ငထွေးငယ်စဉ်က လောင်းကစားအလွန်ဝါသနာ
ပါသည်။ ကလေးသဘာဝ ပေသီးလိမ့်ရာတွင်လည်း
ငါးပြားကြေး၊ ဆယ်ပြားကြေးဆော့သည်။
ပိုလိုကာဆော့ရာတွင် အရုပ်ထပ်ခြင်းထက်
ပိုက်ဆံဖြင့် သုံးကားပေါင်းဖဲရိုက်တာကို ပိုဆော့
ပိုဝါသနာပါခဲ့သည်။ ကလေးသဘာဝလောင်းကစား
ခြင်းများကလည်းစုံလင်လှသည်။ ပိုက်ဆံစေ့ ကို
တုတ်တံပေါ်တင်ကာ မြောက်ပန်းလှံသည်။ ပိုက်ဆံ
အကြွေစေ့များကို မြေကြီးပေါ်ထောင်၍ တစ်မတ်
စေ့ဖြင့်ပစ်သည်။ ထိုသို့ ပစ်ရာတွင် ဒိုးအဖြစ်
အသုံးပြုသည့် တစ်မတ်စေ့သည် တဖက်တွင်
ကျောက်ဖြင့် ပွတ်တိုက်စားထားသဖြင့် ပြောင်ချော
နေပြီး မြေပြင်ကိုလျှောတိုက် ရှပ်တိုက်ပစ်ပါက
ထောင်ထားသည့် ပိုက်ဆံစေ့များကို ထိရောက်စွာ
ပစ်နိုင်သည်။
ထို့အပြင် ဒုတ်တစ်ထွာခန့်ကို မြေကြီးမှာစိုက်၍
ထိုဒုတ်တိုင်ပေါ်တွင် အကြွေစေ့များတင်ကာ
ကြက်ပေါင်ကွင်းဖြင့် ပစ်၍လည်း လောင်းကစားပြုလုပ်ဆော့သည်။ ပြီးခဲ့သည့် အပတ်ကရေးသားခဲ့
သည့် အတိုင်း မြေကြီးတွင်ကျင်းတူးပြီး
ပေသီးကျင်း လှိမ့်၍လည်းပိုက်ဆံကြေးကို
ကလေးများစုပြီးဆော့ကြပါသည်။
တံငါနားနီးတံငါ၊ မုဆိုးနားနီး မုဆိုးဖြစ်ခဲ့သည်။
လူကပြား လိုင်းတန်းလျား ဆိုသလို ဝန်ထမ်းလိုင်း
ခန်းများတွင်လူပေါင်းစုံ၊ လူမျိုးစုံ များပြားလှသည်။
လူကပြားတော့ ဘယ်လိုနေလဲမသိပါဘူး
လိုင်းတန်းလျား ကတော့ အင်မတန်မှ လူစုံလှပါ
သည်။ အရူးရော ငမူးရော၊ ဂျပိုးရော သူခိုးရော၊
လူပေါင်းစုံစုဝေးရောက်ရှိသည်။ လူဆိုသည်ကား
ကောင်းသည်ကို မတတ်ချင်နေမည် မကောင်း
သည်ကိုတော့ သိလွယ် တတ်မြောက်လွယ်
အတုခိုးလွယ်လေသည်။ ငထွေးတို့ကလေးများက
ပိုပြီး အတုခိုးလွယ်ကြသည်။ လိုင်းတန်းလျားမှာ
လူသေလို့ နာရေးရှိရင် နာရေးအိမ်အတွက်
ဖဲဝိုင်းမှာ အကောက် ကောက်ပေးခြင်း၊ ဘေးမှ
နေ၍ ဘေးပေါက်ထိုးခြင်းများကို ငထွေးတို့
