"သမီးရေ....ဟိုဘက်တစ်လမ်းကျော်က ကောင်လေး ဆုံးပြီတဲ့"
"ရှင်...မေမေ, ဘယ်ကောင်လေးကိုပြောတာလဲ"
"သမီးနဲ့ အတန်းတူကောင်လေးလေ,မေမေတို့ ဒီမြို့ကို ရောက်ခါစတုန်းက ကျောင်းတက်နောက်ကျတဲ့ သမီးကို ကျောင်းစာတွေ ဝိုင်းကူးပေးတဲ့ ကောင်လေးလေ"
"လင်းသစ်နေ ကိုပြောတာလား မေမေ"
"ဟုတ်တယ် သမီး,
သမီး အိပ်ယာမနိုးသေးလို့
မေမေ စောင့်နေတာ, ဆုံးတာက ညကတည်းကတဲ့
အစာအိမ်ရောင်ပြီး အူအတက်ပေါက်တယ် ပြောတာပဲ,ခနနေရင် မေမေတို့ သတင်းသွားမေးကြမယ်"
အဆက်မပြတ် ဖြစ်ကြောင်းကုန်စင်ကို ပြောပြနေတဲ့ မေမေ့စကားသံကို နားထောင်နေရင်း ကျမခေါင်းထဲ မူးမိုက်လာသည်။
တစ်ဆက်တည်းမှာဘဲ အံ့သြမှုတွေနဲ့အတူ မယုံကြည်စိတ် ဒွိဟစိတ်တွေနဲ့ ပြည့်နှက်လာကာ ရင်ထဲ တလှပ်လှပ်ဖြစ်ပြီး အခန်းဝမှာ ရပ်နေရင်းက အရုပ်ကြိုးပြတ် လဲကျသွားသည်။
"ဟယ်....သမီး သတိလည်းထားပါအုံး..ဖေကြီးရေ သမီးကို လာဝိုင်းထူပါအုံး"
"ဘယ်လိုဖြစ်တာလဲ..ငါ့သမီးက"
"သူ့အတန်းဖော် သူငယ်ချင်း ဆုံးတဲ့သတင်းကြားပြီး စိတ်မကောင်းဖြစ်သွားတာ"
"မဟုတ်ဘူး မေမေ, စိတ်မကောင်းဖြစ်တယ်ဆိုတာထက် အံ့သြလွန်းပြီး မယုံကြည်နိုင်တာပါ မေမေ"
"ဘာဖြစ်လို့လဲ သမီးရဲ့"
" သမီး.....မနက်က..စက်ဘီးစီး လေ့ကျင့်ခန်း...ထွက်နင်းဖြစ်ပါတယ်နော်"
"နင်းဖြစ်တယ်လေ သမီးရဲ့, သမီးစာထကျက်ပြီး ပုံမှန်ချိန်ဘဲ ထွက်သွားတာလေ"
"ဒါဆို........သမီးလက်ထဲမှာ လိမ္မော်သီးတွေ ပါလာခဲ့တယ်ပေါ့နော် "
"ပါလာလို့ မေမေတောင် ဘုရားဆွမ်းတော်တင်.....ဟင်,ဒါ...ဒါဖြင့်"
"ဟင့်...ဟုတ်တယ် မေမေ, သမီးလုံးဝ မယုံကြည်နိုင်ဘူး ဖြစ်နေတယ်, သမီးကို ဘုရားခန်းထဲ လိုက်ပို့ပေးပါနော်"
.
.
.
ဟုတ်ပါတယ်, ဘုရားဆင်းတုတော်ရှေ့မှာ မေမေကပ်လှူထားတဲ့ အရွယ်တူလိမ္မော်သီးလေး များပါ
လတ်လတ်ဆတ်ဆတ်နဲ့ ဘုရားရုပ်ပွါးတော်ရှေ့မှာ အစီအရီ နေရာယူထားသော, ကျမအတွက် နောက်ဆုံးလက်ဆောင် လိမ္မော်သီးလေးများအား ကြည့်ရင်း....,ကျမကို သံယောဇဉ် သိပ်ကြီးသည့် လူသားတစ်ဦး လောကကြီးမှ ထွက်ခွါသွားပြီ ဟူသော အတွေးများဖြင့်...............................
