ဆိုခဲ့သည့် အတိုင်း ကျွန်တော်တို့ ၉ ယောက်လည်း ထို သင်္ဘောကျင်း ငြမ်းစတို တွင် ၂ ပတ်ခန့် အလုပ်လုပ်ခဲ့ရပါသည်။ ထို စတိုတွင် ငြမ်းပစ္စည်းများအား ထိန်းသိမ်း သန့်ရှင်းရေး လုပ်သော အန္ဒိယ ကုလား ၁၀ ယောက်ခန့်ရှိပါသည်။ အစ ပိုင်းတွင် ကျွန်တော်တို့ လာကူလုပ်သဖြင့် သူတို့ နှင့် ရင်းနှီး ကျွမ်းဝင် စေရန် စကားစမြည်း ပြောရင်း အလုပ်လုပ်ကြပါသည်။
သူတို့ကို ကြည့်ရသည်မှာ သိပ်ပြီး နှစ်လို ဟန် မရှိပါ။ မေးထူးခေါ်ပြောအဆင့်သာ ဖြစ်ပါသည်။ နောက်ပိုင်းမှ သိရသည်မှာ အလုပ်လုပ်နေလျင် စကား မပြောကြပါ။ စကားပြောနေသည်ကို မန်နေဂျာ မိသွားလျင် overtime ဖြတ် ခံရ၍ ဖြစ်ပါသည်။ ထို့ကြောင့် ကျွန်တော်တို့အား စကားမပြောကြခြင်း ဖြစ်ပါသည်။
ဤတွင် အကြောင်းသင့်၍ ထိုအန္ဒိယ ကုလားတို့ အလုပ်လုပ်ပုံ အကြောင်း အနည်းငယ်ဖေါ်ပြချင်ပါသည်။ ကျွန်တော်တို့ မြန်မာ များမှာ လုပ်စရာရှိက အမြန်လုပ်လိုက်၍ လုပ်စရာမရှိလျင် နားနေမည် ဟူသော အလေ့အထများရှိပါသည်။ ကျွန်တော်တို့ အလုပ်စလုပ်သော ပထနေ့တွင် supervisor ကုလားမှာ မိမိတို့အား အတော်အတန် ကြီးသော ငြမ်း ပိုက် ပုံ ကြီး မှ သင့်တော်ရာ ပိုက် များကို size များ ခွဲထုတ်ခိုင်း၍ အသင့်ပြုလုပ်ထား သော rack ခေါ် စင် ထဲတွင် သေချာကျ ကျ နန စီထည့် ခိုင်းပါသည်။
ပိုက်များ မှာ size စုံ ပင် ဖြစ်ပါသည်။ ၆ မီတာ အရှည် မှ အတိုဆုံး ၁ မီတာ ထိ ရှိပါသည်။ ကျွန်တော်တို့လည်း တက်ညီ လက်ညီ ဝိုင်း၍ ရှင်းလိုက်သည်မှာ ၃ နာရီ အတွင်း ပြီး သွားပါသည်။ အလုပ်ပြီးသွား၍ supervisor ကုလားလည်း မရှိသဖြင့် ကျွန်တော်တို့လည်း အရိပ်ရသော စင်ဘေးတွင် ထိုင်၍ သင်္ဘောကျင်း အကြောင်း ပြောနေကြပါသည်။ ထိုအချိန်တွင် သင်္ဘောကျင်း တာဝန်ရှိသူများ ရောက်လာ၍ အဘယ်ကြောင့် ထိုင်နေကြသနည်း မေးသော အခါ အလုပ်ပြီး သွား၍ ထိုင်နေကြောင်း ကျွန်တော်ကလည်း ပြန်ရှင်းပြပါသည်။ ထိုအချိန် ထို သူမှ walkie talkie ထုတ်၍ မိမိ တို့ စတိုမန်နေဂျာအား တိုက်ရိုက်ဆက်သွယ်၍ ကျွန်တော်တို့ အလုပ်မရှိ၍ ထိုင်နေကြကြောင်း ရှင်းပြပါတော့သည်။
ခဏအတွင်းပင် supervisor ကုလား ရောက်လာ၍ မိမိတို့အား တခြားအလုပ်ထပ်မံပေးပါသည်။ အလုပ်ခဏအတွင်း ပြီးသွား၍ မိမိ တို့အား မည်သူမျှ ကျေးဇူးမတင်သည့် အပြင် ဤကဲ့သို့ ထိုင်နေပါက ဒါဏ်ရိုက်ခံရနိုင်ကြောင်းပါ ရှင်းပြပါသည်။ အလုပ်ကို မနှေး မမြန် ပုံမှန်သာ လုပ်ရန်နှင့် ယခုပေးထားသောအလုပ်ကို ညနေ မပြန်ခင် အထိ လုပ်ရန် ပြောသွားပါသည်။
