အိမ်တစ်အိမ်တွင် အိမ်ဦးနတ်ဖြစ်သည့် ရိုသေကိုင်းရှိုင်း ဂါရဝပြုရမည့် မိဘနှစ်ပါးပြီးလျှင် အစ်ကိုကြီး အစ်မကြီးများအား ငယ်ရွယ်သူ ညီငယ်ညီမငယ်များမှ ရိုသေလေးစားစွာ ဆက်ဆံကြသလို အစ်ကိုကြီး အစ်မကြီးများမှလည်း ညီငယ် ညီမငယ်လေးများအား ပြန်လည် ကြည့်ရှု စောင့်ရှောက်ကြသည်မှာ ကျမတို့ မြန်မာလူမျိုးများ၏ မွန်မြတ်လှသော အလေ့အကျင့်ကောင်းလေးများပင် ဖြစ်ပါသည်။မိသားစုဝင် အချင်းချင်း ငယ်စဉ်ကြီးလိုက် ယဉ်ကျေးပျူ ငှာစွာ ဆက်ဆံရင်း စည်းလုံးညီညွတ်စွာ တိုင်ပင်ဆွေးနွေး နေထိုင်ကြမှသာ တစ်ဦးနှင့်တစ်ဦး ချစ်ခင်ရင်းနှီးပြီး ငြိမ်းချမ်းပျော်ရွှင်သော မိသားစုလေး တစ်စုအဖြစ် ဖန်တီးပုံဖော်နိုင်မည် ဖြစ်ပါသည်။"အစ်ကိုကြီး အဖရာ အစ်မကြီး အမိရာ" ဆိုသည့် စကားအတိုင်း ကျမတို့မြန်မာလူမျိုးအများစု၏ မိသားစုတိုင်းတွင် အရွယ်ရောက်ပြီးဖြစ်သော အစ်ကိုကြီး အစ်မကြီးများသည် လူမမယ် ညီငယ်ညီမငယ်များကို အလုပ်များသည့် မိဘများကို ကူညီကာ ထိန်းကျောင်းပေးတတ်ကြသလို တီတီတာတာ ပြောတတ်သည့် ညီငယ်ညီမငယ်လေးများကြောင့်လည်း မမောပန်းနိုင်ဘဲ အချစ်ပိုခဲ့ရရှာပါသည်။
ညီငယ် ညီမငယ်လေးများ အရွယ်ရောက်သည့်အချိန်မှာလည်း ပညာရေး ကျန်းမာရေးကအစ တတ်နိုင်သလောက် မိဘများရဲ့တာဝန်ကို ခွဲယူပခုံးထမ်းပြီး ပံ့ပိုးကူညီခဲ့ကြသည်မှာလည်း အစ်ကိုကြီးအစ်မကြီးများပင်ဖြစ်ပါသည်။ထို့ကြောင့် အစ်ကိုကြီး အစ်မကြီးများသည် ညီလေးညီမလေးများအတွက် မိဘများက လက်ဆောင်ပေးထားသည့် အရင်းနှီးဆုံးသော အဖြည့်ခံလူသားများဖြစ်သည်ဟု ကျမထင်မြင်မိပါသည်။
ကျမတို့ မိသားစုတွင်လည်း အဖေနှင့်အမေ ကျမကိုမွေးဖွါးချိန်တွင် ကျမတို့၏မမကြီးမှာ အသက်၂၀ကျော်ပြီ ဖြစ်ပါသည်။အရောင်းအဝယ်ကိစ္စများဖြင့် နယ်တကာလှည့်ကာ အချိန်ကုန်လေ့ရှိသည့် ကျမတို့၏အဖေနှင့်အမေသည် ကျမကို မွေးဖွါးပြီး ၃လကျော်ချိန်မှစ၍ အချိန်ပြည့် မထိန်းကျောင်းနိုင်တော့ပါ။ကျမ၏ မမကြီးမှပင် ကျမအား ချေး သေး ဝေယျာဝစ္စများမှစပြီး အစစအရာရာ ပြုစုထိန်းကျောင်းပေးခဲ့ပါသည်။အသက်၂၀ကျော် အပျိုအရွယ်လေးဖြစ်သော မမကြီးမှာ မိဘများနှင့်မခြားဘဲ ကျမကို စိတ်ရှည်စွာပင် ထိန်းကျောင်းခဲ့ပါသည်။ကျမသိတတ်သည့် ၂နှစ်သား အရွယ်ရောက်သည်အထိ မမကြီးရဲ့အချိန်တွေကို ကျမအား ထိန်းကျောင်းရင်းဖြင့်ပင် ကုန်ဆုံးခဲ့ပါသည်။မနက်မိုးလင်းသည်နှင့် ကျမအတွက်နို့ဗူးဖျော် ချေးဝတ်သေးဝတ်လျော်ဖွတ်ပြီးသည်နှင့် ကျမကိုရေချိုးသန့်စင်ပေးသည့် အလုပ်များဖြင့် နိစ္စဓူဝ မမောပန်းနိုင်ဘဲ အပင်ပန်းခံ လုပ်ပေးရှာပါသည်။တခါတရံ ကျမဂျီကျလွန်း၍ ကျမကို ခါးထစ်ခွင်ကာ အပြင်ထွက်ပြီး ချော့မြူထိန်းကျောင်းရသည့် နေများ၌ ပါတ်ဝန်းကျင်မှ အမေလားဟု မှားပြီးမေးမြန်းသောအခါများတွင်လည်း စိတ်မဆိုးနိုင်ဘဲ တီတီတာတာပြောတတ်သည့် ညီမလေးဖြစ်သော ကျမကိုသာ ကြည့်ပြီး ပြုံးနေတတ်ပါသည်။
