နွေးထွေးလှသော နေခြည်လေး ကျွန်မမျက်နှာပေါ်ကို ဖြာကျနေတယ်။ စိန်မှုန်လေးတွေအလှကပ်ထားတဲ့ ဂစ်တာလေးကို မာမီက နံဘေးနားမှာ တီးခတ်ပြီးသီချင်းဆိုပြတယ်။ ဒီလိုအခိုက်တန့်လေး...သာယာလိုက်တာနော်။ လောကနိဗ္ဗာန်လေလား!
သီချင်းလေးပြီးဆုံးသွားတော့ မာမီ့ရင်ခွင်ထဲကို လဲလျောင်းလိုက်တယ်။ မာမီက ကျွန်မကို ပြန်လည် သိုင်းဖက်ပြီး ထွေးပွေ့ထားတယ်။
အိပ်မက်လား တကယ်လားဟင်?
ကျွန်မငယ်ငယ်လေးကတည်းက မာမီကားအက်စီးဒန့်ဖြစ်ပြီး ဆုံးသွားခဲ့ပြီပဲလေ။
ဒါဆို အိပ်မက်ပေါ့?
Image Source> 123RF.com
အိပ်မက်လား တကယ်လား သိရအောင် မျက်လုံးနှစ်လုံးကို အားယူပြီး ဖွင့်ကြည့်လိုက်တယ်။ အိပ်ရာပေါ်ရောက်နေတာပဲ ဘေးနားမှာ မာမီလည်းမရှိ၊ ဂစ်တာလည်းမရှိ၊ နေရောင်ခြည် လည်းမရှိ။
တကယ်မဟုတ်...အိပ်မက်မှန်းသိရတော့ ကျွန်မအရမ်းစိတ်ပျက်သွားတယ်။ အပြင်ကိုငေးကြည့်ဖို့ ပြတင်းပေါက်နားကို သွားပြီး လိုက်ကာစကို ဖယ်လိုက်တယ်။ လူတွေအပြင်မှာ ဥဒဟို သွားလာလှုပ်ရှားရုန်းကန်နေကြတာကို တွေ့လိုက်ရတယ်။ ကျွန်မလည်း သူတို့လို သာမန်ဘဝမျိုးနဲ့နေချင်လိုက်တာရှင်!
အခုတော့ ကျွန်မမှာ မွေးကတည်းက XP လို့ခေါ်တဲ့ရောဂါတစ်မျိုးပါလာလေရဲ့။ အဲ့ဒီ XP ဆိုတဲ့ရောဂါက လူအယောက်တစ်သိန်းမှာ တစ်ယောက်ပဲ ဖြစ်တဲ့ရောဂါမျိုးလေ။ ကျွန်မနေနေတဲ့ ဟောဒီ
ဝါရှင်တန် တစ်မြို့လုံးမှာလည်း ကျွန်မတစ်ယောက်ပဲ ဒီရောဂါဖြစ်တာလေ။ တစ်ချို့သူတွေ XP ဆိုတဲ့ ရောဂါနာမည်ကို ကြားဖူးမယ်တောင် မထင်ဘူး။ XP ဆိုတာ နေရောင်ခြည် လုံးဝအထိမခံတဲ့ရောဂါတစ်မျိုးပါ။ နေရောင်ခြည် လေးတစ်စက်လောက် အသားပေါ်ထိလိုက်တာနဲ့ အရေပြားက ချက်ချင်းနေလောင်သွားတယ်။ နေရောင်ခြည် ပြင်းရင် ပြင်းသလောက် အသက်အန္ဓရာယ်ကို ထိခိုက်စေတဲ့ရောဂါ မျိုးပေါ့။ ဒါ့ကြောင့် ကျွန်မငယ်စဉ်ကတည်းက တခြားကလေးတွေလို ကျောင်းမတက်ခဲ့ရဘူးလေ။ အွန်လိုင်းကနေပဲ သင်ခန်းစာတွေကို သင်ယူခဲ့ရတယ်လေ။ အခန်းထဲက အခန်းအပြင် မထွက်ခဲ့ရတဲ့ကျွန်မအတွက်ကတော့ သီချင်းတွေက ကျွန်မအဖော်ဖြစ်လာခဲ့တယ်။ အွန်လိုင်းကနေ ကျောင်းစာအပြင် စပိန်ဘာသာစကားနဲ့ ဂစ်တာတီးနည်းကိုလည်း သင်ယူခဲ့တယ်လေ။
အားနေရင် ဂစ်တာလေးတီးပြီး သီချင်းထိုင်ရေးနေလိုက်တာပေါ့။
ကျွန်မရေးတဲ့ သီချင်းတွေထဲမှာ များသောအားဖြင့် ''နေရောင်ခြည် '' ဆိုတဲ့စကားလုံးအမြဲပါတယ်။
နေရောင်ခြည်ထဲမှာ လမ်းလျှောက်ကြည့်ချင်မိတယ်!
Image Source> ScienceDaily
ဂစ်တာလေးတီး...
သီချင်းလေးရေးရင်း ပျင်းလာတဲ့အခါ ပြတင်းပေါက်နားထိုင်ပြီး
အပြင်ကို ငေးကြည့်ရတာပေါ့။ ပြတင်းပေါက်ဆိုလို့ပြောရဦးမယ်။
ကျွန်မတို့အိမ်ရဲ့ ပြတင်းပေါက်က နေရောင်ခြည်လုံးဝဝင်လို့မရတဲ့ မှန်နဲ့အထူးပြုလုပ်ထားတဲ့ပြတင်းပေါက်လေ။ ကျွန်မနဲ့သက်တူရွယ်တူကောင်မလေးတွေက အဲ့ဒီပြတင်းပေါက်ကိုမကြာခဏ
မော့ကြည့်ပြီး မကြားတကြားလေး အတင်းပြောလေ့ရှိကြတယ်။
''သူက သွေးစုပ်ဖုတ်ကောင်လေ၊
သိတယ်မလား၊
သွေးစုပ်ဖုတ်ကောင်တွေ နေရောင်ခြည် ကိုကြောက်တယ်ဆိုတာ။
အဲ့ဒါကြောင့်မလို့
သူတို့အိမ်မှာ နေရောင်ခြည် ဝင်မရအောင် အထူးပြုလုပ်ထားတဲ့ ပြတင်းပေါက်တွေရှိနေတာပေါ့၊
နေ့ဆိုလည်းသူက အပြင်မထွက်ဘူး၊
ညမှ အပြင်ထွက်တာတဲ့''
''ဟုတ်တယ်၊ သူနဲ့ မပေါင်းနဲ့ ဝေးဝေးရှောင်ကြ''
အပိုင်း(၂) ဆက်ရန်......
Writer,
MSC 004
(ယခုရေးသားထားသော ''နေရောင်ခြည်နွေးနွေး'' အခန်းဆက် ဆောင်းပါးရှည်မှာ ''Midnight Sun '' ဟူသော နိုင်ငံခြား ဇာတ်ကားကောင်းတစ်ကား၏ ဇာတ်လမ်းကျောရိုးကို အခြေခံ၍ ကိုယ်တိုင်စိတ်ကူးပုံဖော်၍ ပြန်လည်ရေးသားထားခြင်း ဖြစ်ပါသည်။)