Pro မန့်ရမယ့်ရက်က တိုက်တိုက်ဆိုင်ဆိုင် Valentine Day ဆိုတော့ Valentine နဲ့ပတ်သတ်တာလေးပေါ့ ဗျာ။
ဒီနေ့တွေ့နေရတာကတော့ အရုပ်ကြီးတွေ ပိုက်လို့ ပန်းစည်းတွေ ချောကလက်တွေနဲ့ အကျီ င်္ဆင်တူတွေဝတ်ပြီး မြို့ထဲမှာ လျှောက်သွားနေကြတာ တွေ့နေရတယ် ရုံးကိစ္စနဲ့ အပြင်သွားတော့လည်း ကန်ပေါင်မှာ အပြည့်ကိုယ့်ရုံးက ညီမတွေလည်း ပန်းစည်းတွေ လာပို့တဲ့သူနဲ့ အရုပ်တွေနဲ့ Surprise လုပ်ခံရတဲ့သူနဲ့ တွေ့နေရတယ် အို ဘယ်လိုလွမ်းလို့လွမ်းမှန်းတောင်မသိဘူး ရင်ထဲမှာတစ်မျိုးကြီး။ Valentine Day ပါဆိုမှ တစ်နေကုန်ရှုပ်လိုက်တဲ့အလုပ် ။ သူတို့ပျော်နေကြတာကြည့်ရင်း ကိုယ်လည်းတစ်ချိန် က Surprise လုပ်ခဲ့တာလေးကို ပြန်တွေးနေမိတယ်။ ပြောပြမယ်ဗျာ ကျွန်တော်လုပ်ဖူးတဲ့ Surprise လေးတွေ
သမီးရည်းစားဘ၀မှာပေါ့ အဲဒီနေ့က Valentine Day လေ သူများနဲ့မတူ Valentine Present ပေးချင်တာ ဒါပေမယ့်လည်း လက်ထဲမှာကလည်း များများစားစား ရှိတာမဟုတ်ဘူးရယ် အဆောင်နေကျောင်းသားဆိုတော့ ဘာကြံလို့ကြံရမှန်းမသိဘူး အဲဒါနဲ့ မေ့ချင်ယောင်ဆောင်ပြီး အဆောင်မှာပဲ အိပ်နေတာကောင်းပါတယ်ဆိုပြီး အဆောင်နားက စာအုပ်ဆိုင်မှာ စာအုပ်ငှားလို့ အဆောင်မှာစာဖတ်ရင်း အိပ်မယ်စိတ်ကူးလိုက်တယ်။ အဲဒီမှာ ငှားလာတဲ့စာအုပ်ထဲက စာရေးဆရာက သိုးဆောင်းတဲ့ သူက ကောင်မလေးကို Surprise လုပ်တာတွေ သူများနဲ့မတူတဲ့ လူငယ်ဆန်ဆန် အတွေးလေးတွေနဲ့ ဆန်းသစ်နေတာတွေ့ရတယ် ၀တ္တုပြီးသွားတဲ့အခါမှာ Idea ရသွားပြီ အကုန်အကျလည်းသက်သာမယ်၊ Surprise လည်းဖြစ်ရမယ် ကွက်တိပဲ ကိုယ်လိုချင်တာနဲ့။ အကောင်အထည်ဖော်ဖို့အတွက်ချက်ခြင်းပဲ ကွန်ပျူတာဆိုင်ကို ပြေးလိုက်တယ် အဲဒီတုန်းက ဖုန်းတွေမကိုင်နိုင်သေးဘူး MP4 လေးထဲက သူ့ပုံလေးရယ် ကျွန်တော့်ပုံလေးရယ် ထုတ်လို့ ကျွန်တော့်အကြံကို ဆိုင်က အကိုကြီးကိုပြောပြတော့တယ်။ ဆိုင်က အကိုကြီးကလည်း ၀ါသနာသိပ်ပါတာ စိတ်ရှည်လက်ရှည်ကို လုပ်ပေးတာ။ ကွန်ပျူတာဆိုင်က ပြီးတာနဲ့ သူတစ်ခါမှ မသိတဲ့ အတန်းထဲက အမကြီးကို အကူအညီတောင်းလို့ နှင်းဆီပန်းစည်းကြီးကိုင် စာအိတ်လေးရယ် ချောကလက်လေးရယ် ပေးခိုင်းလိုက်တော့တယ် ။ သမီးရည်းစားဘ၀မှာ တကယ်ကို အမှတ်တရလေးဖြစ်ခဲ့ရပါတယ်။
