ကျွန်မတို့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကြီးဟာ သစ်တောသယံဇာတများ၊ ဇီဝမျိုးစုံမျိုးကွဲများ ကြွယ်ဝပြည့်စုံသော နိုင်ငံတော်ကြီးဖြစ်ပါတယ်။ကျောက်ကောင်းကျောက်မျက်များထွက်ရှိ၍ သက်ရင့်တောင်တန်းများစွာကို ပိုင်ဆိုင်ထားသည့် ရတနာတိုင်းပြည်ကြီးလည်းဖြစ်ပါတယ်။
မြန်မာပြည်ရဲ့ အဖိုးတန်ကျောက်များကို မျက်စိကျနေတဲ့ စီးပွားရေးသမားများကစက်ယန္တရားကြီးများအသုံးချကာ မဆင်မခြင် စီးပွားရှာနေကြပါတယ်။ ဒီလိုမျိုး တရားဥပဒေနှင့်မညီတဲ့ ကျောက်မျက်တူးဖော်ခြင်းတွေကြောင့်လည်း သဘာဝပတ်ဝန်းကျင်ဟာ ယိုယွင်းလာရပါတယ်။
တစ်မျှော်တစ်ခေါ်မြင်နေရတဲ့ စိမ်းလဲ့လဲ့လယ်ယာမြေတွေမှသည် စက်ရုံအလုပ်ရုံတွေ ဖြစ်သွားတာကိုလည်းတွေ့နေရပါတယ်။ ထိုစက်ရုံအလုပ်ရုံကနေပြီး စွန့်ပစ်ရေဆိုးတွေ၊ ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့တွေ ထွက်လာပါတယ်။ ရေပြင် လေပြင်ဟာ ထိုစက်ရုံရဲ့စွန့်ပစ်ပစ္စည်းတွေကြောင့် ညစ်ညမ်းခဲ့ရပါပြီ။
ဒီကြားထဲမြန်မာ့ကျွန်းက ဈေးကောင်းရလို့ သစ်ခိုးထုတ်ရောင်းချသူတွေကြောင့် တောင်ကတုံးတွေဖြစ်ရရှာပြီ။ "ဥတုရာသီတောကိုမှီ၏" တဲ့ သစ်ပင်တွေမရှိတော့ ရာသီဥတုတွေကလည်း မူမမှန်ဖြစ်လာ။
အဲ့ဒီလိုနဲ့ မြန်မာ့သဘာဝပတ်ဝန်းကျင်ကြီး ယိုယွင်းရရှာတယ်။
ဝိသမလောဘသားတွေရဲ့ ပယောဂကြောင့် ပျက်စီးယိုယွင်းနေသော မြန်မာ့သဘာဝပတ်ဝန်းကျင်ကို ကျွန်မတို့ မြန်မာပြည်သူပြည်သားတွေ ထိန်းသိမ်းပြုပြင်ဖို့အတွက် ၀ိုင်းဝန်းစဉ်းစားကြည့်ရအောင်နော်!
(extensive forests are declining rapidly)
Myanmar Jade Mine
ပထမဆုံး အချက်အနေနဲ့ ကျွန်မစဉ်းစားမိတာကတော့ သစ်ပင်စိုက်ဖို့ပါပဲ။ မြန်မာနိုင်ငံရဲ့ သစ်တောဖုံးလွှမ်းမှုဧရိယာဟာ စုစုပေါင်း ၁၁၂,၁၂၇ စတုရန်းမိုင်ရှိပြီး နိုင်ငံအကျယ်အ၀န်းရဲ့ ၄၂.၉၂ ရာခိုင်နှုန်းရှိတယ်လို့ သိရပါတယ်။ ဒီသစ်တောတွေကြောင့်ပဲ သဘာဝဂေဟစနစ်ဖြစ်ပေါ်လာပြီး လူသားများ၊ သက်ရှိသတ္တ၀ါများ နဲ့ ဇီဝမျိုးစုံရှင်သန်နေထိုင်ကြရပါတယ်။
ရုပ်ကြွင်းလောင်စာများလောင်မြိုက်ခြင်းကြောင့် ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့များ လေထုအတွင်းရောက်သွားသဖြင့် ကမ္ဘာကြီးပူနွေးလာရသည်ဟု ကျောင်းသင်ခန်းစာများတွင် ဖတ်ခဲ့ဖူးပါတယ်။