သူ ထပ်ပေးသော အလုပ်မှာ ကျွန်တော်တို့ တကယ်လုပ်လျင် ၂ နာရီအတွင်း ပြီးနိုင်ပါသည်။ သို့သော် ကျွန်တော်တို့ အလုပ်ကြုံးလုပ်လိုက်လျင် စတို အတွင်း လုပ်နေကြသော ကုလားများ အပြောခံရမည့် အပြင် over time အဖြတ်ခံရနိုင်သဖြင့် မိမိတို့ လည်း ထို အလုပ်ကို အီးလေးဆွဲပြီး ၄ နာရီ ခွဲ အထိ မနည်း လုပ်လိုက်ရပါသည်။ ဤသည်မှာ စတိုအတွင်းရှိ ကုလားများ အချိန်ခိုး၍ အလုပ်လုပ်နည်း ဖြစ်ပါသည်။
နောက်ပိုင်းမှ မိမိ တို့ သိရသည်မှာ စတို အတွင်းလုပ်နေကြသူများမှာ အပင်ပန်း မခံနိုင်သူ အလုပ်ကြမ်း မလုပ်နိုင်သူ ၊ အလုပ်ကြမ်း မလုပ်ချင်သူများသာ လုပ်ကြ၍ လစာလည်း အလွန်နည်း ကြောင်း သိရပါသည်။ ထို့ကြောင့် သူတို့မှာ overtime ကို အမှီပြုနေရခြင်း ဖြစ်ပါသည်။ ထို့ကြောင့် နောက်ရက်များတွင် supervisor ကုလားမှ အလုပ်ချ ပေးလျင် ဘယ်နှစ်နာရီတွင် ပြီ စေချင်သနည်း ဟု မေးရပါသည်။သူကလည်း နေ့တဝက် အတွင်း ပြီးအောင်လုပ်ပါ သို့ မဟုတ် တနေ့လုံး ဒီ အလုပ်ကို ပြီး အောင်လုပ်ပါဆိုလျင် မိမိ တို့ လည်း သဘောပေါက်ရပါတော့သည်။
ထို Jurong သင်္ဘောကျင်း စတိုတွင် အလုပ်လုပ်နေစဉ်ကာလ တွင် ကျွန်တော့ ဘဝအား လုံးဝ ပြောင်းလည်း စေမည်ဖြစ်သော အဖြစ်အပျက် တခု ဖြစ်ပွားခဲ့ပါသည်။ ထို အဖြစ်အပျက်နှင့် ပါတ်သက်၍ုကျွန်တော့ အကြောင်းကို အနည်းငယ် ရှင်းပြလို ပါသည်။ ကျွန်တော့် မိဘများမှာ သာမန် ပညာရေး ဝန်ထမ်း များသာ ဖြစ်ကြပါသည်။
စာဖတ်သူတို့ အားလုံး နားလည် ကြသည့် အတိုင်း မြန်မာပြည် အစိုးရ ဝန်ထမ်းများ ၏ ဆင်းရဲ ပုံ အကြောင်းကို ထွေထွေထူးထူး ရေးပြရန် မရှိပါ။ နှောင်အလျင်သင့် လျင် ကျွန်တော်၏ ငယ်ဘဝအကြောင်းကို ဖေါ်ပြပေးပါမည်။ ဆိုခဲ့ သည့် အတိုင်း ကျွန်တော်တို့ မှာ ဆင်းရဲသဖြင့် ဂုဏ်ဟူ၍ ပြစရာမှာ ပညာရေးသာရှိပါသည်။ ကျွန်တော်တို့ မောင်နှ လေးယောက်ရှိသည့် အနက် လေးယောက်စလုံး သူငယ်တန်းမှ တက္ကသိုလ် ရောက်သည် အထိ ၊ ယခု ပြည်ပ တွင် ပညာသင်ကြားသည်အထိ စာမေးပွဲ ဟူ၍ တကြိမ်မှ မကျရှုံး ခဲ့ဘူးပါ။
ဤသည်မှာ ပညာရေး အပေါ်ထားသော ကျွန်တော်တို့ မိသားစု သဘောထားဖြစ်ပါသည်။ ထို့ အပြင် ကျွန်တော် စင်္ကပူ မလာခင် စပ်ကြား တွင် အင်္ဂလိပ် စာနှင့် စကားကို အများတန်းတူ မပြောနိုင်မရေးနိုင်သော်လည်း သာမန် စကားစမြည် အဖြစ်ပြောတတ်အောင် လေ့ကျင့် ခဲ့ သည့်အပြင် ကွန်ပြူတာတွင်လည်း အများနည်းတူ သုံးတတ်အောင်သင်ထားခဲ့ပါသည်။ ထို အချိန်တုန်းကတော့ လူငယ်တယောက်အနေဖြင့် စင်္ကပူ တွင် အောက်ကျ နောက်ကျ မဖြစ်စေရန် သေချာ ပြင်ဆင်ထားခဲ့ပါသည်။ အမှန်ကို ဝန်ခံရလျင် ပညာနှင့် ပါတ်သက်ပြီး သူများထက် အောက်မကျ စေရဟူသော မာန လေး ရှိခဲ့ပါသည်။
