လောကကြီးက လိုချင်ရချင်သူကို တော့မပေးဘူး။ မလိုချင် မရချင်သူကိုတော့ပေးနေတာပဲ လို့ ကျုပ်တော့ပတ်ဝန်းကျင်မှာကြားနေရတာ တော်တို့ရောကြားဘူးမှာပါ။
ချမ်းသာသူများချမ်းသာပြီးရင်း ချမ်းသာနေလိုက်တာ
တို့များတော့ ရချင်လိုချင်လို့ ဖတ်ဖတ်မောအောင်ရှာနေတာတောင်
ထမင်းနပ်မှန်အောင်ပဲရှိတယ်။ အကြွေးမတင်လို့ ကျေးဇူးတောင်တင်ရသေး။
သူတို့များ ဘယ်လို ကုသိုလ်ကံတွေများလုပ်ခဲ့ကြလို့လဲ
ဒီလောက်ချမ်းသာနေကြတာ သုံးမကုန် ဖြုန်းမကုန်
စားမည့် သုံးမည့်သူလဲ ငါတို့လောက်ရှိတာမဟုတ်။
တို့များ လခနဲ့ ကလေး ငါးယောက်ကို အနိုင်နိုင်ကျွေးထား ပညာသင်ထားရတာ။
ယောက်ျားရော မိန်းမရောဖတ်ဖတ်မောအောင်ရှာမှ ကလေးငါးယောက်နဲ့
အလျှင်မှီတယ်။
ကျုပ်စဉ်းစားလို့ကိုမရဘူး၊ ဒီလူတွေ ကားတွေ၊ တိုက်တွေ 3 4 5 လုံး ရှိပြီး ဒီကြားထဲ အံမယ်ဒင်းတို့က သားအတွက်ပြိုင်ကား၊ မယားအတွက် နိုင်ငံခြားဈေးဝယ်ထွက်တယ်တဲ့။ နွေရာသီနေပူရင် အေးတဲ့မြို့မှာ သွားအနားယူဖို့ စပယ်ယာအိမ်တွေက များသေး။ ဒီကြားထဲ မိန်းမကြီးအပြင်
စမောလေး တောင်ပျော်စရာအပြည့်နဲ့တဲ့။ ကန်တော့ပါ တော် ကျုပ်တောင်
တခါတလေ ဒင်းတို့ရဲ့ စမောလေးတောင်ဖြစ်ချင်သေးလို့ မတော်တရော်တွေးမိတယ်။ သူတို့ရဲ့စမောလေးတွေတောင် ငွေကိုရေလိုသုံးနေကြတာမြင်မိတော့ ကျုပ်ဝမ်းပါးမိတာနော်။
ကျုပ်တစ်လလုံးတစ်နေကုန်အောင် ဈေးရောင်းရငွေက သူတို့တစ်ခါသုံးငွေကိုမမှီဘူးတဲ့။ ကျုပ်စဉ်းစားလေ တွေးလေ
သူတို့ချမ်းသာချက်ကို ခေါင်းတွေသာပူလာတယ် မစဉ်းစားနိုင်ဘူးတော်။
အဲ… အဲ…ခေါင်းပူပေသိ နောက်တစ်ခုစဉ်းစားပေးကြပါအုံးတော်။
ကျုပ်တို့များ ချမ်းသာအောင် မ စမလားရယ်လို့ ကျုပ်တို့ 2 လုံး
3လုံးထိုးတဲ့အဖွဲ့တွေ ရွှေစာရံဘုရားမှာရှိတဲ့ အစ်မတော်များထံ
တစ်ပတ်တစ်ခါတစ်ယောက်ကို ကားခ 2000 ကျပ်ပေးပြီးသွားကြ
တာပါတော်။တစ်ပတ်တစ်ခါ သွားပြီးချော့ကြတာ ပေါက်ဂဏန်းလေးများပေးမလားလို့ပေါ့။ အားကိုးရှာရတာပါ။
ထင်သာထင် မ၀င်ဘူးတော်ရေ။ ကိုယ့်ငွေလေးပဲပါသွားတယ်။ နှမြောချက်။