သစ်ပင်များကသာလျှင် ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့ကို စုပ်ယူ၍ အောက်စီဂျင်ကိုပြန်လည်ထုတ်ပေးနိုင်စွမ်းရှိပြီး သစ်တောများပြုန်းတီးသွားတဲ့အခါမှာ လေထုအတွင်းရှိ ကာဗွန်ဒိုင်အောက်ဆိုဒ်ကို မစုပ်ယူနိုင်တော့ဘူး။ဒါ့ကြောင့် မှန်လုံအိမ်အာနိသင်ဖြစ်ပေါ်လာပြီး အိုစုန်းလွှာပေါက်ပြဲကာ ကမ္ဘာ ကြီးပူနွေးလာရပါတော့တယ်။
ကမ္ဘာကြီးပူနွေးလာခြင်းကြောင့် ၀င်ရိုးစွန်းဒေသမှာ ရေခဲတွေအရည်ပျော်၊ ပင်လယ်ရေတွေမြင့်တက်လာပြီး ရေလွှမ်းခြင်း၊ဆူနာမီရေလှိုင်းများပေါ်ခြင်း၊ အချိန်အခါမဲ့မိုးသည်းထန်စွာရွာသွန်းခြင်း၊ကမ္ဘာတစ်ဝန်းမြေငလျင်တွေလှုပ်၊ မီးတောင်တွေပေါက်ကွဲ၊ မုန်တိုင်းတွေတိုက်ခတ်၊ အပူလှိုင်း အအေးလှိုင်းများဖြတ်ခြင်း၊ သဲကန္တာရများဖြစ်ပေါ်လာခြင်း၊ မြေဆီမြေသြဇာများခန်းခြောက်ခြင်း
စတဲ့ဘေးအန္တရာယ်ဆိုးများကျရောက်လာရတယ်။
ဒီလိုဘေးအန္တရာယ်ဆိုးတွေကနေ ကာကွယ်ဖို့အတွက်
"သစ်ပင်စိုက်ပါ တို့ကမ္ဘာ သာယာလှပ စိမ်းမြမြ " ဆိုတဲ့ ဆောင်ပုဒ်လေးအတိုင်း သစ်ပင်များများစိုက်ကြရအောင်နော်။
Planting trees ceremony, July 2016
အစိုးရအနေနှင့်လည်း ပျက်စီးယိုယွင်းနေသော မြန်မာ့သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းပြုပြင်ရန်အလို့ငှါ အမျိုးသားဥယျာဉ်များနှင့် သဘာဝထိန်းသိမ်းရေးနယ်မြေများကို တည်ထောင်လျက်ရှိနေပါတယ်။ဒါတင်မကသေးပါဘူး သစ်တောမပြုန်းတီးရေးအတွက်လည်း စီမံကိန်းများ အကောင်အထည်ဖော် ဆောင်ရွက်လျှက်ရှိနေပါတယ်။ "သက်ရှိလောက တည်မြဲဖို့ သဘာဝတောတွေ ထိန်းသိမ်းစို့" ဆိုတဲ့ ဆောင်ပုဒ်ကို လက်ကိုင်ထားပြီး မိုးရာသီရောက်တိုင်း "မိုးရာသီသစ်ပင်စိုက်ပွဲ" အခမ်းအနားများကို အခြေ ခံပညာကျောင်းများအပါအ၀င် အစိုးရရုံးများတွင် ကျင်းပလျှက်ရှိဆဲပါပဲ။
သစ်ပင်လေးများကို စိုက်ပျိုးနေခြင်းဟာ သဘာဝပတ်ဝန်းကျင်ကို တစ်ဖက်တစ်လမ်းမှ ထိန်းသိမ်းနေခြင်းပဲမဟုတ်ပါလားရှင်။ ဒါတွေဟာ အစိုးရရဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအစီအမံများပဲ ဖြစ်ပါတယ်။ ကျွန်မတို့ ပြည်သူတွေအနေနဲ့လဲ ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေးအတွက် မိမိတို့ကိုယ်ပိုင်အသိစိတ်ဓာတ်လေးတွေနဲ့ အရိပ်ရအပင်လေးတွေနဲ့ ပန်းအလှပင်လေးတွေစိုက်ပျိုးပြီး ကမ္ဘာ မြေကြီးကို အစိမ်းရောင်လှလှလေးတွေ ခြယ်ပေးကြရအောင်နော်။
