အချိန်က မနက် ခုနှစ်နာရီ တက်ကြွစွာထွန်းလင်းနေတဲ့နေရောင်ခြည်
မှာ ကြားလိုက်ရတယ်
အချိန်တွေရှိသေးတယ်.... အချိန်တွေရှိသေးတယ်
အသံအားကောင်းကောင်းနဲ့ သာဒီးလူ ရဲ့ ပရဟိတလူငယ် ဆိုတဲ့သီချင်းလေး လွင့်ပျံနေတာကို နားစွင့်လို့နားထောင်နေမိတယ်။ ကျွန်တော့ဘဝမှာ ပရဟိတနဲ့ပတ်သတ်လို့ အများကြီးလုပ်ခဲ့ဖူးတာမျိုးတော့မရှိပါဘူး။ ဒါပေမယ့်လုပ်ခဲ့ဖူးတဲ့ ပရဟိတကုသိုလ်လေးတစ်ခုကို ဝေမျှပေးချင်ပါတယ်။ အရမ်းကြီးမကြီးကျယ်ပေမယ့် အကုန်အကျနည်းစွာနဲ့ ပြန်ရတဲ့ကြည်နူးမှုလေးကတော့ ပြောမပြတတ်အောင်ကို ဝမ်းမြောက်မိခဲ့ရပါတယ်။ ကျွန်တော်ဈေးသွားဈေးပြန်မှာ ပိန်လှီနေတဲ့ခွေးပိန်လေးတွေကို မြင်ရတယ်။ ဈေးခွေးဆိုတော့ ငတ်တစ်လည့် ပြတ်တစ်လှည့်ရှာကြံစားနေရတယ်နဲ့တူပါတယ်။
Photo credit ;google
သူတို့လေးတွေကိုကြည့်ပြီးအရမ်းသနားမိတယ်။ ကိုယ့်လိုပဲ အမြင်တူတဲ့သူငယ်ချင်းနဲ့ပေါင်းကာ ဈေးမှာ ကြက်ချေထောက်၊ ကြက်ခေါင်း၊ ကြက်ရိုး ၃၀၀၀ ဖိုးဝယ်လိုက်ပါတယ်။ အတော်များများရပါတယ် ကြက်ရိုး ၃၀၀၀ ဖိုးဟာ။ ကြက်ရိုးဝယ်ပြီးတဲ့နောက် ဆန်ဆိုင်မှာ ခပ်ညံ့ညံ့ဆန် ၇၀၀၀ ဖိုးဝယ်လို့ သူငယ်ချင်းအိမ်မှာ အိုးကြီးကြီးနဲ့ ဆန်တစ်အိုး ကြက်ရိုးတစ်အိုးချက်ပါတော့တယ်။ ထမင်းတွေ ဟင်းတွေကျက်တဲ့အခါ အအေးခံပြီး ညနေ လေးနာရီလောက်မှာ လက်ကိုကြွပ်ကြွပ်အိတ်စွတ်လို့ နှစ်အိုးရောကာ နယ်ပါတော့တယ်။ နယ်ပြီးတဲ့ ထမင်းတွေကို ကျွပ်ကျွတ်အိတ် လေးတွေနဲ့ ထုပ်ပြီး သယ်ရလွယ်အောင် ထုပ်ကာဆိုင်ကယ်တွေပေါ်တင်ပါတယ်။ အားလုံးအဆင်သင့်ဖြစ်တဲ့အချိန်မှာတော့လမ်းတစ်လျှောက် ခွေးလေးတွေတွေ့တာနဲ့ ကျွတ်ကျွတ်အိတ်လေးတွေဖြေပေးချပေးလိုက်ပါတယ်။ ဟန်ဆောင်ခြင်းမရှိ ရိုးသာစွာဆာလောင်နေကြတဲ့ခွေးလေးတွေ မြိန်ရေယှက်ရေ စားနေတာတွေ့ရတော့ တစ်နေ့တာပင်ပန်းသမျှ အပန်းပြေသွားပါတော့တယ်။ သူတို့ကိုလာကျွေးမှန်းနားလည်လို့လားမသိဘူး ရန်မူခြင်းလုံးဝမရှိပဲ အမြီးလေးတွေနန့်ကာ နှုတ်ဆက်နေတာတွေ့ရပါတယ်။ ကိုယ်ကျွေးလိုက်တဲ့ခွေးတွေထဲမှာ နို့တွဲလောင်းနဲ့ ပိန်လှီနေတဲ့ ခွေးမလေးတွေ တွေ့ရတဲ့အခါ ကြည်နူးမှုက