စနေနတ်မင်းကြီးရုပ်တုပုံတော်
ကျွန်တော့်နာမည် Shani ပါဗျ။
လောက လူသားတွေကတော့ Saturn (ခေါ်) စနေနတ်မင်းကြီးအဖြစ် သိကြလေရဲ့။
ကျွန်တော့် အမည်နာမကိုကြားတာနဲ့ လောကလူသားအချို့က အမျက်ဒေါသကြီးသူ၊ အနိမိတ် စသဖြင့် ပြေးမြင်မိကြတယ်။
သူတို့ ထင်သလို ကျွန်တော်က အချိန်တိုင်း ဒေါသထွက် အမျက်ကြီးနေတဲ့သူတစ်ယောက်တော့ မဟုတ်ခဲ့တာအသေအချာပါဗျာ။
ကျွန်တော်က ခင်ဗျားတို့ထက်တောင် အေးချမ်းမှုကို လိုလားတဲ့သူပါဗျ။ "အနိမိတ်" ဟုတ်လား။
ဒါတော့ ကျွန်တော်စိတ်မကောင်းဘူး။
ကျွန်တော်ကိုယ်တိုင်က အနိမိတ်ပဲလား၊ ကျွန်တော်ရောက်သွားတဲ့နေရာကပဲ အနိမိတ် ဖြစ်သွားတာလားဆိုတာ ကျွန်တော် ကိုယ်တိုင် သိပ်သိချင်နေခဲ့တဲ့ အရာတစ်ခုပါဗျာ။
ကျွန်တော်သိပ်ချစ်ရတဲ့ အမေရဲ့နှုတ်ဖျားကနေ နင်ဟာ ဂြိုဟ်ဆိုး၊ အနိမိတ် ကောင်လို့ ခေါ်ခံခဲ့ရဖူးတယ်။ အမေ့နှုတ်ဖျားက အဲ့ဒီစကားကြားရတော့ ကျွန်တော့်ကမ္ဘာပျက်သွားသလို ခံစားခဲ့ရဖူးတယ်။
ကျွန်တော့်ကို ဘာခံစားချက်မှမရှိတဲ့ကောင် လို့ ခင်ဗျားတို့ထင်ကြမယ်။
အမှန်က ခံစားရပါများလွန်းလို့ ကျွန်တော့်နှလုံးသားက ထုံသွားပြီ။
ငိုခဲ့ရပေါင်းများလွန်းလို့လဲ မျက်ရည်တွေကုန်ခမ်းသွားခဲ့ရပြီ။
ကျွန်တော်ဘေးနားမှာ ကျွန်တော့်အမေရှိရင် ဘ၀ကြီးက ပြီးပြည့်စုံ သွားပြီလို့ ခံယူထားသူတစ်ယောက်ပါ။
ဒါဆို ခင်ဗျားတို့က မေးကြမယ် အဖေမေတ္တာကို ဘယ်သွားထားမလဲလို့။
ခင်ဗျားတို့သိကြလား။
ကျွန်တော်မွေးကတည်းက ဖခင်မေတ္တာကို မရခဲ့ဘူးဆိုတာ။
ကျွန်တော့်အဖေက နေနတ်မင်းကြီးလေ။
သူသာမရှိခဲ့ရင် ဒီစကြ၀ဠာကြီး ပျက်စီးသွားနိုင်တယ်ဗျ။
ကျွန်တော် မွေးဖွားလာတဲ့နေ့မှာပေါ့.....အဖေဟာ သူ့သားတော်လေးဖြစ်လာမယ့် ကျွန်တော့်မျက်နှာကို လာရောက်ရှုစားတယ်။
အဲဒီအချိန် အမေ ကျွန်တော့်ကို ထွေးပွေ့ထားတယ်။
ရောင်ဝါထွန်းလင်းတောက်ပတဲ့ နေနတ်မင်းကြီးရဲ့သား ကျွန်တော်ဟာ အသားမည်းလို့ "ဒါငါ့သားလုံးဝ မဖြစ်နိုင်ဘူး" ဆိုပြီး ကျွန်တော့်မျက်နှာကို ကြည့်ပြီး အဖေဆုံးဖြတ်ချက်ချခဲ့တယ်။