သစ်ပင်စိုက်ခြင်းကအရေးကြီးသလို ကျန်ရှိနေတဲ့ သဘာဝသစ်တောကြီးများကို မပျောက်ပျက်အောင် ထိန်းသိမ်းခြင်းကလည်း အရေးပါလှပါတယ်။
ဒီသဘာဝသစ်တောကြီးများကို ထိန်းသိမ်းခြင်းအားဖြင့် ရာသီဥတုပိုမိုကောင်းမွန်လာစေပြီး မြေဆီမြေသြဇာများကို ပိုမိုကောင်းမွန်လာစေပါတယ်။
1995 ခုနှစ်မှာ မြန်မာနိုင်ငံရဲ့ ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှုနှင့် စုပ်ယူမှုအခြေအနေကိုလေ့လာရန်အတွက် ADB(Asia Development Bank)အဖွဲ့နှင့် GEF(Global Environment Facility) တို့ပူးပေါင်းခဲ့ကြပါတယ်။ လေ့လာချက်များအရ -
"မြန်မာနိုင်ငံတွင် 1990ခုနှစ် အတွင်း ဖန်လုံအိမ်ဓာတ်ငွေ့ အသားတင်ထုတ်လွှင့်မှုပမာဏပေါင်း 41.5 မီဂါတန်ရှိကြောင်း၊
သစ်တောဏ္ဍတွင် ကာဗွန်ဒိုင်အောက်ဆိုဒ် ထုတ်လွှတ်မှုပမာဏပေါင်း 63.6 မီဂါတန် နှင့် စုပ်ယူနိုင်မှုပမာဏ 73မီဂါတန်ရှိကြောင်းသိရပါတယ်။(စုပ်ယူနိုင်မှုက ထုတ်လွှတ်မှုပမာဏထက်ပို
များသည်။)
သို့ရာတွင် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ ထုတ်လွှတ်မှုပမာဏက ပိုပိုများပြားလာပါတော့တယ်။ထို့ကြောင့် မြန်မာနိုင်ငံတွင် ဖန်လုံအိမ်ဓာတ်ငွေ့ များကို ကုန်ကျစရိတ် အနည်းဆုံးဖြင့် လျှော့ချရေးနည်းဗျူ ဟာများကို သုံးနှစ်ကြာမျှ လေ့လာခဲ့ကြရာ အောက်ပါအတိုင်း တွေ့ရှိခဲ့ကြပါတယ်။
-ကာဗွန်ဒိုင်အောက်ဆိုဒ်များကို စုပ်ယူပေးနိုင်သည့် သဘာဝသစ်တောကြီးများနှင့် သစ်တောစိုက်ခင်းများ မပြုန်းတီးရေးအတွက် စနစ်တကျ စီမံအုပ်ချုပ်ရေး၊
-သစ်တောစိုက်ခင်းများ တည်ထောင်ရေး၊
-ရုပ်ကြွင်းလောင်စာများအစား ပြည့်ဖြိုးမြဲစွမ်းအင်များ အစားထိုးသုံးစွဲရေး၊
-လောင်စာကုန်ကျမှုသက်သာသော စွမ်းအားမြင့်မီးဖိုများကို ယခုထက်ပိုမိုကျယ်ပြန့်စွာအသုံးပြုရေး၊
နေရောင်ခြည် စွမ်းအင်နှင့် လေစွမ်းအင်များ အသုံးချမှုနှင့်သက်ဆိုင်သည့် သုတေသနလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်ရေး
တို့ပဲဖြစ်ပါတယ်။
မျက်မှောက်ခေတ်တွင်လည်း ၎င်းနည်းဗျူ ဟာများကို လိုက်နာကျင့်သုံးပါက ယိုယွင်းနေသော မြန်မာ့ပတ်ဝန်းကျင်ကို ထိန်းသိမ်းရာရောက်မည်ဟု ထင်မြင်မိပါတယ်။