ကလေးတစ်သိုက်က ပျော်ပျော်ကြီးဆောင်ရွက်
ပေးကြသည်။
နာရေးအိမ်သာ ရက်လည်သွားသည်။ ဖဲဝိုင်းက
တော်တော်နှင့် အရှိန်မသေပါ။ ဖဲထုပ်များကို
ငထွေးတို့ကလေးတစ်သိုက်က သိမ်းဆည်းကာ
အိမ်ခန်းများအောက်သို့ ကလေးတစ်သိုက်
ဖဲရိုက်သင်ကြသည်။ ငထွေးတို့လိုင်းခန်းအိမ်များ
သည် ဝါးကပ်မိုး ဝါးကပ်ကာနှင့် သစ်သားမိုး
သစ်သားကာ အိမ်များဖြစ်ကြသည်။ အိမ်ခန်းများ
၏ အိမ်အောက်သည် ၂နှစ် ၃နှစ် ကလေးများ
မတ်တပ်ရပ်ပြီးလမ်းလျောက်ဝင်နိုင်သည်။
ကလေးများဆော့သည့် ဖဲဝိုင်းသည် လူကြီးများ ပါ
ဝင်ရောက်ကစားကြကာ လူကြီးဖဲဝိုင်းဖြစ်သွား သည်။ငထွေး ပိုကာစဒေါင်းတတ်စဉ်က ဂျိုကာ
ပစ်ပြီး ဒေါင်းခဲ့သည်ကိုအမှတ်ရမိသည်။
လောင်းကစားများသည် နားမလည် မဆော့တတ်
ခင်က ကံအလွန်အင်မတန်ကောင်း၏ ဆော့တတ်၊ ကစားတတ်၊ နားလည်သွားသည့်အခါမှာတော့
အင်မတန် ကံဆိုး မွဲပြီသာမှတ်ပါလေ။ ငထွေး
ကလေးဘဝကပင် လောင်းကစားကြောင့်
အကြွေးတင်ခဲ့ဖူးသည်။ ဖဲကစားတတ်သဖြင့်
ဖဲရိုက်ရာ ငါးပြား ဆယ်ပြားကြေးရိုက်ရင်း
ဖဲရှုးံလေသည်။ ဖဲဝိုင်းမှာပင် တစ်မတ်ချေး ငါးမူးချေး
ပိုက်ဆံချေးရင်း ဖဲအကြွေး တစ်ကျပ်တင်လေသည်။
ကလေးဝိုင်းမှာ ပိုက်ဆံချေးပြီးဖဲရိုက်ခဲ့သည့်ငထွေး
ပိုက်ဆံတစ်ကျပ်အကြွေးကို ဘယ်လိုပြန်ဆပ်ရပါ
လိမ့် သိချင်မည်ထင်ပါသည်။ လောင်းကစားလုပ်
သည့် လူသည် လိမ်ဖို့ လည်းဝန်မလေးတော့ပေ။
ကျောင်းမုန့်ဖိုး ၁၅ပြားထဲမှ ၅ပြား ၁၀ပြားချင်း
အကြွေးဆပ်လာရာ တစ်မတ်ရောက်ရှိခဲ့သည်။
တစ်ကျပ်ပြည့်ဖို့ နောက်ထပ်ဆပ်ရအုံးမည်။
ထပ်ပြီးမဆပ်ချင်တော့ပါ။ ငထွေးစဉ်းစားစမ်း
ဟုတ်ပြီ လူကြီးတွေ ပြောသံကြားဖူးသည်။
ဖဲဝိုင်းထဲက အကြွေး ဖဲဝိုင်းမှာပြန်ဆပ်မယ်
ဆိုတာကြားဖူးထားတော့ ဖဲကြွေးရှင်ကို ကျန်တဲ့
ပိုက်ဆံကို နောက်တစ်ခါ ဖဲရိုက်မှ ဆပ်မယ်ဟု
ပြောလိုက်သည်။
