"လူတစ်ယောက်မှာ အကျင့်ကဖျောက်လို့ရပေမဲ့ ဗီဇကတော့ လုံးဝဖျောက်မရဘူး"ဆိုတဲ့ စကားကသူများတွေအတွက်တော့ မပြောလိုပေမဲ့ ကျွန်မအတွက်ကတော့ လုံးဝမှန်တဲ့စကားပဲ။မှန်တယ်လို့ လက်ခံတာလဲ မကြာသေးပါဘူး။ကိုယ့်ကိုယ်ကို ပြန်ဆန်းစစ်တော့မှ မှန်နေမှန်းသိတာ။
ကျွန်မကလူတစ်မျိုး။လူကြီးတွေပြောတဲ့ ရှေးရိုးတွေ အစဉ်အလာတွေ သိပ်မယုံဘူး။ဗုဒ္ဓဟူးနေ့ဆိုခေါင်းမလျှော်ရဘူးတဲ့။ မရပါဘူး လျှော်လိုက်တာပဲ။အဲ လပြည့် လကွယ်လို အခါကြီးရက်ကြီးတော့ မလျှော်ပါဘူး။ညဘက်လက်သည်းခြေသည်း မညှပ်နဲ့ ညှပ်လိုက်တာပဲ။အဘွားကဆူပြီဆိုရင် "သမီးနေ့ခင်းကမေ့နေလို့ အခုမှသတိရလို့ ညှပ်လိုက်တာဆိုပြီး" စကားကိုဝေ့လည်ကြောင်ပတ်ပြောပြီး ရအောင်လုပ်တဲ့သူ။
အခုလဲ "အကျင့်ကဖျောက်လို့ရတယ်၊ ဗီဇကဖျောက်လို့မရ"ဆိုတဲ့ စကားကို လွယ်လွယ်နဲ့ လက်မခံဘူး။ဒါပေမဲ့ ကိုယ်တိုင်ပြန်စဉ်းစားကြည့်တော့ သူများတွေအတွက်မပြောနဲ့ ကိုယ်တစ်ယောက်တည်းနဲ့ပင် တော်တော်မှန်နေတယ်။
ငယ်ငယ်ကအကျင့်တစ်ခုရှိတယ်။မနက် ၄နာရီဆို နိုးပြီ။ဘယ်သူမှမနှိုးဘဲနဲ့ကို နိုးတာ။ဘာလို့နိုးတာလဲဆိုတော့ ထမင်းထစားတာ။အမေကအဲ့ချိန်ဆို ထမင်းထချက်နေပြီလေ။ ညကကျန်တဲ့ ထမင်းခဲလေးနဲ့ဆီဆမ်းပြီးကျွေးတယ်။စားလိုက်တာပဲ။ပြီးတော့ အိပ်ရာထဲဝင်ပြီး ပြန်အိပ်တယ်။ဒါကနေ့စဉ်အမြဲပင်။
ဒါပေမဲ့ အဲ့အကျင့်ကို အမေကဖျောက်ပေးတယ်။အကျင့်ဆိုတော့ ဖျောက်ဖို့သိပ်မကြိုးစားရပါဘူး။သိပ်ပြီးမဖျောက်လိုက်ရပါဘူး။ပျောက်သွားပါတယ်။
နောက်တစ်ခုကတော့ အခုချိန်ထိ ဘယ်သူမှဖျောက်ပေးလို့ မရသေးဘူး။အဲ့ဒါကတော့ စိတ်ကောက်တာ။ဘာလေးပဲဖြစ်ဖြစ် အနည်းဆုံးတော့ နှုတ်ခမ်းစူစိတ်ကောက်ရမှ မိဘကိုလဲကောက် အစ်မကိုလဲကောက် ဆွေမျိုးတွေလဲကောက် သူငယ်ချင်းတွေလဲကောက် ။စိတ်ကောက်နေလို့ ခဏခဏမိတ်ပျက်ရတာ ရန်ဖြစ်ရတာတွေ များလာပြီ။ပြင်နိုင်အောင်ကြိုးစားပေမဲ့ ဗီဇဆိုတော့ အခုထိမပြင်နိုင်သေးဘူး။အခုမှသိတော့တယ်။လူကြီးတွေပြောစကား အရမ်းမှန်တယ်ဆိုတာ။
Steemitမိသားစုဝင်များအားလုံးကို ကျေးဇူးအထူးတင်လျက်။
Steemit မိသားစုဝင်များအားလုံးစိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံပါစေ။
Give my love to you all Steemians.
written by :
MSU NO-003
#myanmar
#msu