"နံပါတ်(၂)အချက်အနေနဲ့ မြန်မာ့ပတ်ဝန်းကျင်သာမက ကမ္ဘာမြေကိုပါ ဒုက္ခ ပေးနေသော ပလတ်စတစ်(ကြွပ်ကြွပ်အိတ်) ပြသာနာကိုပါ ထည့်သွင်းစဉ်းစားဖြေရှင်းသင့်ပါတယ်။"
ကြွပ်ကြွပ်အိတ်တွေကို များသောအားဖြင့် ပစ္စည်းပစ္စယတွေကို
အလွယ်တကူ အသင့်ထုတ်ပိုးနိုင်စေရန်ရည်ရွယ်ချက်ဖြင့် ထုတ်လုပ်ခဲ့ကြပါတယ်။ အလွယ်တကူသုံးဖို့ရန်အတွက် ပေါပေါများများထုတ်လုပ်ခဲ့ခြင်းကြောင့် ယခုအခါ ကမ္ဘာတစ်ဝှမ်းက ပညာရှင်များ ခေါင်းကိုက်ရသော ပြသာနာကြီးတစ်ရပ်ဖြစ်ခဲ့ရတယ်။
ဘာ့ကြောင့်လဲဆိုတော့
ပလတ်စတစ်ကြွပ်ကြွပ်အိတ်ဟာ လူသားတို့ရဲ့ အသက်အန္တရာယ်ကို ခြိမ်းခြောက်နေသည့် ပြသာနာတစ်ရပ်ပဲဖြစ်ပါတယ်။ မြ၀တီ၊ မြန်မာ့အသံ တွင်ပလတ်စတစ်အိတ်နှင့်ပက်သတ်၍ ပညာပေးဇာတ်လမ်းတိုလေးများ မကြာခဏ လွှင့်လေ့ရှိပါတယ်။ အဓိကပညာပေးချင်သည့်အချက်များမှာ -
၁၊ သစ်ပင်ပေါက်လေးပေါ်ကို ကြွပ်ကြွပ်အိတ်လေးစွပ်သွားတော့ အပင်လေးသေ သွားပုံ၊ နှင်းဆီပန်းလေးညိုးသွားပုံ။
၂။ ကြွပ်ကြွပ်အိတ်ရေထဲကျသွား၊ ငါးတစ်ကောင်အစာမှတ်ပြီးဟပ်လိုက်တော့ အဲ့ဒီငါးလေးသေသွားပုံ။
၃။ မုန့်ဟင်းခါး ကဲ့သို့ ပူလောင်နေသောအရည်ကို ကြွပ်ကြွပ်အိတ်နှင့် ပါဆယ်ထုတ်တော့ ကြွပ်ကြွပ်အိတ်မှ အန္တရာယ်ရှိသည့် ဓာတ်ပေါင်းတစ်မျိုးထွက်လာပြီး အမျိုးသားတွေ စားသုံးပါက မျိုးဆက်ပျက်သုဉ်းနိုင်သည့် ရောဂါရရှိနိုင်ပုံ။
၎။ မြေမြှုပ်တော့လည်း နှစ်ပေါင်းများစွာကြာသည့်တိုင် ဆွေးမြေ့မသွားပုံ။
၅။ ကြွပ်ကြွပ်အိတ်ကို မီးရှို့တော့လည်း အန္တရာယ်ရှိသည့် ဓာတ်ငွေ့များထွက်လာပုံ။
စသည့် အချက်များကို ပြည်သူများ သတိပြုမိစေရန် ရိုက်ကူးတင်ဆက်ထားပါသည်။
ထို့အပြင် ထိုကြွပ်ကြွပ်အိတ် ပြသာနာကို ဖြေရှင်းနိုင်မည့် နည်းလမ်းသုံးခုကိုပါ ထည့်သွင်းရိုက်ကူးထားပါတယ်။ထိုနည်းလမ်းသုံးသွယ်မှာ-
1.Reduce
-ကြွပ်ကြွပ်အိတ်ကို တက်နိုင်သလောက်လျှော့သုံးပါ။
2.Reuse
-ပြန်သုံးပါ။ ကြွပ်ကြွပ်အိတ်သုံးပြီးလျှင် လွှင့်မပစ်ပါနဲ့။ နောက်တစ်ခါ ထပ်သုံး၍ ရနိုင်ပါသေးတယ်။
- Recycle
-ပြန်လည်ပြုပြင်ထုတ်လုပ်ရေး တို့ဖြစ်ပါတယ်။ ထိုR သုံးလုံးကို လိုက်နာကာကျွန်မတို့ချစ်သော မြန်မာပြည်ရဲ့ ယိုယွင်းနေသော ပတ်ဝန်းကျင်ကို ထိန်းသိမ်းပြုပြင်နိုင်ပါတယ်။