ဖဲကြွေးရှင်က မကျေနပ်ဖူးဗျ အမေကို လာတိုင်
တယ်။ သူလာတိုင်တော့ တက်ပြီလေ ပြဿနာ
ငယ်ငယ်ရွယ်ရွယ်တွေနဲ့ဖဲရိုက်နေကြတယ်
နောက်တစ်ခါရိုက်လို့က သေပြီမှတ်ဆိုကာ
အမေက ငထွေးဗိုက်ခေါက်ကိုဆွဲလိမ်ပါတော့သည်။
အကြွေးရှင်ကိုလည်း တစ်မတ်ပေးကာ ပြောဆို
ကြိမ်မောင်းသည်။ အဲ့ကစ၍ ငထွေးဖဲမရိုက်တော့ပါ
လို့ မပြောဖူးနော်။ ဖဲရိုက်ပါသေးတယ် သို့ပေသိ
စွဲစွဲလန်းလန်း မရိုက်တော့ပါ စီးပွားပျက်အောင်
မရိုက်ပါ။ ဖဲရိုက်၍ အညောင်းကြီးကာ ဒုက္ခရောက်တာသာ အဖတ်တင်ပါသည်။
ဖဲရိုက်ခြင်းသည် ငထွေးတို့မိသားစုအတွက်
အမှတ်တရတစ်ခုရှိခဲ့ဖူးသည်။ တစ်နေ့တွင်
မောင်နှမငါးယောက်အိမ်ခန်းအတွင်း တစ်မတ်ကြေးဖဲရိုက်နေကြသည်။ တစ်ဝါးဝါး တစ်ဟားဟားဖြင့်
ဆူညံနေကြသည်။ အချိန်က ည၁၁နာရီခန့်ရှိမည်
ထိုအချိန် အိမ်ရှေ့မှ အမေက ဧည့်စာရင်းစစ်တွေလာတယ်ဟုပြောသည်။ အမေ စနောက်နေသည်ဟု
ထင်ကြသည်။ အမေသည် သော့ကိုအသံမြည်
အောင် တချောင်ချောင်လုပ်ရင်း ဟဲ့ကလေးတွေ
သော့ဘယ်နားထားလဲမေးကာ အိမ်အတွင်းဝင်လာကာ အစ်ကိုကျောကိုထုကာ နင်ပထွေးတွေ တကယ်လာတာဟဲ့ဟုဆိုသည်။ ထိုအခါမှ မောင်နှမတစ်တွေ
ပုဆိုးကွင်းကိုစု၍လုံးထွေးကာ ဖင်ခုထိုင်ကြသည်။
ဧည့်စာရင်းစစ်များက အိမ်ထဲဝင်ရောက်ကာစစ်မေး
သည်။ ငထွေးတို့မောင်နှမတစ်သိုက်၏ မျက်နှာများကပြုံးစိစိဖြစ်နေကြသည်။ ရပ်ကွက်လူကြီးမှ ဒီအိမ်သားတွေ အခုထိမအိပ်ကြသေးဘူးလားမေးရာ
အငယ်မက ဟုတ်တယ်ဦးကြီး ကျွန်တော် တို့စကား
ပြောနေကြတာဟုဖြေသည်။
ဧည့်စာရင်းစစ်အဖွဲ့ အဝေးရောက်မှ မောင်နှမ
တစ်သိုက်ဟားတိုက်ရီကြတော့သည်။ ကိုယ့်ပိုက်ဆံ
ကိုယ်ပြန်ယူကြသည်။ အမေက ဘေးအိမ်တွေ
အိပ်ကုန်ပြီ အိပ်ကြတော့ဟု ပြော၍ မောင်နှမ
တစ်တွေ အသီးသီး မျက်နှာပိုးသတ်ကာ
အိပ်ယာဝင်ကြလေတော့သည်။
Steemit အဖွဲ့သားများ လောင်းကစားကင်း၍
ပြုံးပျော်ရွှင်နိုင်ကြပါစေသော်....။