ကလေးမွေးတာလဲပြောရအုံးမယ်။ ကျုပ်လို ထမင်းနပ်မှန်အောင် မနည်းကုန်းရုန်း ရှာဖွေစားသောက်နေသူတောင် ကလေးငါးယောက် မွေးထားတာ သူတို့ဒီလောက်ကျိကျိတက်ချမ်းသာတဲ့သူက ကလေးတစ်ယောက်ထဲမွေးတာ။ အဲဒါဖြေပေးကြအုံးတော်ရေ။
ဒင်းတို့အကြောင်းစဉ်းစားရတာနဲ့အာခေါင်တောင်ခြောက်လာပြီ။
ငါ့ကွမ်းယာထုတ်လေး ဘယ်နားထားလိုက်ပါလိမ့်။ ကွမ်းယာကလည်း ဈေးတက်ချက် တစ်နေ့ငါးရာဖိုးကုန်တယ်။ ဆေးလိပ်ဖြတ်မလားလို့
ကွမ်းယာစားတာ ဆေးလိပ်ရော ကွမ်းယာရောစွဲပေါ့။
အိမ်က ကိုဟ၀ှာရော နှစ်ယောက်ပေါင်းရင်း တစ်နေ့ကွမ်းယာဖိုးချည်း
တစ်ထောင်လောက်ရှိတာ။ မတတ်နိုင်တော့ ကွမ်းရွက်၊ ကွမ်းသီး
နဲ့ ထုံးလေးဝယ်ပြီး အိမ်မှာယာစားရတော့တယ်။
ကိုဟ၀ှာ များအစိုးရအလုပ်အပြင် နားရက်၊ နားချိန်လေးရတုန်း
ဆိုင်ကယ်ကယ်ရီလိုက်တာတောင် ကျုပ်တို့အဖို့ ငွေများ
ပိုတယ်လိုမရှိပေါင်။ ဒီကြားထဲ ကိုဟ၀ှာ မသိအောင် အပိုငွေလေးများ
ရမလားလို့ 2 လုံး 3 လုံးလေးထိုးတာ လွဲချက်။ ပေါက်လိုက် ကုန်လိုက်နဲ့
အပတ်မလည်ပါဘူးတော်။ ကိုဟ၀ှာ လဲ ပင်ပန်းတော့ အရည်လေးနည်းနည်း
ပါးပါးမော့ချင်မပေါ့။ မသိချင်ယောင်ဆောင်ရတာပေါ့။
”အမေ့ ဒေါ်မိ ကလာခဲ့ပါအုံးတဲ့’’
သမီးအငယ်မ အသံကြောင့် အတွေးပျက်သွားသည်။
“ဘာတဲ့တုန်းအေ သူ့ 2 လုံးကြွေးတွေလဲ ပေးပြီးပါပြီ”
ပြောပြောဆိုဆို မမိအိမ် သို့ထွက်ခဲ့သည်။ မမိက 2လုံး 3လုံးရောင်း
လက်ခွဲဆရာမကြီး။
“မတင်ရီရေ ကျုပ်တို့ ရွှေစာရံက အစ်မတော်များကို
ရပ်ကွက်ကို ပင့်ပြီး သူအချော့တော်များလည်းခေါ်ပြီးချော့မလို့”
“အဲ့ဒါ လိုအပ်တာလေးများ ကူညီပေးပါအုံးတော်”
“အိုး…တော် ကူညီရမှာပေါ့”
နောက်နေ့တွင်မတော့ ရပ်ကွက်မှာ ရှမ်းအိုးစည်သံ တစ်ညံညံဖြင့်
ကလေးရော၊ ခွေးရော၊ အရက်သမားရော ကလိုက်ကြတာ
အရက်သမားတွေက ရန်ဖြစ်ကြလို့ သူ့ယောက်ျား ကိုယ့်ယောက်ျား
ဆွဲလိုက်ရတာ မောပါ့တော်။ ကဲ ဒီလောက် အစ်မတော်များကို
ရပ်ကွက်ခေါ်ပြီ ချော့တာတောင်ဒင်းတို့ ချမ်းသာချက်ကို
နည်းနည်းလေးမှ မမှီတာ ကျုပ်ဖြင့် အံ့သြလို့ကို မဆုံးပါဘူးတော်။
Author
Photo
25-5-2018