(ကျွန်တော့်အမေက နတ်ဒေဝီစစ်စစ်မဟုတ်ဘဲ အရိပ်ဖြစ်နေလို့ , အရိပ်ရဲ့သားမို့လို့ ကျွန်တော်အသားအရည်ဟာ အံ့သြဖွယ်ကောင်းလောက်အောင် မည်းနက်နေတယ်လေ )
အဖေ့ရဲ့ ဆုံးဖြတ်ချက် ကြောင့် အမေမျက်ရည်ကျခဲ့ရတယ်။
အမေငိုနေတာကို မြင်တော့ ကျွန်တော်ဒေါသတွေထွက်လာတယ်။ ကျွန်တော့်အမေကို ငိုအောင်လုပ်ခဲ့တဲ့သူ(အဖေ့ရဲ့မျက်နှာ) ကို စေ့စေ့ကြည့်ပြီး ကျွန်တော်ဒေါသတွေထွက်နေတယ်။ ကျွန်တော့်ဒေါသကြောင့် ပတ်ဝန်းကျင် တစ်ခုလုံး လေပြင်းတွေတိုက်လာပြီး တဖြည်းဖြည်းချင်း နေကြတ်သွားတယ်။ နေကြတ်သွားတဲ့အတွက် အဖေဟာ သေလောက်တဲ့ဒဏ်ရာကို ခံစားရပြီး အော်ဟစ်နေတော့တာပေါ့။ အမေ့ခမျာမှာလည်း ကိုယ့်ခင်ပွန်းခံစားနေရတာကို
ပထမဆုံးအကြိမ်မြင်ဖူးတော့ အံ့သြမင်သက်ပြီး ကြောင်ကြည့်နေတော့တာပေါ့၊ နောက်မှ အသိတရားဝင်လာပြီး ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်သွားတော့တယ်။ အမေက ကျွန်တော့်မျက်နှာကို ကြည့်လိုက်တော့ အဖေ့ကို စူးစူးဝါးဝါး ကြည့်နေတဲ့ ကျွန်တော့်မျက်လုံးကိုမြင်ပြီး အမေက အခြေအနေကို သဘောပေါက်သွားတယ်။
ကျွန်တော့်ကို ဖျောင်းဖျဖို့ စတင်ကြိုးစားတော့တယ်။
"သားလေး အမေငိုနေတာ မဟုတ်ပါဘူးကွယ်၊
ငါ့သား မျက်နှာမြင်ရတော့အမေပီတိဖြစ်ပြီး မျက်ရည်ကျလာတာပါ၊
မင်းအဖေကြောင့် မဟုတ်ရပါဘူး ကလေးရယ်၊
မင်းအဖေမှာလည်း ဘာအပြစ်မှမရှိပါဘူးကွယ်၊
ဒေါသတွေ လျှော့လိုက်ပါတော့ သားလေးရယ်"
ဒီလိုမျိုး အမေ့ဆီက အသံကြားတော့ အမေ့မျက်နှာကို မော်ကြည့်မိတယ်။ အို...အမေပြုံးပြနေပါရော့လား။ အမေ့ဆီက အပြုံးကို မြင်ရတော့ ဒေါသတွေ ကြက်ပျောက်ငှက်ပျောက်, ပျောက်သွားတယ်။
အပိုင်း(၂)ဆက်ရန်......
Author >
MSC-040
Image from google
MRTV Entertainment မှ ထုတ်လွှင့်ပြသလျှက်ရှိသော ''တန်ခိုးထွန်းလင်း စနေဂြိုဟ်မင်း'' ဇာတ်လမ်းတွဲကိုကြည့်၍ ခံစားရေးဖွဲ့ထားပါသည်။