ကြက်သီးမွေးညှင်းတောင် ထမိပါတယ်ခင်ဗျာ။ အဲဒီသူငယ်ချင်းနဲ့မကြာမကြာ သွားကျွေးဖြစ်ပါတယ်။ သူငယ်ချင်းနှစ်ယောက်ပေါင်း ငွေတစ်သောင်းလောက်ရှိရင် အတော်များများကျွေးနိုင်ပါတယ်။ ချက်ဖို့ပြုတ်ဖို့ကလည်း သူငယ်ချင်းရဲ့အမေက မညည်းမငြူချက်ပြုတ်ပေးပါတယ်။ သနားစရာကောင်းတဲ့ခွေးလေးတွေ မြင်တိုင်း ကျွေးမွေးချင်စိတ်လေးတွေဖြစ်ပေါ်မိပါတယ်။
Photocredit google
ကျွန်တော်ပြုလိုက်တဲ့ကုသိုလ်လေးဟာ ဘာမှမပြောပလောက်ပါဘူး။ ညောင်စေ့လောက် ရတာမရတာထက် သူတို့ရဲ့ တစ်နပ်စာလေးကတော့ အဆင်ပြေကောင်းမွန်စွာလေးစားလိုက်ရတာကို ပီတိဖြစ်နေမိပါတယ်။ နောက်ထပ် မကြာမီမှာပဲ ကျွန်တော့အိမ်ကို သူငယ်ချင်းတစ်ယောက်က တယ်ရီယာခွေးလေးတစ်ကောင်လက်ဆောင်လာပေးပါတယ်။ သူ့အတွက်ကြက်အသည်းကိုပြုတ်ကြော်လုပ်ပြီး ထမင်းလေးနဲ့မွနေအောင် နယ်ကျွေးရပါတယ်။ စိတ်ထဲမှာတွေးမိတယ် ဩ ခွေးဖြစ်တာတောင် ကံကောင်းတဲ့ခွေး ဖြစ်ရတယ်ပေါ့နော်။ တစ်ချို့ကတော့ ကဲ့ရဲ့ကြတယ် အလုပ်ရှုပ်တဲ့ခွေးမွေးတယ်၊ လူက ကြက်ဥနဲ့စား ခွေးကအသည်းမြစ်နဲ့စားတယ်ပေါ့ ။ သိပ်မကြာခင်မှာပဲ ခွေးက ကိုယ်ဝန်ကြီးလွယ်ထားရတာ သိရတဲ့အခါ ပိုဂရုစိုက်ပြီး ကျွေးဖြစ်ပါတယ်။ မွေးတဲ့အခါ ကျွန်တော်ထင်ထားသလို တယ်ရီယာလေးတွေမဟုတ်ပဲ ရိုးရိုးခွေးလေး လေးကောင်မွေးပါတယ်။
အခုတော့ တစ်စုံသေလို့ အထီးတစ်ကောင်အမတစ်ကောင်ကျန်ပါတယ်။ မနက်ဆို တစ်ကောင်ကိုကြက်ဥတစ်လုံးစီနဲ့ နေ့လည်စာ၊ညစာ ကိုတော့ ကြက်အသည်းလေးနဲ့နယ်ကျွေးပါတယ်။ ကျွန်တော့ခံယူချက်ကတော့ ကိုယ်အိမ်နေတဲ့ တရိစ္ဆာန်ကိုယ်ကနေ့စဉ်ကောင်းမွန်စွာကျွေးတဲ့အတွက် သူတို့လေးတွေ ကံကောင်းတယ်လို့ပဲမှတ်ပါတယ်။ သေချာစဉ်းစားကြည့်ရင် ကိုယ်ကျွေးမှစားရတဲ့ဘဝ ကောင်းကောင်းလေးစားကြပါစေဗျာ စေတနာဆိုတာ ထားတတ်ရင်ကုသိုလ်ဖြစ်ပါတယ်။ ဒီလိုစိတ်ကလေးထားခြင်းဟာလည်း ကိုယ်အတွက်နေ့စဉ်ရနေတဲ့ ကုသိုလ်ပါပဲခင်ဗျာ မနက်မိုးလင်း မျက်နှာသစ်ပြီးတာနဲ့ကိုယ့်အတွက် ကုသိုလ်ကောင်းမှုတစ်ခုလုပ်ရသလိုပဲ ခံစားရပါတယ်။ သေချာစဉ်းစားကြည့်ရင် မနက်ကနေ ညအထိ တစ်နေ့ကို အလှူသုံးခု လုပ်မိနေတာကိုတွေ့ရပါတယ်။