Myanmar Steemit Community မှ အဖွဲ့ဝင်များအားလုံးနှင့် ကမ္ဘာသူကမ္ဘာသား အားလုံး မင်္ဂလာပါ။
ကမ်းနားလမ်းလမ်းလျှောက်ထွက်ရင်း တောင်ရိုးတန်းဘုရားဖူးတွေ့ရစဉ်
view point ကနေ လှမ်းမြင်ရတဲ့ ကျွန်တော်တို့ မောရွှေမြိုင် ညမြင်ကွင်းလေးပါ
ဘာလိုလိုနဲ့ ဆောင်းတွင်းလေးတောင် ကုန်ဆုံးတော့မယ်။ ရာသီဥတု အအေးဓါတ်လေးကတော့ ခုချိန်ထိ အေးလို့ကောင်းနေတုန်းပါဘဲ။ ခုလို ချမ်းအေးတဲ့ ဆောင်းရာသီလေးမှာဆို ကျွန်တော်တို့ မော်ရွှေမြိုင်ရဲ့ မနက်ခင်းမှာ တောင်ရိုးတန်းနှင့် ကမ်းနားလမ်းတွေမှာ အမြဲလိုလို စည်းကားနေပါတယ်။ မနက်ခင်း အအေးဓါတ်ကြောင့် အိမ်မှာကွေးမနေဘဲ အိမ်အပြင်ထွက် လေ့ကျင့်လုပ်ပြီ သာယာတဲ့ မနက်ခင်းလေးကို ဖြတ်သန်းသူများဖြင့် စည်းကားနေခြင်းဖြစ်ပါတယ်။ ကျွန်တော်တို့ မော်ရွှေမြိုင်ရဲ့ မနက် ငါးနာရီလောက်ဆို တောင်ရိုးတလျှောက် လမ်းလျှောက်သူများ များပြားလှပါသည်။ ငါးနာရီခွဲ ခြောက်နာရီလောက်ဆို ကျွန်တော်တို့မြို့လေးရဲ့ တမြို့လုံးကို မြင်ရတဲ့ View point ဆိုတဲ့ နေရာလေးကနေ မနက် နေထွက်လာတာလေးကို တမြည့်မြည့် ခံစားကြည့်ရှု့နိုင်ပါတယ်။
မော်ရွှေမြိုင်ရဲ့ ဖြောင့်ဖြူးသောကမ်းနားလမ်းအလှ
မနက်ခင်း စက်ဘီးစီးလေ့ကျင့်ခန်းလုပ်နေသော ကလေးငယ်လေး
ထိုနေရာလေးမှာလည်း မနက်ခင်း အားကစားလိုက်စားသူများအတွက် လေ့ကျင့်ခန်း လုပ်နိုင်ရန် ခါးလိမ့်ကစားနည်း လမ်းလျှောက်စရာများကို စနစ်တကျ ပြုလုပ်ထားပေးပါတယ်။ မနက်ခင်းနေထွက်ချိန်လေးမှာဆို ကျွန်တော်တို့ မော်ရွှေမြိုင်ရဲ့ မြို့တခြမ်းလုံးကို နေရောင်ဖြာချသွားပုံလေးကလည်း အလွန်တရာမှ လှပလွန်းပါတယ်။ ထို့အပြင် ညနေ နေဝင်ဆည်းဆာအလှကိုလည်း view point လေးကနေ တစိမ့်စိမ့် ကြည့်ရှု့ နိုင်ပါသေးသည်။ နေမင်းကြီးက မြစ်ရေပြင်ထဲ ထိုးဆင်းသွားသည့်အလား ထင်မှတ်ရလောက်အောင် လှလွန်းပါသည်။ ကျွန်တော်တို့မော်ရွှေမြိုင်မြို့ လေးမှာဆို မနက်ခင်း လမ်းလျှောက် စက်ဘီး စီးသူများအဖို့ အလွန်ရှည်လျား လှပတဲ့ ကမ်းနားလမ်းလေးလည်း ရှိပါသေးသည်။
စည်းကားလှတဲ့ ရေပေါ်ညဈေးတန်း
မော်ရွှေမြိုင်ရဲ့ နေဝင်ဆည်းဆာအလှတရား
