ဇွဲ
ဇွဲနဲ့ပတ်သက်လာရင် ကျနော်တို့ ငယ်ငယ်ကသင်ရတဲ့ မဟာဇာနကမင်းသားကိုပဲ သတိရကြလေ့ရှိပါတယ်။
လူတစ်ယောက်မှာ အတတ်ပညာရှိရုံနဲ့ မအောင်မြင်နိုင်ပါဘူး။ဇွဲ၊လုံ့လ ၊ဝီရိယရှိဖိုလည်း လိုအပ်ပါတယ်။ ဆယ်တန်းမှာ စာတော်တယ် ဆိုရုံနဲ့ မအောင်မြင်နိုင်ပါဘူး။ အနည်းဆုံးစာရပါမှ ဖြစ်ပါမယ်..စာရဖို့စာကျက်ရမယ် စာကျက်ရင် ဇွဲရှိရှိနဲ့ကျက်မှ စာရမှာ ဖြစ်ပါတယ်။
ဘယ်လိုအလုပ်မှာမဆို အလုပ်လုပ်တတ်တယ် အလုပ်တော်တယ် ဆိုရုံနဲ့ မအောင်မြင်နိုင်ပါဘူး။ အလုပ်က ကျရှုးံမှုတွေရှိရင် ကြံ့ကြံ့ခံ ရင်ဆိုင်ပြီး ဇွဲရှိရှိနဲ့ ပြန်လည်ကြိုးစားမှသာ ပန်းတိုင်ကို ရောက်မှာ ဖြစ်ပါတယ်။
ကျနော်တို့ အခု အသုံးပြုနေကြတဲ့ သောမတ်အက်ဒီဆင်ရဲ့ လျှပ်စစ်မီး တီထွင်မှုဟာ အကြိမ်ရေ ထောင်ချီပြီး ကျရှုံးပြီးမှ ဇွဲကောင်းကောင်းနဲ့ပြန်လည်ကြိုးစားတီထွင်ခဲ့လို့သာ ကျနော်တို့ ကမ္ဘာကြီးဟာ လျှပ်စစ်မီးကို ရရှိခဲ့ကြတာဖြစ်ပါတယ်။
အောင်မြင်သူတိုင်းဟာ ကျရှုံးမှုကိုရင်ဆိုင်ပြီးမှ ဇွဲရှိရှိနဲ့ကြိုးစားကြလို့သာ အောင်မြင်မှုကို ရရှိကြတာဖြစ်ပါတယ်။
ကျနော်တို့ ဗုဒ္ဓမြတ်စွာဘုရားဟာ သိဒ္ဓတ္ထမင်းသားဘဝနဲ့သာ ကျေနပ်ခဲ့မယ် ဒါမှမဟုတ် ဘုရားမဖြစ်ခင် မှာ လက်လျော့ခဲ့မယ်ဆိုရင် ကျနော်တို့ ကိုးကွယ်နေတဲ့ မြတ်စွာဘုရား ဆိုတာတောင် ဖြစ်လာမှာ မဟုတ်ပါဘူး။ဇွဲဆိုတဲ့ ကြိုးစားအားထုတ်မှု ပြင်းပြလွန်းတဲ့ ဆန္ဒတွေကြောင့်သာ ဘုရားဖြစ်လာတာပါ။
ကျနော်တို့ ငယ်ငယ်က သင်ခဲ့ကြရတဲ့ ငွေတာရီရဲ့ ကဗျာလေးတစ်ပုဒ်ရှိပါတယ်။
တစ်တောင်ပေါ် တစ်တောင်ဆင့်
တောင်အမြင့်ပတ်ခြံရံ
တစ်တောင်ဆုံးပြန်တော့
တစ်လုံးကျန်ပြန်ပေသမို့
အဖန်ဖန်အားအင်နိုးလို့ရယ်
ကြိုးလျှောက်ရပြန်
တစ်ခါတစ်လေ တစ်ကယ်ပန်းတာကြောင့်
တော်ပါပြီ ဆက်မလှမ်းချင်ဘု
ရပ်တန်းကရပ်မယ်ကြံ
အမှန်တော့ ဖြစ်နိုင်ပါ့မလား
စခဲ့မိတာပေါ့
တစ်နေ့မှာ ဆုံးရာရောက်ပါလိမ့်
မာလာငွေကန်ရေအေးရယ်နဲ့
ငှက်တေးကို အာရုံဆင်လို့
မူတသွင်အားအင်သစ်လိုက်ပါ့
ချစ်ဖွယ့်လူသား.....တဲ့။
ကျနော်တို့လူတွေဟာ အရှုံးတွေနဲ့တွေ့တဲ့အခါ လက်လျော့လိုကြတယ် ။ အရှုံးပေးချင်ကြတယ်။ လဲကျရင်ပြန်ထပြီး ဆက်လျှောက်ဖို့ထက် လဲတဲ့နေရာမှာပဲ ရပ်တန့်နေလိုက်ချင်ကြတယ်။ တကယ်က ဇွဲလုံ့ လ စိုက်ထုတ်ပြီး ပြန်ထသွားမှ လိုရာခရီးကို ရောက်လိမ့်မယ်တဲ့.။အစရှိရင် အဆုံးရှိရမယ်။ အလယ်တစ်ပိုင်းမှာ မရပ်တန့်ပစ်လိုက်ပဲ ဇွဲမလျော့ပဲ အဆုံးထိဆက်လျှောက်ကြဖို့ တိုက်တွန်းထားတဲ့ ကဗျာလေးပါ။
ကျနော်တို့ စိတ်ရှည်သည်းခံရမယ်။ ဇွဲကောင်းကြရမယ်။ ဇွဲရှိကြရမယ်။ လဲကျရင် ပြန်ထကြရမယ်။ လဲကျရင်လည်း ပြန်ထပြီး ကိုယ့်လမ်းကို ဆက်လျှောက်ကြရမယ်..။ ဒါမှတစ်နေ့မှာ အောင်မြင်မှုဆိုတဲ့ပန်းတိုင်ကို ရရှိကြမှာ ဖြစ်ပါတယ်။
အောင်မြင်သူတိုင်းက လဲကျဖူးကြသူချည်းဖြစ်မှာပါ။လဲကျဖူးရင် ပြန်ထပြီး ပြန်လျှောက်ကြတဲ့ ဇွဲမလျှော့တတ်ကြတဲ့ အလေ့အကျင့်တစ်ခုကလည်း အောင်မြင်သူတို့ရဲ့ နည်းလမ်းတစ်ခုပဲဖြစ်ပါတယ်။ကျနော်တို့လည်း အောင်မြင်ကြချင်ရင် အောင်မြင်ကြသူတို့နည်းလမ်းတစ်ခုဖြစ်တဲ့ ဇွဲ မလျှော့ကြတဲ့ ဇွဲရှိကြတဲ့ လဲကျရင် ပြန်ထကြတဲ့ နည်းလမ်းကောင်းတစ်ခုကို ကျင့်သုံးကြဖို့ အကြံပေးချင်ပါတယ်။