လူတိုင်းမှာ ဝါသနာကိုယ်စီရှိကြပါတယ်။ကျွန်မမှာလဲ ဝါသနာရှိပါတယ်။ဒါကတော့ အထွေအထူးပြောစရာ မလိုဘူးလို့ထင်ပါတယ်။ဘာလို့ဆို တစ်ခါတုန်းကလည်း ဖော်ပြဖူးပါတယ်။အခုလည်းထပ်ဖော်ပြလိုက်ပါ့မယ်။ကျွန်မဝါသနာကတော့ စာဖတ်တာပါ။ဒါပေမယ့် စာဖတ်တာက ပထမဝါသနာဖြစ်ပါတယ်။ဒုတိယ ဝါသနာလည်းရှိပါတယ်။ဒါကတော့ "တွေးတောခြင်း"ပါ။နည်းနည်းတော့ ထူးဆန်းနေမယ်ထင်ပါတယ်။
ဒီလိုပါ။ကျွန်မက ဘယ်အရာကိုမဆို လိုက်တွေးတယ်။အထူးသဖြင့် တူညီသယောင်ထင်ရတယ့် အရာလေးတွေကို မတူညီအောင် တွေးခြင်းပါ။ရှင်းမှပိုရှုပ်ပြီထင်တယ်နော်။ဒါကတော့ ကျွန်မအားနည်းချက်ပဲ။ ကိစ္စတစ်ခုကို ရှင်းပြပြီဆို ဥပမာပေးပြီးရှင်းပြတာပါ။ပေးတယ့်ဥပမာကလည်း တစ်ဖက်သားနားမလည်တာက များပါတယ်။ကျွန်မကို ဘယ်သူမှတော်ရုံဆို မရှင်းပြခိုင်းတော့ဘူး။ပိုရှုပ်လို့တယ့်။ကောင်းရော။ဒါကတော့ ကျွန်မရဲ့ super powerပေါ့နော်။
သြော် ရှင်းပြီဆိုမှ။ရှုပ်အောင်လုပ်ပြန်ပြီ။ကဲ တစ်ကယ်ရှင်းပြီ။ဥပမာပေးပြီး ကျွန်မရဲ့ ဒုတိယဝါသနာ တွေးတောခြင်းအကြောင်းကို ရှင်းပြပါ့မယ်။ဒီလိုပါ။လူတိုင်းကပြောကြတယ်။"ပျော်တယ်ကွာ။ စိတ်ချမ်းသာလိုက်တာကွာ။"ဒီစကားလေးနှစ်ခွန်းကို ကျွန်မစဉ်းစားမိတယ်။ပျော်တယ်ဆိုတာကလည်း positiveပဲ။စိတ်ချမ်းသာတာကလည်း positiveပဲ။ဒါပေမယ့် ကျွန်မဒီနှစ်ခုကို မတူညီဘူးလို့ စတွေးလိုက်ပါတယ်။အားလပ်ချိန်တိုင်း ကျွန်မဒီနှစ်ခုကိုပဲ တွေးနေမိတယ်။
နောက်ဆုံး ကျွန်မအဖြေရခဲ့တယ်။"စိတ်ချမ်းသာမှုနှင့် ပျော်ရွှင်မှု " လုံးဝကို မတူပါဘူး။"စိတ်ချမ်းသာခြင်း"ဆိုတာက စိတ်၏ငြိမ်းချမ်းခြင်းပါ။ကိုယ်ခန္ဓာတွင်းမှာရှိတယ့် နှလုံးသားနူးညံ့နေသော အချိန်က စိတ်ချမ်းသာနေသော အချိန်ပါ။"ပျော်ရွှင်ခြင်း"ကတော့ လိုလားတောင့်တမှု တစ်ခုခုကို ဖြည့်ဆည်းနေရချိန်ပါ။ဒါပေမယ့် ပျော်ရွှင်နေချိန်မှာ စိတ်နှလုံးသား နူးညံ့မှုက အလွန်နည်းပါးနေပါတယ်။
ဥပမာ သင်္ကြန် မဏ္ဍပ်ရှေ့မှာ ခေတ်ပေါ်တေးဂီတတွေနဲ့ ကခုန်နေသူတွေကို မြင်ကြည့်ပါ။ မျက်နှာကိုယ်စီမှာ အပြုံးပန်းတွေဝေနေမှာပါ။ဒါပေမယ့် ဒီပွဲမှာရှိကြတယ့် လူအားလုံးဟာ ပျော်ရွှင်နေပေမယ့် စိတ်ချမ်းသာနေမယ့်သူ မရှိပါဘူး။ဒီလိုပါပဲ။အလှူ့မဏ္ဍပ်ရှေ့မှာ ဗျာပါဆံနှစ်ဖက်ကို ဘယ်ယိမ်းညာယိမ်း ကနေသူနဲ့ ကြည့်ရှုနေသူ အလှူ့ရှင်အပါအဝင် လူအားလုံးမျက်နှာမှာ အပြုံးပန်းဝေနေပါတယ်။သူတို့အားလုံးဟာ ပျော်ရွှင်နေကြပြီး စိတ်ချမ်းသာနေသူများ ဖြစ်ပါတယ်။
နိဂုံးချုပ်အနေနဲ့ တင်ပြရမယ်ဆိုရင်တော့ ပျော်ရွှင်သူတိုင်း စိတ်ချမ်းသာမနေကြပါဘူး။ဒါပေမယ့် စိတ်ချမ်းသာသူတိုင်း ပျော်နေကြမှာပါ။
Steemitမိသားစုဝင်များအားလုံးကို ကျေးဇူးအထူးတင်လျက်။
Steemit မိသားစုဝင်များအားလုံးစိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံပါစေ။
Give my love to you all Steemians.
written by :
MSU NO-003
#myanmar
#msu