ကမ်းနားလမ်းလေးက အလွန်ရှည်လျားပြီ မနက်ခင်းချိန်တွင် ရှင်းလင်းပြီ အကွေ့အကောက်မရှိသောကြောင့် အေးချမ်းသာယာစွာ လမ်းလျှောက်စက်ဘီးစီးနိုင်ပါသည်။ ထိုကမ်းနားလမ်းတွင်လည်း မနက်ခင်း လေ့ကျင့်ခန်းလုပ်သူများ အစဉ်မပြတ် ရှိပါတယ်။ ဖြောင့်ဖြူးသောကြောင့် ကျန်းမာရေးအတွက် လမ်းလျှောက်ခြင်း စက်ဘီးခြင်းများကို ကောင်းစွာပြုလုပ်နိုင်ပါသည်။ ကျွန်တော်လည်းဘဲ အထိုင်များပြီ ကိုယ်အလေးချိန်တိုးလာကြောင့် မနက်ခင်းတချိန် ညနေခင်းတချိန် ပုံမှန် စက်ဘီးစီးနင်းဖြစ်ပါသည်။ မနက်ခင်း ကမ်းနားလမ်းတလျှောက် စက်ဘီးစီးနင်းပြီ အိမ်ရောက် ရေချိုး အလုပ်ခွင် ဝင်ခြင်းဖြင့် တနေကုန် စိတ်လက်ပေါ့ပါးနေသလို ခံစားရပါသည်။
ကမ်းစပ်နားပျံဝဲနေသော ဇင်ယော်လေးများနှင့် ရေပေါ်နားနေကြသော ဇင်ယော်ငှက်ငယ်များ
ကမ်းနားလမ်းလေးက ရှည်လျားသောကြောင့် လေကောင်းလေသန့်များကို အပြည့်အဝ ရှုရှိုက်ခွင့်လည်း ရပါသည်။ ကျွန်တော်တို့ မော်ရွှေမြိုင် ကမ်းနားလမ်းတွင် မနက်ဆို လေ့ကျင့်ခန်းလုပ်ရန်နှင့် ညနေအချိန်တွင် ထိုနေရာလေးမှာ ညဈေးတန်းလုပ်ရန် မြေကွက်လပ်ကြီး ရှိပါတယ်။ ညနေခင်း နေဝင်ဆည်းဆာအလှကို ကမ်းနားလမ်းရေပေါ်ဈေးလေးမှ ထိုင်ပြီ အစားအသောက်များ စားသောက်ကာ ထိုင်ကြည့်နိုင်ပါတယ်။ ထိုစားသောက်ဆိုင်တန်းများသည်လည်း ကျွန်တော်တို့ မော်ရွှေမြိုင်အစားဆိုတာကို ပုံဖော်နေသလို ဆိုင်ဖွင့်သည်နှင့် ဆိုင်ပိတ်ချိန်ထိ စည်းကားနေပါသည်။ ကမ်းနားလမ်းရဲ့အစပိုင်း Strand Hotel ရှေ့ နားတွင်လည်း ညနေခင်းအချိန်တွင် ဆောင်းခိုငှက်တမျိုးဖြစ်သော ဇင်ယော်ငှက်ကလေးများ အစာရှာထွက်လာကာ အစာကျွေးသူများဖြင့် စည်းကားနေပါသည်။ ဇင်ယော်ငှက်ကလေးများ ကမ်းစပ်နားပျံဝဲပြီ အစာများ ဖမ်းယူစားသောက်ပြီ ရေပေါ်နားနေပုံလေးတို့မှာလည်း စိတ်အလွန်ကြည်နူးချမ်းမြည့်ဖွယ်ကောင်းပါတယ်။ ထိုဇင်ယော်ငှက်ကလေးများသည် ဆောင်းရာသီးမှသာ ကျွန်တော်တို့မော်ရွှေမြိုင် ကမ်းနားလေးကို အလိုလိုရောက်လာပြီ အစာရှာလာတတ်ကြပါသည်။ ကျန်ရာသီအချိန်များတွင် မတွေ့ရသောကြောင့် ဆောင်းရာသီအချိန်တွင် ဇင်ယော်ငှက်ကလေးများက ကျွန်တော်တို့မောရွှေမြိုင်အလှကို ပိုမြိုင်သွားအောင် လုပ်ဆောင်ပေးသော ငှက်ကလေးများဖြစ်ပေသည်။ ဆောင်းရာသီအချိန်အခါတွင် မော်ရွှေမြိုင်သို့ အလည်တခေါက်ရောက်ခဲ့လျှင် ကမ်းနားလမ်းမှာ ဇင်ယော်ငှက်ကလေးများကို အစာကျွေးပြီ ရေပေါ်ဈေး စားသောက်တန်းတွင် အရသာရှိသောအစားအစာများ စားသောက်ကာ နေဝင်ဆည်းဆာအလှကို ခံစားကြည့်လှည့်ပါဟု ဖိတ်ကြားရင်း မော်ရွှေမြိုင်ရဲ့ ဆောင်းရာသီ ဆိုတဲ့ ဆောင်းပါးလေးကို ရပ်ခွင့်ပြုပါအုံး။
Myanmar Steemit Community မှ အဖွဲ့ဝင်များအားလုံး ကိုယ်စိတ်နှလုံး ကျန်းမာပျော်ရွှင်ကြပါစေ။