ကျွန်တော်တို့ အားလုံး welding certificate ရပြီဖြစ်၍ work permit ဟူသော အလုပ်လုပ်ခွင့် ပါမစ်ကတ်ပြားရရန် လျှောက်ထားနိုင်ပြီဖြစ်သော်မိမိတို့ မှာ သင်္ဘောကျင်း အလုပ်သမားများဖြစ်သဖြင့် သင်္ဘောကျင်း လုပ်ငန်းခွင် ဆိုင်ရာ အန္တရာယ်ကင်းရှင်းရေး အသိပညာသင်တန်း တနည်း အားဖြင့် shipyard safety orientation course ခေါ် ( SSOC) ကို အရင်တက်ရောက်ရပါသည်။
work permit ရသော်လည်းထို SOC မအောင်လျင် သင်္ဘောကျင်းသို့ ဝင်ခွင့် မရနိုင်ပါ။ ထို SSOC ကို မအောင်မခြင်း ဖြေကြရပါသည်။ ထိုအချိန်က ထို SSOC မှာ စင်္ကပူ အလုပ်သမား ဝန်ကြီးဌာန ရုံး ministry of manpower (MOM) တွင် သွားရောက်ဖြေကြရပါသည်။ ထို သင်တန်းမှာ တရက်တာ သင်တန်း ဖြစ်ပြီ general worker များအတွက် ပြင်ဆင်ထားသော သင်တန်းဖြစ်၍ English လို ဖြေရသော်လည်း အလွန်လွယ်ပါသည်။
မေးခွန်တွင် အဖြေများပါပြီး ဖြစ်၍ မိမိတို့မှာ အဖြေမှန်ကို ရွေးပေးရပါသည်။ ထိုသင်တန်းတွင်လည်း အားလုံး အောင်မြင်ကြပါသည်။ ထို အချိန်တွင် ဒုတိယအသုတ် ဖြစ်သော နောက်ထပ် အယောက် ၃၀ မှာလည်း စင်္ကပူ သို့ ရောက်ရှိလာကြပြီဖြစ်သည်။
ဤတွင် ကျွန်တော်တို့ နေရသော အဆောင် အကြောင်းကို အနည်းငယ် အကျယ်ချဲ့၍ ဖေါ်ပြလိုပါသည်။ အခန်း အနေအထားနှင့် အဆောင်ထမင်းဟင်းများကို ဖေါ်ပြပြီ၍ ထပ်မံ မဖေါ်ပြတော့ပါ။ ကျွန်တော်တို့ နေရသော အဆောင်မှာ သုံးထပ်ဆောင်ဖြစ်၍ အဆောင် နှစ်ခု စီ မျက်နှာ ခြင်း ဆိုင်၍ ဆောက်ထားပါသည်။ ဥပမာ A အဆောင်နှင့် B အဆောင်မှာ မျက်နှာခြင်း ဆိုင်ဖြစ်၍ အဆောင်၏ ဒုတိယ ထပ်နှင့် တတိယ ထပ်တို့ တွင် အဆောင်၏ အလယ်မှ သော် လည်း ကောင်း အဆောင်၏ အစွန် တဖက်တချက် စီတွင် လည်းကောင်း အပေါ်အောက် တက်ဆင်းနိုင်သော လှေကားများရှိပါသည်။
အဆောင်နှစ်ခု ၏ တဖက်စွန်းတွင် အဆောင်နေသူ များအတွက် လုံလောက်သော အိမ်သာနှင့် ရေချိုးခန်း များရှိပါသည်။ ဤကဲ့သို့ ပင် အဆောင် C & D မှာ မျက်နှာခြင်းဆိုင်ဖြစ်၍ အဆောင် B နှင့် C မှာ ကျောခြင်းကပ်လျက်ဖြစ်ပါသည်။ ဤ ကျောခြင်းကပ် အဆောင်နှစ်ခုကြားတွင် အတန် ငယ် ကျယ်သော ကွက်လပ် ရှိပါသည်။ ထိုကွက်လပ်တွင် ခြင်းလုံးကွင်းရှိသလို အဆောင်သားများ အသုံးပြုနိုင်ရန် Gym ပစ္စည်းများလည်း ရှိပါသည်။
အဆောင်တိုင်း အထပ်တိုင်းတွင် လုံလောက်သော အိမ်သာနှင့် ရေချိုးခန်း ပါပြီး ဖြစ်သည်။ အိမ်သာမှာ သီးသန့်ဖြစ်၍ တံခါး လုံလုံ ခြုံခြုံ ရှိပါသည်။ (ဤနေရာ တွင် အဘယ့် ကြောင့် အိမ်သာတံခါးကို လုံလုံ ခြုံခြုံဟု ဖေါ်ပြရသနည်း ဆို သော် နောက်ပိုင်း ကျွန်နော် ကြုံတွေ့ခဲ့ရသော အံ့သြဖွယ်ကောင်းသော သင်္ဘောကျင်း အိမ်သာတို့ကို ