နေ့စဉ် ကလျာမနက်ခင်းစာကျက်ပြီး စက်ဘီးထွက်နင်းချိန်ရောက်တိုင်း လင်းသစ်နေမှ အခါအခွင့်သင့်သလို ကလျာစားဖို့ လိမ္မော်သီးလေးများ ထွက်ပေးတတ်ပါသည်။လူချင်းမဆုံသည့်နေ့ ကလျာ့ကို မတွေ့လိုက်သည့် နေ့များသာ ပျက်ကွက်မှုရှိခဲ့တဲ့ လင်းသစ်နေဟာ တစ်ရပ်ကွက်သားချင်း အတန်းဖော်ဖြစ်သည့် မြေပြန့်သူလေး ကလျာကို သံယောဇဉ်တွေပိုခဲ့ရပါသည်။သို့ပေမယ့် အထက်တန်းကျောင်းသား အရွယ်ဆိုတာ ပညာရေးကိုသာ ဦးစားပေးသင့်တာရော,ကလျာဆိုသည့် မိန်းကလေးမှာလည်း ကျောင်းသူအသစ်ဖြစ်ပေမယ့် အတန်းထဲရှိ စာအတော်ဆုံးစာရင်းတွင် ပါဝင်ပြီး ပညာရေးကလွဲရင် ဘာမှမစဉ်းစားဘဲ နေတတ်သူတစ်ဦးသာ ဖြစ်တာရော,ကြောင့် လက်ရှိခင်မင်မှုလေးကို လင်းသစ်နေအပျက်မခံခဲ့ပါ။
ကျောင်းသူအသစ်ဖြစ်သည့် ကလျာ့ကို ကျောင်းတွင်လည်း လိုအပ်သည့်အကူအညီ မှန်သမျှ အမြဲကူညီပေးတဲ့ လင်းသစ်နေအား ကလျာမှလည်း အလွန်ခင်မင်ရပါသည်။စာကြိုးစားသည့်ကလျာမှာ ယခုဆိုလျင် လင်းသစ်နေနားမလည်သည့် သင်ခန်းစာများကိုပင် ပြန်လည်ရှင်းပြနိုင်သည့်အပြင် အတန်းထဲတွင်လည်း အတော်ဆုံးကျောင်းသူတစ်ဦး ဖြစ်လာကာ ဆရာဆရာမများအားလုံးမှ အသိအမှတ်ပြု ချစ်ခင်ခြင်းခံရသူတစ်ဦး ဖြစ်လာသည်။လင်းသစ်နေ သူမကို သံယောဇဉ်ရှိတာသိပေမယ့် မိဘတွေရဲ့ယုံကြည်မှုကို အလွဲသုံးစားမလုပ်ခြင်တာရော တနယ်တကျေးမှ ပြောင်းရွှေ့လာသူ အနေနှင့် အခြားသောကိစ္စများဖြင့် တခြားသူများပြောစရာဖြစ်ကာ အာရုံနောက်ရမည်စိုးတာရောတို့ကြောင့် စိတ်မဝင်စားခဲ့ပေ။ထူးချွန်ထက်မြက်ပြီး အနေအထိုင် တည်တံ့အေးဆေးသည့် ကလျာ့ကို လင်းသစ်နေတို့ တစ်မိသားစုလုံးကလည်း ချစ်ခင်ကြသည်။
"လင်းသစ်, နောက်တစ်ပါတ်ထဲကျရင် ငါ့မွေးနေ့ရှိတယ်သိလား,ညနေပိုင်းကျရင် မုန်းကျွေးမှာ"
"ဟုတ်လား, ဘာကျွေးမှာလဲ, မွေးနေ့လက်ဆောင်ရော ဘာလိုခြင်လဲ"
"ရပါတယ်,ပေးစရာမလိုပါဘူး နင်ကငါ့ကိုလိမ္မော်သီးတွေ အမြဲလက်ဆောင်ပေးနေတာ,
ငါ့မေမေကတောင်ပြောနေသေးတယ်,
မွေးနေ့ကျရင် ဦးတို့ အန်တီတို့ပါ မုန့်စားဖို့ဖိတ်လိုက်ပါတဲ့"
"လာရမှာပေါ့ ,ငါ့အခင်ရဆုံး သူငယ်ချင်းလေးရဲ့မွေးနေ့ဘဲ,
ဒါနဲ့,ဒီရက်ထဲမှာ နင်စက်ဘီးထွက်စီးတာ မတွေ့မိသလိုဘဲ"
"ဟုတ်တယ်,နေသိပ်မကောင်းလို့,
မနက်စောစောတောင် စာထမကျက်ဖြစ်ဘူး"
"ဂရုစိုက်ဦးနော်,တော်ကြာနေ မွေးနေ့မှာ မလှဘဲ ရုပ်ဆိုးမလေး ဖြစ်နေဦးမယ် ဟဲဟဲ"
"အောင်မယ်, ငါ့ကိုများ ရုပ်ဆိုးမတဲ့ "
"စတာပါဟာ,ငါ့သူငယ်ချင်းက ချောပြီးသားပါ,နင်ကျူရှင်မရှိရင် ညနေကျောင်းဆင်းရင် ငါတို့အတူတူပြန်ကြမယ်လေ"
"အင်း, မရှိဘူး ပြန်လို့ရတယ်"
ကျောင်းသူသစ်လေးကလျာ နှင့် လင်းသစ်နေတို့၏ ခင်မင်မှုလေးသည် တစ်စတစ်စတိုးလာကာ ကလျာ့မွေးနေရက်လေးသို့ပင် တဖြည်းဖြည်း နီးကပ်လာလေသည်။တွယ်တာရသော မြေပြန့်သူ သူငယ်ချင်းမလေး၏ မွေးနေ့ရောက်တော့မည်ဖြစ်၍ အတူတကွ ပျော်ရွှင်ရတော့မည့်အတွေးလေးများစီကုံးပြီး ညတိုင်းကြည်နူးမိသည်မှာ လင်းသစ်နေပင်ဖြစ်သည်။
"ဖလပ်,ဖလပ်,ချပ်,ချပ်"
ပြတင်းတံခါးကို အဆက်မပြတ် ရိုက်ခတ်လာသည့် ချယ်ရီပင်အကိုင်းအခက်လေးများရဲ့ လှုပ်ခတ်သံများကြောင့် နှစ်ခြိုက်စွာအိပ်ပျော်နေသည့် ကလျာလန့်နိုးလာခဲ့သည်။ပါတ်ဝန်းကျင်တစ်ခုလုံး မှောင်မိုက်လာကာ သစ်ခက်သစ်နွယ်များ၏ ယိမ်းနွဲ့လှုပ်ရှားမှုတို့ကြောင့် တစ်ယောက်တည်း ကိုယ်ပိုင်အခန်းထဲမှာ စာကျက်ရင်းအိပ်လေ့ရှိသည့် ကလျာမှာ ခြောက်ခြားစိတ်များပင် ဖြစ်ပေါ်လာသည်။မိုးဥတုလည်း မဟုတ်ပါဘဲ သည်နေ့မှပင် ထူးခြားစွာ ဖောက်ပြန်လာသည့် ရာသီဥတုကိုလည်း အံ့သြမိသည်။တံခါးအပြင်ဘက်မှ တစ်စုံတစ်ဦး လာခေါက်နှိုးနေသလိုဖြစ်ကာ ရုတ်တရက်ထထိုင်မိတော့သည်။အိပ်နေရာမှ ထရပ်ကြည့်မိတော့လည်း အားလုံးငြိမ်သက်နေသား။ထွေပြားလာသော စိတ်တို့ကြောင့် ပြန်မအိပ်တော့ဘဲ အိပ်ယာထက်မှာပင် ကလျာလှဲနေလိုက်သည်။နာရီကြည့်လိုက်တော့ နံနက် ၅နာရီခွဲပြီဖြစ်သည်။ဒီနေ့ သူမ၏မွေးနေ့ ဖြစ်သည့်အတွက် စောစောထ ကိုယ်လက်သန့်စင်ပြီး ဘုရားဝတ်ပြုရန် ပြင်ဆင်လေတော့သည်။
မျက်နှာသစ်ပြီး ကိုယ်လက်သန့်စင်ပြီးသည့်တိုင်အောင် ကလျာ့စိတ်တွေ မကြည်လင်သည့်အတွက် စက်ဘီးထွက်စီးပြီး သွေးပူလေ့ကျင့်ခန်းလုပ်ရန် စိတ်ကူးမိသည်။
"ဟင်,လင်းသစ်တို့တောင် လိမ္မော်သီး ဖောက်သည်မပေးတော့ပါလား"
စက်ဘီးမစီးဖြစ်တာ တစ်ပါတ်လောက်ရှိပြီဖြစ်နေသော ကလျာမှာ လင်းသစ်နေတို့ အိမ်ရှေ့အရောက်တွင် ထူးဆန်းစွာဖြင့် ခြံထဲတွင်လူရှင်းနေသောကြောင့် အံ့သြစွာ ရေရွတ်မိလေသည်။ခါတိုင်းရက်တွေ စက်ဘီးစီးချိန်ဆိုလျင် လိမ္မော်သီး ဖောက်သည်ယူသူများနှင့် အလုပ်သမားတွေကြား ဟိုပြေးသည်ပြေးဖြင့် အလုပ်ရှုပ်နေတတ်သော လင်းသစ်နေကို မတွေ့ရသည့်အတွက် သတိတော့ရမိသား။ညနေ မွေးနေ့မုန့်လာစားတော့မှဘဲ မေးမည် စိတ်ကူးကာ ကလျာ စက်ဘီးကိုသာဆက်နင်းလာခဲ့သည်။
"ကလျာ"
ရုတ်တရက်ထွက်လာသည့် အသံကြောင့် ကလျာနောက်လှည့်ကြည့်မိလိုက်သည်။
ခြံထောင့်တွင်ရပ်ကာ ကလျာ့ကိုငေးကြည့်နေသည့် လင်းသစ်ကို လှမ်းတွေ့လိုက်သည်။
"လင်းသစ်ပါလား, ငါတောင် ခုပဲ နင်တို့ခြံထဲတိတ်ဆိတ်နေလို့ လှည့်ကြည့်နေတာ,
အလုပ်သမားတွေရော နင်ရောမတွေ့လို့ ဘာများဖြစ်လို့လဲလို့"
"ဘာမှမဖြစ်ပါဘူး, ငါနေမကောင်းလို့"
"ဟောတော့,ငါ့ကို ကျန်းမာရေးဂရုစိုက်ပြောပြီး နင်ကနေမကောင်းဖြစ်နေတာလား"
"အေးဟာ,ကြာနေပြီ ငါဖြစ်တာ
နင်စိတ်မကောင်းဖြစ်မှာစိုးလို့ မပြောတာ"
"ဘယ်လိုဖြစ်တာလဲဟာ"
"ငါက ငယ်ငယ်တည်းက အစာအိမ်ရောဂါရှိတာ,
ဒီတစ်ခါဖြစ်တာတော်တော်ဆိုးတယ်
ညနေ နင့်မွေးနေ့ကို ငါလာနိုင်မှာ မဟုတ်တော့ဘူးဟာ"
"ရပါတယ်ဟာ နင်ကလည်း,အဲ့ဒါတွေက အရေးမကြီးပါဘူး"
"နင်စားဖို့အတွက် လိမ္မော်သီး,ငါကိုယ်တိုင် ခူးထားတာ,ဒီနေ့က နင့်မွေးနေ့လည်း ဖြစ်လို့"
"အေးပါ ငါဘုရားဆွမ်း သေချာတင်ပြီးမှ စားပါ့မယ်"
"သွားတော့လေ ,ရာသီဥတုအရမ်းအေးတယ်,နောက်ရက်တွေ အရမ်းအေးရင်လည်း ထွက်မစီးနဲ့ဦး"
"အင်းပါ,သွားတော့မှာပါ,နင့်ကျန်းမာရေးသာ ဂရုစိုက်ပါ"
နေမကောင်းသည့်ကြားက တဖွဖွမှာနေသော လင်းသစ်အား နှုတ်ဆက်ပြီး ကလျာပြန်လာခဲ့လေသည်။အပြန်လမ်းတွင်တော့ တပါတ်အတွင်း အတော်လေးပိန်ကျသွားသော သူငယ်ချင်းဖြစ်သူမျက်နှာလေးအား စိတ်မကောင်းစွာဖြင့် မြင်ယောင်ရင်း.....................
"အရမ်းကြီး စိတ်မကောင်းမဖြစ်ပါနဲ့ သမီးရယ်,
စာမေးပွဲကလည်း နီးလာပြီ,သမီးပါ ကျန်းမာရေး ထိခိုက်နေပါမယ်"
ဘေးမှသတိပေးလိုက်သော မေမေ့စကားသံကြားမှ ကလျာ့အတွေးစတို့ ပျံ့လွင့် ပျက်ပြယ်သွားသည်။
ဆုံတွေ့ချိန် ခနတာလေးဆိုပေမယ့် ကလျာ့ကို ဖြူစင်စွာ အရိပ်တကြည့်ကြည့်ဖြင့် စောင့်ရှောက်တတ်သော သူငယ်ချင်း....,
ခုလို ဝေဒနာတွေခံစားပြီး လာကကြီးကထွက်ခွါချိန်မှာတောင် ကလျာ့ကို စိတ်မကောင်းစွာနဲ့ တကူတက နှုတ်ဆက်သွားရှာတဲ့ သူငယ်ချင်း.....,
နောက်ဆုံး ကလျာသိပ်ကြိုက်သည့် လိမ္မော်သီးလေးကိုပင် မဖြစ်ဖြစ်အောင် ပေးသွားသည့် သူငယ်ချင်း....
ကလျာ့ငိုရှိုက်သံတွေ ကြားယောင်ပြီး ကောင်းရာမွန်ရာ ဘုံဘဝကို ရောက်ရှိနိုင်ပါစေ.....
Author