မန်းရွှေမြို့ ကျုံးရေသောက်....
စိတ်ရွှင်လန်း ဝမ်းမြောက်ခြင်း....
သီချင်းတစ်ပုဒ်လောက်တော့ ဆိုချင်တယ်။
မီးရထားကြီးကိုစီး......
နန်တော်ရှေ့ အလွမ်းပြေခရီး....
မန္တလေးသို့ ရောက်အောင်ပို့ပေး.....။
ဒါကတော့ လွန်ခဲ့သောနှစ်များဆီက
အဆိုတော် မေဆွိ သီဆိုထားတဲ့ မန္တလာအမြန်ယာဉ်
သီချင်းလေးဖြစ်သည်။ စာရေးဆရာ အနုပညာသည်
များစွာတို့က မန္တလေးကို ရေးဖွဲ့ညွှန်းဆိုကြသည်။
အမျိုးမျိုးတင်စားရေးစပ်ကြသည်။
မန္တလေးကလည်း အနုပညာရှင်တို့ရေးဖွဲ့ ချင်လောက်
အောင် အနုပညာဆန်သောမြို့ဖြစ်သည်။ သဘင်၊
ဂီတ၊ အနုပညာနှင့် လက်မှုပညာစုံလင်သည့်မြို့
ဖြစ်ပေသည်။ နွေရာသီ အညာနေရဲ့ နွေအပူလေးမှ
လွဲပြီး နေချင်စရာ အင်မတန်ကောင်းသည့်မြို့
ဖြစ်သည်။ မြန်မာပြည် အရပ်ရပ်မှ စားသောက်ကုန်
လူသုံးကုန်ပစ္စည်းများ ရောက်ရှိသည့်ုမြို့လည်းဖြစ်
သည်။ ယခုအခါဆိုပါလျှင် အရှေ့ဘက် တရုတ်ပြည်မှ တရုတ်ကုန်ပစ္စည်းများ လှိုင်လှိုင်ဝင်လျှက်ရှိလေ
သည်။
ယခုလို အင်္ဂလိပ်နှစ် နှစ်ဟောင်းကုန်လို့ နှစ်သစ်
ရောက်ရန်အတွက် နှစ်သစ်ကူးကြိုဆိုသည့်အချိန်မှာ
မန္တလေးရွှေမြို့တော်ကြီးရဲ့ နှစ်သစ်ကူးကြိုဆိုပွဲလေးကို ကြွားချင်မိသည်။ ကမ္ဘာ့နိုင်ငံကြီးများရဲ့ နှစ်သစ်
ကြိုဆိုပွဲများကတော့ ချမ်းသာရင် ချမ်းသာ
သလောက် ကဲကြ နွဲကြပေမည်။ ကိုယ်တွေ
ကလည်း ကိုယ့်မန္တလေးရဲ့ နှစ်သစ်ကူးကြိုပွဲ
လေးကို ကဲပြ နွဲပြ အဲ...ရေးပြ ရိုက်ပြချင်ပါ
သည်။
မန်းကျုံးတောင်ဖက်ဘေး စည်ပင်သာယာရုံးရှေ့တွင်
၂၀၁၉ ခုနှစ်ကို ကြိုဆိုရန်အတွက် ကုမ္ပဏီနှစ်ခုက
အပြိုင်အဆိုင် LED မီးရောင်စုံများထွန်းကာ
ကြော်ငြာထားလေသည်။ အဆိုပါ မီးရောင်စုံများ
တွင် ဈေးဆိုင်ခန်းလေးများလည်း ရောင်းချသည်။
ထိုဈေးဆိုင်လေးများက စားသောက်ကုန်၊ လက်မှု
ပစ္စည်း လေးများ၊ အဝတ်အထည်များရောင်းချကြ
သည်။
ကျွန်တော် လမ်းလျှောက်ရာသို့ တူမဖြစ်သူက
လိုက်ပါလာသည်။ မီးရောင်စုံများတွင် သူ့အား
ဓာတ်ပုံရိုက်ပေးရသည်။ 29-12-2018 နေ့မှ
စ၍ ကျင်းပခြင်းဖြစ်သည်။ ဖွင့်ပွဲပြုလုပ်ရန်အတွက်
မိန်းကလေး ၃ယောက်က ချိတ်ထဘီ အစိမ်းရောင်
လေးများဝတ်ထားသည်။ အောက်၌ စီးထားသည့်
ဒေါက်ဖိနပ်အဖြူမှာ တော်တော်မြင့်ပေသည်။
တူမဖြစ်သူက အဆိုပါဒေါက်ဖိနပ်အား သဘောကျကာ သမီးကြီးရင် အဲ့ဖိနပ်အမြင့်လေးစီးကြည့်မည်
ပြောသည်။
တူမကို LED ရောင်စုံမီးလုံး အလှဆင်ထားသည့်
ပုံသဏ္ဍာန်အမျိုးမျိုးကို နောက်ခံပြု၍ ဓာတ်ပုံရိုက်
ပေးရသည်။ မီးတန်းလိုဏ်ဂူ၊ အသဲပုံလိုဏ်ဂူ၊
လှည်းယာဉ်ပုံ၊ ထီးပုံလေးများနှင့်
ထင်းရှူးပင်ပုံ မီးဒီဇိုင်းများက လူငယ်များကို
ဓာတ်ပုံရိုက်ဖို့ စွဲဆောင်ခေါ်ယူနေသည်။
ထို့နောက် သူမက ကျွန်တော်ကိုပြောလေသည်။
”သမီးကြီးလာရင်လည်း ဒီလို ပွဲမျိုးတွေ
လုပ်အုံးမှာလားဟင်”
”သမီးကြီးလာရင် ဒီလိုပွဲတွေထက် သာတဲ့ပွဲတွေ
ရှိလာမှာပေါ့ သမီးတို့်ကလေးတွေ စာကြိုးစား
ဗဟုသုတတွေရှိအောင် စာတွေဖတ်ရင် ဒီ့ထက်မက
ပျော်ရွှင်စရာပွဲတွေ လုပ်ရမှာပေါ့သမီးရယ်”
ကျွန်တော့် စကားအဆုံးမှာတော့ ငါးတန်းကျောင်းသူ တူမသည် မန်းကျုံးရေပြင်ကိုငေးကာ ကြည့်၍
နေပေတော့သည်။ သူမ ဘာတွေများတွေးနေ၊
စဉ်းစားနေလဲဆိုတာကို ကျွန်တော် မသိရပါ။