လောဘလောဘ
အလိမ်ခံရပြန်ပြီ တဲ့ သိန်းတွေသောင်းနဲ့ချီ ကြားလိုက်ရသည့်သတင်း လွန်စွာအံ့ဩမိပေ၏။ ဒီလောက်အထိယုံကြည်ကြတာ အကြောင်းတစ်ခုတော့ရှိရမည်၊ အလိမ်ခံရသူနှင့် လိမ်လည်သူ ကြား စဉ်းစားခန်းဝင်မိလေတော့၏။လူ့စိတ်သည်ကားအမြဲ လိုချင်မှု၊ သာယာမှု တို့ဖြင့် အမြဲတည်ရှိနေ၏။ လူတစ်ဦး၏ လောဘ၊လိုချင်တပ်မက်မှုကို အသုံးချ၍ မိမိအကျိုးစီးပွားအတွက် လိမ်လည်ခြင်းကိုပြုကြပေကုန်၏။
Credit Original Source
တစ်နေ့သ၌ ရပ်ကွက်ထဲက တို့ဟူးသုပ်ဗန်းရွက်သည် အိမ်ရှေ့ကဖြတ်သွားသည်နှင့် လာပါဦး အသုပ်တစ်ပွဲလောက်ပါ အမရေ ဟု အသုပ်ဝယ်လိုက်လေ၏။ ထိုအသုပ်သည်မှာ အသုပ်နယ်ရင်းနှင့် နောက်ဆိုလျှင် အသုပ်ရောင်းဖြစ်တော့မည် မဟုတ် အလုပ်တစ်ခုလုပ်တော့မည်၊ တစ်နှစ်အတွင်း စင်ကာပူပါ သွားလည်မည်ဟု ပြောလာသည်။ အလို မြတ်စွာဘုရား ရူးများရူးသွားပြီလား စာရေးသူတွေးလိုက်မိသည်၊ ခလေးသုံးယောက်အမေ မုဆိုးမ တစ်ဖြစ်လဲအသုပ်သည်က ချက်ခြင်းကြီး ချမ်းသာတော့မည့်သရောင် ပြောဆိုနေသည်၊ ထီပေါက်သံလဲမကြား ။ ဆိုပါဦး အမရယ် စိတ်ဝင်စားလိုက်ပါသဘိနှယ် ချက်ခြင်းကြီးပြောင်းလဲသွားမယ်ဆိုတော့ လင်းစမ်းပါဦးဗျာ နားလည်အောင်လို့။ ဘေးမှလက်ဆေးရေပုံးထဲ သို့ လက်ကိုနှစ်ကာခါ၍ နှုပ်ခမ်းတစ်ဖက်ကို ပြုံးရင်းပြောသည်။ ဒီလိုရှိတယ်ငါ့မောင်ရေ အမက ကုမ္ပဏီကြီးမှာလုပ်မှာလေ အခုတောင် အစည်းအဝေးသွားရတာ နှစ်ကြိမ်ရှိနေပြီ၊ ပြီးတော့ သူတို့က အမကို လစာက ဘဏ်စာအုပ်နဲ့ ထည့်ပေးမှာ တစ်ခါရပြီးရင် အဲဒီလစာက တစ်သက်လုံးလတိုင်း လတိုင်း ရနေတော့မှာ။ အမအသိညီမလေးဆိုရင် ဖုန်းထဲမှာ စင်ကာပူမှာရိုက်ထားတဲ့ ဓာတ်ပုံတွေပြတာ ငါ့မောင်ရဲ့ ကုမ္ပဏီက အလကားလိုက်ပို့ပေးတာတဲ့ စရိတ်ငြိမ်း စရိတ်ငြိမ်း။ ပြီးတော့ ဘွဲ့ရစရာလည်းမလိုဘူး ပညာတတ်စရာလည်းမလိုဘူး အသက်အရွယ်ကန့်သတ်ထားတာလည်းမရှိဘူး ဘေးအိမ်က ဒွေးလေးတို့တောင် စိတ်ဝင်စားနေတာ ဟု ခေါင်းကိုမော့ ရင်ကိုကော့ကာ ပြောလာပါတော့သည်။ ဒီခေတ်ကြီးမှာ တစ်လ သိန်း 5000 ရင်းလို့ သိန်း 50 မြတ်ဖို့ဆိုတာလွယ်တာမဟုတ်ဘူး ငါ့မောင်ရဲ့ (ဟိုက်... မြတ်စွာဘုရား) လူတစ်ယောက်အောင်မြင်ရင် မနာလိုကြတဲ့ သူတွေကလဲအများသား။ အော်ဟုတ်ကဲ့ အမရေ အသုပ်ဖိုးက ဘယ်လောက်လဲ နှစ်ရာပါ ငါ့မောင် ဟုတ်ကဲ့ ရော့ ကျေးဇူးပါပဲဗျာ ဟု နှုတ်ဆက်ကာ အိမ်အတွင်းသို့ဝင်ခဲ့လေ၏။ ခေါင်းထဲ၌ အတွေးပေါင်းများစွာ။