"ဟိတ်,," "ဘာတွေဖြစ်နေတာလဲ"
ရုတ်တရက် ထွက်လာသော အနောက်ဘက်အတန်းမှ အသံကြောင့် မျက်ရည်စလေးများဝိုင်းကာ ငိုမဲ့မဲ့ဖြစ်နေသည့် ကလျာတစ်ယောက် လန့်ဖြတ်ကာ လှည့်ကြည့်မိလိုက်သည်။
အသားဖြူဖြူ ပိန်ပိန်သွယ်သွယ်လေးနှင့် နက်မှောင်လှသော ဆံပင် မျက်ခုံးများဖြင့် အတော်အသင့် ပြေပြစ်ချောမောလှသော ကောင်လေးတစ်ယောက်,
ပြူးကျယ်လှသော မျက်လုံးတွေကြားမှာ ရိုးသားဖြူစင်သည့် အရိပ်အငွေ့လေးများလည်း တွေ့ရသောကြောင့် တစ်ယောက်တည်း တသီးတသန့်နေထိုင်တတ်ပြီး မရင်းနှီးသည့် သူစိမ်းများဆို အလွယ်တကူ မရောနှောတတ်သည့် ကလျာလည်း
"ငါ ဒီနေ့မှပြောင်းလာတဲ့ ကျောင်းသူအသစ်ဆိုတာ, ဆရာကြီးက မသိဘူးနဲ့တူတယ်,
ရောက်တဲ့နေရာက လိုက်သင်ရတော့ သင်ခန်းစာတွေကိုလည်း သိပ်နားမလည်ဘူး,
ဒီကြားထဲ သင်္ချာအချိန်မှာ Unit-2 ရဲ့နောက်ဆုံးပုစ္ဆာတွေကို ကိုယ့်ဘာကိုယ် တွက်ခိုင်းတော့ ငါဘယ်လိုလုပ်တွက်တတ်မှာလဲ"
" ဟ,, မတွက်တတ်တဲ့ အကြောင်း ဆရာကြီးကို ပွင့်ပွင့်လင်းလင်းပြောလေ, ပြီးတော့ နင်က ကျောင်းသူအသစ်ဆိုတာလည်း ထည့်ပြောပေါ့"
"မပြောရဲပါဘူး စာမရတာနဲ့ အကြောင်းပြသလို မဖြစ်ခြင်ဘူး,
သူများတွေ တွက်ပြီးသားစာကို သွားပြနေတဲ့အချိန် ငါကမတွက်ရသေးတော့ ရှက်လည်းရှက်တယ်, ဝမ်းလည်းနည်းတယ်"
"ငါသိပါတယ်.,နင်ဖြစ်နေတဲ့ပုံစံတွေ အစအဆုံး ငါအနောက်တန်းကနေ မြင်နေရတယ်,
အဲ့ဒါကြောင့် ငါဘာကူညီပေးရမလဲလို့ လာမေးတာ
နင်ထမင်းရော စားပြီးပြီလား"
"စားပြီးပြီ, နင်ရော"
"ပြီးပြီ,ဟိုဘက်အခန်းက ငါ့သူငယ်ချင်းအဖွဲ့နဲ့ အတူတူသွားစားတာ"
"သြော်"
"ငါ့နာမည်လည်း မှတ်ထားအုံး, လင်းသစ်နေ တဲ့
နင့်နာမည်ကတော့ ကလျာဆိုတာ စောစောက အတန်းပိုင်ဆရာမ မိတ်ဆက်ပေးထားတော့ သိပြီးပါပြီ"
"အင်းပါ"
"ဒီလိုလုပ်လေ ညနေကျောင်းဆင်းချိန်ကြရင် နင့်စာအုပ်တွေပေးလိုက်လေ ငါကနင်တို့အိမ်ရဲ့ တစ်လမ်းကျော်မှာနေတာဟ