ကမ္ဘာမြေကို ထိန်းသိမ်းဖို့အတွက် နာရေးကူညီမှု အသင်း(ရန်ကုန်)သည် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး လှုပ်ရှားမှုအဖြစ် အမှိုက်ကောက်ခြင်း၊ ပေါင်း မြက်များရှင်းလင်းခြင်း၊ အမှိုက်များအား စနစ်တကျ စွန့်ပစ်နိုင်ရန် သတ်မှတ်အမှိုက်ပုံးများ စီစဉ်ဆောင်ရွက် သတ်မှတ်ထားရှိပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း
၂၀၁၄ ခုနှစ်၊ ဇွန်လထုတ်သတင်းစာတွင် ဖော်ပြထားပါတယ်။
ယိုယွင်းနေသော သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းပြုပြင်ဖို့ကြိုးစားကြရာဝယ် အမှိုက်ကောက်ခြင်းအခန်းကဏ္ဍသည်လည်း အရေးကြီးပေးသည်။ အမှိုက်ကောက်ခြင်းဟာ ရှက်စရာမဟုတ်ပါ။ စည်းကမ်းမဲ့အမှိုက်စွန့်ပစ်ခြင်းကသာ ရှက်စရာဖြစ်ပါတယ်။
နိုင်ငံကျော်သရုပ်ဆောင် ဦးကျော်သူ(နာမှုကူညီရေးအသင်း-ရန်ကုန်) ကမှတ်သားစရာ စကားလေးတစ်ခွန်းကို ပြောကြားခဲ့သည်။
ထိုအဖိုးတန်စကားကတော့ "နိုင်ငံကိုချစ်ရင် အမှိုက်ကောက်ပါ" တဲ့။
ဒါ့ကြောင့် "နံပါတ်၃အချက် အနေနဲ့
အမိမြန်မာပြည်ကြီးကို ချစ်ပါက၊ သဘာဝပတ်ဝန်းကျင်ကို သန့်ရှင်းစင်ကြယ်စေလိုပါက ကျွန်မတို့တစ်တွေ အမြင်မတော်သော အမှိုက်များကို ကောက်ယူ၍ အမှိုက်ပုံးအတွင်းသို့ စနစ်တကျ စွန့်ပစ်သင့်ကြောင်းပါ "။ ပတ်ဝန်းကျင် သန့်ရှင်းရေးလုပ်ငန်းစဉ်များသည် တစ်နေ့ချင်း၊ တစ်လချင်းဆောင်ရွက်၍ ပြီးစီးသွားသည့်ကိစ္စမျိုးမဟုတ်တဲ့အတွက် ပြည်သူများက ၀ိုင်းဝန်းကူညီ၍ နေ့စဉ်လုပ်ဆောင်သွားရန် လိုပါတယ်။
နိဂုံးချူပ်အနေနဲ့
ပတ်ဝန်းကျင်ထိန်းသိမ်း ရေးနဲ့ပတ်သတ်ပြီးတွေ့ရှိခဲ့တဲ့ သတင်းလေးတစ်ခုကိုပြောပြချင်ပါတယ်။ အဲ့ဒီသတင်းကတော့
အောက်တိုဘာလ (၈)ရက်နေ့က ဗီယက်နမ်နိုင်ငံမှာ ကျင်းပပြီးစီးခဲ့တဲ့ ASEAN အသင်းကြီးကကျင်းပတဲ့ "သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမှုအကောင်းဆုံး မြို့ကြီး (၁၀) မြို့ဆုပေးပွဲ" မှာ
ကျွန်မတို့ မြန်မာနိုင်ငံရဲ့ ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့က
ဆုရရှိခဲ့ကြောင်းပါ။
တောင်ကြီးမြို့ကို စံနမူနာ ထားပြီး တခြားတခြားမြို့ကြီးတွေအပါအ၀င် ကျေးလက်ဒေသပါမကျန် သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းကြမယ်ဆိုရင် မကောင်းဘူးလားရှင်။ ။
Written By
MSC-040
Images and information from google.com.
နိုင်ငံပိုင်သတင်းစာများမှ အချက်အလက်အချို့ကိုလည်း ကောက်နုတ်ဖော်ပြထားပါသည်။