Credit Original Source
နောက်တစ်ခုရှိသေးသည် စာရေးသူ ပတ်ဝန်းကျင်တွင် မဲရောင်းဝယ်ကိစ္စများ ကြားတွေ့နေရသည်။ မဲအရောင်းအဝယ်ဆိုသည်မှာကား ကျွန်ုပ်တို့ငယ်စဉ်က လူဆယ်ဦး ဆုကြေးစုကြသည်ဆိုပါစို့ ၁ မှ ၁၀ မဲနှိုက်ကြရသည်။ ၁ သမား နှင့် ၂ သမားကတော့ ပျော်ရသလို ရက်ဝေးသမားများကတော့ မျှော်ရပေတော့သည်။ ဥပမာအားဖြင့် ယနေ့သည် ၁ ရက်နေ့ဆိုပါစို့ မိတ်ဆွေ၏ဆုကြေးမဲမှာ ၃၀ ရက်နေ့မှ ပေါက်မည်သို့သော် အရေးပေါ် အကြောင်းကိစ္စတစ်ခုခုကြောင့် ၃၀ ရက်နေ့အထိ မစောင့်နိုင်တော့ပေ ထို့ကြောင့် ၂၀၀၀၀၀ တန်သောဆုကြေးမဲကို ပွဲစားသို့အပ်၍ ရောင်းစေသည်။ တစ်ဖန်ပွဲစားမှလည်း (30.5.18 - 150000) ဟု သက်ဆိုင်ရာ အမြတ်အစွန်း တစ်ခုဖြင့်ရောင်းဈေးခေါ် လေသည် ထိုအခါ ဝယ်ယူသူက ယနေ့ ၁၅၀၀၀၀ ကို နေ့ခြင်းလွှဲပေးရသည်။ ၃၀ ရက်နေ့သို့ရောက်သည့်အခါ ၂၀၀၀၀၀ ကိုပွဲစားထံမှ လက်ခံရရှိသည်။ ထို့ကြောင့်ဝယ်သူက ၁၅၀၀၀၀ ခွဲရင်း၍ ၂၀၀၀၀၀ ပြန်ရသည့်အတွက် ၅၀၀၀၀ အမြတ်ရရှိပါသည်။ ထို့ကြောင့် အရင်းအနှီးကိုအသုံးချရသလို ယုံကြည်ရသောပွဲစားရှိဖို့လည်းလိုအပ်ပါသည်။ သဘောတရားအားဖြင့် ကျွန်ုပ်တို့ PTC လောကတွင် investment ပြုလုပ်သကဲ့သို့ပင် သဘောထားရသလိုပင်။ ဆိုဒ်တစ်ခုကောင်းပြီဆိုလျှင် အလုအယက် invest လုပ်ကြသလို Scam ပြီဆိုလျှင်တော့ ဝမ်းနည်းစွာဆဲဆို၍ နှုတ်ဆက်ရပေတော့သည်။ မဲလောကသည်လည်း ဤသို့ပင် အမြတ်ကြမ်းသည့်အားသာချက်ရှိသလို မဲအစစ်ဟုတ်မဟုတ် မသိရချေ ဒိုင်ကိုသာအားကိုးရသောကြောင့် ဒိုင်ပြေးလျှင်ဆုံးတတ်သလို ပွဲစားပြေးလျှင်လည်း ဆုံးတတ်သည်ကို သတိပြုရပါသည်။ ထိုသို့ မဲအရောင်းဝယ်ပြုလုပ်ကြသော Group များနေရာအလိုက် အကြီးအသေး အမျိုးမျိုးဖြင့် Group များစွာရှိကြသည်ကို တွေ့ရလေ၏။ သစ်ကောက်၊ ဝါးကောက် သာမြင်တွေ့ရ၍ လူကောက်သည်ကို မသိနိုင်ပေ ထို့ကြောင့် တစ်ပါးသူအပေါ် အားကိုး၍စွန့်စားရသော နည်းလမ်းဖြစ်ပေသည်။ မှန်ကန်သောသူနည်းသလောက် အချီကြီးရလျှင်ပြေးသော PTC ဆိုဒ်များအလား တွေ့မြင်ရပါသည်။
Credit Original Source
အချုပ်အားဖြင့်ဆိုသော် လူလိမ်တို့သည် လူတို့၏လောဘကိုအသုံးချ၍ လိမ်လည်ခြင်းကို ပြုနိုင်ကြပေ၏။