နင်တို့ အိမ်ပြောင်းလာတာ ငါတို့တစ်မိသားစုလုံးသိတယ်
ငါ့အမေကတောင် နင်ကျောင်းမှာလိုအပ်တဲ့ အကူအညီရှိရင် ကူညီပေးဖို့မှာထားတာ
နင်မမီလိုက်တဲ့ စာတွေငါကူပြီး ကူးပေးမယ်"
"ဟယ်.,ဒါဆို လိမ္မော်ပင်တွေအများကြီးရှိတဲ့ခြံထဲကအိမ်က နင်တို့အိမ်ပေါ့"
"အေး ဟုတ်တယ်, လိမ္မော်သီး စားခြင်ရင်ပြောလေ ငါယူလာခဲ့မယ်"
"အင်းပါ ကျေးဇူးတင်ပါတယ်"
ကလျာ့ဖေဖေမှာ ဝန်ထမ်းတစ်ဦးဖြစ်သည့်အလျောက် ကလျာတို့မိသားစုသည် သူမဖေဖေတာဝန်ကျသည့် မြို့နယ်လေးများသို့ လိုက်လံပြောင်းရွှေ့နေထိုင်ကြရသည်မှာ ကလျာမူလတန်းအရွယ်တည်းကပင် ဖြစ်သည်။
မူလတန်းမှ အထက်တန်းအထိ သူမဖေဖေ တာဝန်ကျသည့် မြို့နယ်များရှိကျောင်းများတွင် လိုက်လံတက်ရောက် ရ၍ အနယ်နယ်အရပ်ရပ်ရှိ ကျောင်းများတွင် ကလျာ့သူငယ်ချင်းများစွာ ရှိခဲ့သည်။အစပိုင်းမှာတော့ ကျောင်းတစ်ခါပြောင်းတိုင်း ခင်မင်ရသည့် သူငယ်ချင်းများနဲ့ ခွဲရ၍ ကလျာငိုမိသည်။နောက်ပိုင်း ကျောင်းပြောင်းရတာတွေ များလာတော့ ကလျာအတွက် မထူးဆန်းတော့ပေ။အစွဲအလမ်းမထားဘဲ ရောက်သည့်နေရာတွင်သာ ထူးချွန်သည့် ကျောင်းသူတစ်ဦးဖြစ်ဖို့သာ ကလျာကြိုးစားတော့သည်။ငယ်စဉ်ကတည်းက အဖေအမေက အထူးသင်ကြားပေးစရာမလိုဘဲ လိမ္မာရေးခြားရှိပြီး ပညာရေးမှာလည်းထူးချွန်သည့် ကလျာ့ကို ဆရာဆရာမများရော သူငယ်ချင်းအပေါင်းအသင်းများကပါ ချစ်ခင်ကြသည်။ယခုလည်း ကလျာ အထက်တန်းရောက်သည့်နှစ်မှာပင် ကလျာ့ဖေဖေတာဝန်ကျသည့် တောင်ပေါ်မြို့လေးသို့ ကလျာတို့မိသားစုပြောင်းရွှေ့လာခဲ့ရသည်။
ဒုတိယပိုင်း ဆက်လက်အားပေးပါဦးရှင့်။
ပြီးခဲ့တဲ့တစ်ပတ်လုံး ပို့မတင်နိုင်ပဲ ကြိုးစားပြီးရေးထားတဲ့ ဝတ္ထုလေးပါရှင့် ရှည်လွန်းလို့ အပိုင်းလေးတွေခွဲတင့် ပါရစေနော်
Author
မြူနှင်းကဗျာ