ကျမကို မိဘများနှင့်မခြား ထိန်းကျောင်းပြုစုပေးသည့် မမကြီးကို ကျမသိတတ်ချိန်မှစပြီး အလွန်ပင် ခင်တွယ်ခဲ့ရပါသည်။ကျမ ၃နှစ်အရွယ်တွင် စီးပွါးရေး အဆင်မပြေဖြစ်သော မိဘများကို ကူညီခြင်သော မမကြီးမှာ အထည်ချုပ်စက်ရုံတစ်ခုတွင် အလုပ်ဝင်ပြီး မိသားစုအတွက် ရုန်းကန်ခဲ့ပါသည်။မမကြီးစက်ရုံဆင်းချိန်တွင် အစ်ကိုငယ်နှင့် အစ်မငယ်မှပင် ကျမကို ဆက်လက်ထိန်းကျောင်းခဲ့ပါသည်။ခုနှစ်နာရီထိုး အိမ်အနောက်ဖက်လမ်းရှိ ဘုန်းကြီးကျောင်းမှ အုန်းမောင်းခေါက်ချိန်ဆိုလျင် မမကြီးစက်ရုံမှ ပြန်လာနေပြီဟု သိတတ်နေသော ကျမကို အစ်ကိုနှင့်အစ်မကယ်မှ "မမကြီးပြန်လာပြီ အိပ်ခြင်ယောင်ဆောင်နေ"ဟု အမြဲစနောက်တတ်ပါသည်။ကျမစောင်ခြုံပြီး အိပ်ခြင်ယောင်ဆောင်နေတိုင်းလည်း ကျမစိတ်ကျေနပ်အောင် မမကြီးမှ "ငါ့ညီမလေး အိပ်နေပြီ ဝယ်လာတဲ့မုန့်တွေ အကုန်စားပစ်တော့မယ်"လို့ အမြဲစနောက်တတ်သည့် မမကြီးသည် လစဉ် လစာထုတ်တိုင်း သူ့ရဲ့မောင်လေး ညီမလေးများအတွက် မုန်းပဲသရေစာများ အမြဲဝယ်လာတတ်ပါသည်။
ကျမအရွယ်ရောက်ပြီး ပညာသင်ယူရသည့်အချိန်တွင်လည်း မမကြီးမှပင် အစစ အရာရာပံ့ပိုးပေးခဲ့ရှာပါသည်။မှတ်မှတ်ရရ ကျမ၄တန်းနှစ်လောက်က ဖြစ်သည်။အဖေနှင့်အမေမှာ အလုပ်ကိစ္စများဖြင့် ခရီးလွန်နေပြီး ကျမကျောင်းဖွင့်ချိန်အမီ ပြန်မလာနိုင်ခဲ့ပါ။မမကြီးမှပင် စက်ရုံဆင်းရင်း သူသိပ်ဝတ်ခြင်သည့် နားကပ်လေးတစ်ရံဝယ်ရန်စုဆောင်းထားသည့် ငွေကြေးလေးများဖြင့် ကျမကိုကျောင်းအပ်ပြီး ကျောင်းဝတ်စုံ စာရေးကိရိယာများမှအစ ပြည့်စုံအောင်ဝယ်ပေးပြီး သူငယ်ချင်းများအကြား မျက်နှာမငယ်အောင် ထားခဲ့ပါသည်။ယနေ့ထက်တိုင် အိမ်ထောင်မပြုဘဲ မိသားစုကိုသာဖြည့်ဆည်းပေးသည့် မမကြီးသည် ကျမတို့ အတောင်အလက်စုံပြီး ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်နိုင်သည်အထိ မိဘများနှင့်ယှဉ်တွဲကာ ပခုံးထမ်းတင်ပေးခဲ့ပါသည်။ကျမတို့ မောင်နှမ သုံးယောက်ကိုလည်း နောင်တစ်ချိန် ကိုယ့်အားကိုယ်ကိုးပြီး ငွေကြေးဥစ္စာများ ရှာဖွေစုဆောင်းနိုင်ချိန်တွင်လည်း မိအိုဖအိုများကို ပစ်မထားကြဘဲ ပြန်လည်အလုပ်အကျွေးပြုကြရန် အမြဲမှာကြားလေ့ရှိပါသည်။မိဘများနှင့်မခြား မောင်လေး ညီမလေးများအား လိမ္မာရေးခြားရှိရန်ဆုံးမတတ်ပြီး ကိုယ်ကျိုးမကြည့်ဘဲ ပြုစုပျိုးထောင်ပေးခဲ့သည့် ကျမတို့၏ မမကြီးအား ဤဆောင်းပါးလေးဖြင့် ဂါရဝပြုလိုက်ပါသည်။
စာရေးသူ