ကျွန်တော့ဘဝကို ပြောင်းလည်း စေခဲ့သော ထိုနေ့ရက် အကြောင်းကို ဆက်ပါအုံးမည်။ ဆိုခဲ့ သည့် အတိုင် ကျွန်တော်တို့ ထို စတိုတွင် အလုပ်လုပ်ပြီး တပါတ်ခန့်အကြာတွင် ထို စတိုသို့ ကျွန်တော်တို့ သူဌေးသား ရောက်လာ၍ စစ်ဆေးပါသည်။ ထိုသူဌေးသား နာမည်Desmondကို ကျွန်တော်သေသည်အထိ မှတ်မိ နေမည် ဖြစ်ပါသည်။
ထို သူဌေးသားမှ ကျွန်တော်ကို ခေါ်၍ အလုပ်ခိုင်းပါသည်။သူ ခိုင်းသော အလုပ်မှာ စုပုံ ထားသော ငြမ်း ကလစ်များကို သံပုံး အတွင်းသို့ ထည့် ခိုင်းခြင်း ဖြစ်ပါသည်။ သံပုံး တပုံး လျင် ကလစ်၁၀၀၀ စီထည့် ရမည်ဖြစ်ပါသည်။ သူ ကျွန်တော့ကို " Boy , come here" ဟူ၍ အရင် ခေါ်ပါသည်။
ထို့ နောက် ကျွန်တော် ရောက်သောအခါ " can you counting 1,2,3,4 ?” ဟူ၍ မေးပါသည်။ အစတော့ ကျွန်တော်ကြောင်သွား၍ ဘားမှ ပြန်မဖြေ ဖြစ်ပါ။ သူက ထပ်မံ၍ ၁,၂,၃ ,၄ ရေတွက်တတ်ပါသလော ထပ်မေးပါသည်။ ကျွန်တော်ကလည်း I can ဟူ၍ အဖြေ ပေးလိုက် သောအခါ .... Are you sure ? Can you counting until 1000 ? ဟူ၍ ထပ်မေးပါတော့သည်။
၁,၂,၃,၄ ကို တထောင် အထိ ရေတွက်တတ်ပါသလားဟု မယုံသင်္ကာ နှင့် ထပ်မံ မေး လိုက်ပါသေးသည်။ အမှန် ကိုဝန်ခံရလျင် ထို အခိုက် အတန့် တွင် ကျွန်တော် ဒေါသဖြစ်ခြင်းနှင့် အတူ အတော်လေး ဝမ်းနည်း သွားသလို စင်္ကပူ နိုင်ငံသားတို့ ၏ general worker များကို မြင်သော အမြင် ကိုလည်း သိခွင့် ရလိုက်ပါသည်။
သူတို့ အမြင်တွင် မိမိ တို့ General worker တို့ မှာ ပညာ လုံးဝ မတတ်သူ၊ စာမတတ်သူ၊ ကာယအားကိုး ဖြင့် သာ အလုပ်လုပ်နိုင်သူ များ အဖြစ်သာ မြင်ကြပါသည်။ ခေတ်သစ် ကျွန် ဟူသောစကားကို လည်း နားလည် သဘောပေါက်လိုက်ပါတော့သည်။ သူတို့ အမြင်တွင် ကျွန်တော်တို့မှာ ၁,၂,၃,၄ ပင် တထောင်အထိ မရေတွက်တတ်သူများသာ။
ထို့ နောက် ကျွန်တော် ကလစ်များကို ရေတွက်နေရင်း မည်သို့ မျှ မခံစားနိုင်တော့ သဖြင့် supervisor ကုလားအား အိမ်သာ သို့ သွား အုံးမည်ဟု ပြော၍ ထွက်လာပါတော့သည်။ အမှန်တော့ အိမ်သာတက် ရန် စိတ်ကူးမရှိပါ။ အိမ်သာသို့ သွားသောလမ်းတွင် ဒေါသဖြစ်ခြင်း၊ ဝမ်းနည်း ခြင်း ရှက်ရွံ့ခြင်း အားငယ်ခြင်း အားလုံး ပေါင်းစုံ မိ ၍ ကျွန်တော့ မျက်လုံး အိမ်မှ မျက်ရည်ပူများ ကျလာပါတော့သည်။
ယောက်ျား လေးတို့ ကျသော မျက်ရည်များ၏ နောက်တွင် ကြုံးဝါးသံများ ကပ်ပါလာလေ့ရှိပါသည်။
ဆက်လက်ဖေါ်ပြပါမည်။
မြန်မာလူငယ်များ steemit တွင်အောင်မြင်ကြပါစေ....
Photos credit; Google Image
Author : Henry Aung ( Kachin )
MSC : 001