ကျွန်တော်လုပ်ခဲ့တဲ့ စာချုပ်လေး ပါ
နောက်တစ်ခုကတော့ သူ့မွေးနေ့
အဲဒီအချိန်က ကျွန်တော်က ရန်ကုန်မှာ သူက မိတ္ထီလာမှာ မွေးနေ့အမှီခွင့်ယူလို့ ပြန်လာခဲ့တယ်။ အဲဒီအချိန်ကတော့ နှစ်ယောက်သား ပိုက်ဆံစုနေတဲ့အချိန်၊ သူက online shopping လုပ်နေတဲ့အချိန် Online မှာ ပိုက်ဆံအိတ်လေးတွေရောင်းနေတယ်။ သူရောင်းတဲ့ အိတ်နဲ့တစ်ပုံစံထဲ တူတဲ့အိတ်ကိုရှာဝယ် Surprise လုပ်ဖို့စုထားတဲ့ ပိုက်ဆံလေးတွေကို ထည့်လို့ ပိုက်ဆံအိတ်လက်ဆောင် ဆိုပြီးသွားပေးတယ်။ သူရောင်းတဲ့ပစ္စည်းကို သူ့ကို လက်ဆောင်ပေးမရမလားဆိုပြီးစိတ်ဆိုးတာပေါ့ ကိုယ်ကလဲ ဒီဂွင်ထဲဝင်အောင်စဉ်ထားတာလေ။ အဲဒီအချိန်မှာ စိတ်တွေဆိုးပြီး ပိုက်ဆံအိတ်ကို လွှင့်ပစ်ပါလေရော။ ကိုယ်ကလဲ စေတနာနဲ့ဝယ်ပေးတာ မယူဘူး စိတ်ကောက်ပြီပေါ့နော်။ နာရီဝက်လောက်ကြာတော့မှ ပြန်ကောက်တယ် အိတ်ထဲကို ဖုန်းလေးထည့်တဲ့ အချိန်မှာ အိတ်က ဖောင်းနေတော့ ဖွင့်ကြည့်တယ်။ ပြီးတော့ အားလုံးသဘောပေါက်သွားတော့ ငိုပါလေရောဗျာ Surprise ပေါ့။ ဒီကလည်း ကိုယ်တို့နှစ်ယောက်အတွက် စုထားတဲ့ပိုက်ဆံတွေ ဘာညာ နဲ့ တော်ကီ အလန်းတွေ ရွတ်ပလိုက်တာ ဘယ်ရမလဲ။ အဲဒီနေ့က အရမ်းပျော်ခဲ့ရပါတယ် ကိုယ်ပျော်ရွှင်ရတာထက် သူပျော်နေတာမြင်ရင် ရင်ထဲမှာ အလိုလိုကိုကျေနပ်နေမိတာ ချစ်ဖူးတဲ့သူတွေသိမှာပေါ့ဗျာ။
ဘယ်လိုပဲ Surprise တွေ လုပ်ပေးလုပ်ပေး အဓိကအရေးကြီးတာကတော့ ရင်ထဲမှာ အချစ်စစ် အချစ်မှန်ရှိဖို့၊ တစ်ယောက်နဲ့တစ်ယောက်နားလည်မှုရှိရှိနဲ့ ရေရှည်လက်တွဲနိုင်ဖို့သာ အဓိကပါပဲခင်ဗျာ လက်ဆောင်တွေ ပန်းစည်းတွေ အရုပ်တွေဆိုတာက အပေါ်ယံ ပကာသန သပ်သပ်ပါပဲ ။ အရင်တုန်းကတော့ လူငယ်သဘာဝ အားကျခဲ့ဖူးတယ်။ ဒါပေမယ့်အခုအချိန်မှာတော့ နှလုံးသားကိုဦးနှောက်က ပဲ့ကိုင်တဲ့အရွယ်ရောက်ခဲ့ပြီလေ။ ရင်ခုန်သံတွေကတော့ လတ်ဆတ်နေဆဲပါပဲ။ အိမ်ထောင်ကျတာ ငါးနှစ်ပြည့်တော့မယ် စိတ်ထဲမှာ မနေ့တစ်နေ့က လို့ပဲ ချစ်လို့မ၀သေးဘူးဗျာ။ ချစ်တဲ့သူတိုင်း ငြားကြပါစေဗျာ ဆုတောင်းလျှက်