆိုရင်တော့ ကားလမ်းက တော်တော့်ကိုဆိုးပါတယ်။ ကျောက်ခင်းလမ်းဆိုပေမယ့်လည်း အောက် ရွှံ့မြေတွေက မိုးရာသီဆိုရင် ပျော့နေတဲ့အတွက်ကြောင့် ကားတွေသွားလာရတာ အဆင်မပြေလှပါဘူး။
!
ရေလမ်းကနေလာမယ်ဆိုရင် ပင်လယ်ကြီးနဲ့ သဘာဝအလှတရားတွေကို ခံစားရှုမြင်ရမှာဖြစ်ပါတယ်။ ရန်ကုန်ကနေဆိုရင် တစ်ညနဲ့တစ်မနက် လောက်သင်္ဘောစီးရမှာပါ။ကျွန်တော်တို့မြိ့ရဲ့ အဓိက ကုန်သွယ်ရေးအနေနဲ့ ရေလမ်းကိုပဲ အသုံးပြုကြပါတယ်။ မိုးရာသီဆိုရင်လည်း လမ်းပန်းဆက်သွယ်ရေးအတွက် ရေလမ်းခရီးကိုပဲ အဓိက အသုံးပြုကြရပါတယ်။
Steemit မှသူငယ်ချင်းများကိုလည်း ကျွန်တော်တို့ရဲ့မြို့ကလေးကို လာရောက်လည်ပတ်ဖို့ ဖိတ်ခေါ်အပ်ပါတယ်။
နောက်တစ်ပတ်မှာ ကျွန်တော်တြိ့မို့ကလေးရဲ့ အဓိကစီးပွားရေးနဲ့ လည်ပတ်စရာ သမိုင်းဝင်နေရာတွေကို ရေးသားဖော်ပြသွားမှာပါ။...........
ဆက်လက်ကြိုးစားပါအုံးမည်........
Steemitမှ သူငယ်ချင်းအားလုံးကို ကျေးဇူး အထူးတင်ရှိပါသည်။
Author- Aung Ko Oo (Henryba)
Photo credit: Facebook.
8/10/2017