ခေါင်းစဉ်ကြည့်ပြီး အရမ်းစိတ်ဝင်စား
နေမလားမသိဘူး။ စိတ်ဝင်စားအောင်ကို
တမင်အမည်ပေးကြည့်တာ။ ဘာပဲဖြစ်ဖြစ်
နည်းနည်းပါးပါး စိတ်ဝင်စားတော့လည်း
အမြတ်ပဲပေါ့။ ကိုဗစ် အကြောင်းချည်းပဲ
ရေးသားနေရတော့ ပျင်းဖို့ကောင်းလာ
မလား။ တီဗွီ သတင်း၊ facebook တခွင်မှာ
ဒင်းအကြောင်းချည်း ဆိုတော့ အပြောင်းအလဲ
ဖြစ်အောင် ရေးခြင်းဖြစ်သည်။
အမေ့အား ကလဲ့စားချေခြင်း ဆိုတော့
တမျိုးဖြစ်နေမလား။ အမေဆိုတာ
အတုံ့အလှည့် တဖန်ပြန်ပြီး ကျွေးမွေးပြုစု
ခြင်းသာ ဖြစ်သင့်သည်။ ထိုအရာသည်သာ
မင်္ဂလာတရားတော်နှင့် ညီပေသည်။
မကောင်းသည့် လက်စားချေ၊ တုံ့ပြန်ခြင်းသည်
မလျော်ကန် သင့်မြတ်မှု မကောင်းသည့်
အရာဖြစ်ပေသည်။
အို ရေးရင်းနဲ့ အကြီးကြီးဖြစ်သွားပြီလားမသိ။
အကြောင်းအရာက ဒီလိုပါ။ ကျွန်တော့်
အမေသည် လေဖြန်းနေသူတစ်ယောက်
ဖြစ်သည်။ ထိုကြောင့် သူမအား အခန်းအတွင်း
အပေါ့အလေးသွားရန် ထိုင်ခုံဖြင့် အိမ်သာ
ပြုလုပ်ပေးထားရသည်။ အမေသည်
သူမ၏ အပေါ့အလေးကိုပင် ရွံရှာသူဖြစ်သည်။
တစ်ပါးသူ အဝေးမှ လေလည်သည်ကိုပင်
နှာခေါင်းပိတ်ထားတတ်သူဖြစ်သည်။
အကြောင်းအရာမစခင် ကျွန်တော်၏ အိမ်
အသွင်အပြင်ကို ပြောပြချင်ပါသည်။
ဝန်ထမ်းအိမ်ဖြစ်သည့်အလျှောက် အိမ်သည်
ကျဉ်းသည်။ အိမ်သာကို ရေချိုးခန်းနှင့်
တွဲလျက်ထားသည်။ ရေချိုးလျှင် အိမ်သာ
တက်မရ၊ အိမ်သာတက်လျှင် ရေချိုးမရ
ဖြစ်သည်။
တစ်နေ့ ကျွန်တော်ရေးချိုးနေစဉ် နှမဖြစ်သူ
သည် ဗိုက်နာ၍ အိမ်သာတက်ချင်သည်။
သူမသည် အမေ့ကို အနီးကပ်ပြုစုရသူ
ဖြစ်သည်။ အမေ့၏ အပေါ့အလေးတို့အား
သုတ်သင်ရသူဖြစ်သည်။ အိမ်သာ မအား၍
အမေ့အိမ်သာ ထိုင်ခုံပေါ်တက်ထိုင်၍
ကိစ္စပြီးလေသည်။
ထိုအခါ အမေသည် သူမနှာခေါင်းကို
တဘက်ဖြင့် ပိတ်သည့်အပြင် အခန်းအတွင်းရှိ
ပန်ကာကိုလည်း ဖွင့်ခိုင်းသည်။ ထိုအခြင်းအရာကိုမြင်သော တူမဖြစ်သူသည် အမေ့အား
ပြောလေသည်။
"အံမယ် အဖွားတို့များ တရားကျပါ့။
သူ့ဟာတွေ ကျုံးရတုန်းကတော့ အသံမထွက်ရဘူး။
ခု သူများဟာလေး တခါတလေ လေးကို
အိန္ဒြေပျက်နေလိုက်တာ။ အဲ့ဒါ အဖွား
ကလဲ့စား ပြန်ချေခံရတာ ဟား ဟား ဟား "
တူမသည် ရယ်မောကာ
ပြောဆိုပါလေတော့သည်။