မင်္ဂလာပါ Steemit မိတ်ဆွေများ
လူသားများအနေဖြင့် အသက်ရှင်ရပ်တည်နေထိုင်နိုင်ရန် လိုအပ်သော အစာ အာဟာရ(၀မ်းစာ)ဖြည့်တင်းမှုကို နေ့စဉ် အခြေခံ လိုအပ်ချက်တစ်ရပ်အဖြစ် ပြုလုပ်ကြရပါသည်။မနက်အိပ်ယာထလျှင် မနက်စာ၊နေ့လည်ချိန်တွင် နေ့လည်စာ၊ညဘက်တွင် ညစာ အစရှိသဖြင့် သူ့အချိန်နှင့်သူ လိုအပ်သောဝမ်းစာကို ဖြည့်တင်းစားသောက်ကြရပေသည်။
Photo credit- Google image
ဝမ်းဗိုက်ပြည့်နေမှသာ မိမိလုပ်ဆောင်ရမည့် တနေ့တာလုပ်ငန်းဆောင်တာများကို အင်ပြည့်အားပြည့်ဖြင့်လုပ်ကိုင်နိုင်မည်ဖြစ်ပြီး နောက်ရက်များအတွက်ဖြတ်သန်းရန်ခွန်အားလည်း ရရှိနိုင်ပေသည်။ "အူမတောင့်မှ သီလစောင့်နိုင်မည်" ဟူသော စကားပုံလည်းရှိသည်မဟုတ်လား။ကောင်းကျိုးသီလ ပြုရန်အတွက်ပင် လိုအပ်သောအစာအာဟာရ
ပြည့်ဝနေဖို့လိုအပ်ပေသည်။ထိုသို့မဟုတ်ပါက အားအင်ချိနဲ့စွာဖြင့် ဖြတ်သန်းရမည်ဖြစ်ပြီး တနေ့တာလုပ်ဆောင်ရမည့် လုပ်ငန်းဆောင်တာများ မလုပ်ဆောင်နိုင်ဖြစ်ရပေမည်။ထို့ကြောင့် ၀မ်းစာ သည်မိမိတို့ဘ၀ရှင်သန်ရပ်တည်ရန်အတွက် မရှိမဖြစ်လိုအပ်သော အခြေခံလိုအပ်ချက်တစ်ရပ်ဖြစ်နေပေသည်။
အလားတူပင် မိမိတို့၏ နေ့စဉ်ပြုလုပ်ရာ အသက်မွေးဝမ်းကျောင်း လုပ်ငန်းနယ်ပယ်များတွင်လည်း ထိုလုပ်ငန်းကျွမ်းကျင်မှု၊နှံ့စပ်မှု၊ကောင်းမွန်စွာ ပြုလုပ်ဖန်တီးနိုင်မှုတို့အပေါ်မူတည်၍ မရှိမဖြစ်လိုအပ်သော ၀မ်းစာနှင့် ခိုင်းနှိုင်းပြောဆိုကြသည်ကိုလည်း ကြုံဖူးကြမည်ဖြစ်ပါသည်။
ဥပမာအနေဖြင့် အနုပညာနယ်ပယ်တွင် အောင်မြင်ကျော်ကြားသော အနုပညာရှင်ကြီးများအား ထိုသူကတော့ဖြင့် အနုပညာဝမ်းစာ ပြည့်ဝသည် အစရှိသဖြင့် ပြောဆိုကြသည်ကိုလည်းတွေ့ရှိဖူးမည်ဖြစ်ပါသည်။မိမိလုပ်ဆောင်နေသော လုပ်ငန်းနှင့်ပတ်သတ်၍ အခြေခံလိုအပ်ချက်များ၊လုပ်ငန်းပြုလုပ်ရာတွင်ပိုမိုလျှင်မြန်စွာပြုလုပ်နိုင်မည့် ပညာရပ်များ၊လိုအပ်သော ကျွမ်းကျင်မှုအတတ်ပညာများသည် အဆိုပါ လုပ်ငန်းအတွက် လိုအပ်သော ၀မ်းစာများပင်ဖြစ်ကြသည်။ထိုအရာများကို အမြဲမပြတ်ဖြည့်တင်းနေခြင်းအားဖြင့် မိမိအလုပ်အတွက်လိုအပ်သော ၀မ်းစာဖြည့်တင်းမှုပြုလုပ်သင့်ပေသည်။
Photo credit - Google image
အလားတူပင် steemit platform တွင်စာရေးနေသော မိတ်ဆွေများအတွက်လည်း လိုအပ်သော ၀မ်းစာဖြည့်တင်းမှု ပြုလုပ်ကြရန် လိုအပ်ပေသည်။စာရေးခြင်းအတွက် လိုအပ်သော ၀မ်းစာမှာ စာဖတ်ခြင်းပင်ဖြစ်သည်။အခြားသော လိုအပ်ချက်များရှိသော်လည်း စာဖတ်ခြင်းအားဖြင့်သာ စာရေးရန်အတွက် ၀မ်းစာပိုမိုရရှိနိုင်ပေသည်။စာဖတ်ခြင်းအားဖြင့် မိမိအတွက် ဥာဏ်အလင်းပွင့်လာစေနိုင်ပြီး၊လိုအပ်သော ဖန်တီးရေးသားမှုများ ပြုလုပ်လာနိုင်မည်ဖြစ်ပါသည်။
Photo credit - Google image
မိမိဖော်ပြလိုသော အကြောင်းအရာကိုလည်း ပိုမိုပေါ်လွင်စွာ ပုံဖော်ရေးသားလာနိုင်မည်ဖြစ်ပြီး၊ဖန်တီးမှုအားကောင်းလာနိုင်စေပါသည်။ဝမ်းစာပြည့်ဝပြီး ပြောင်မြောက်သောဖန်တီးရေးသာမှုများကို ပြုလုပ်လာနိုင်မည်ဟုတင်ပြရင်း ပို့စ်လေးကို အဆုံးသတ်လိုက်ပါသည်။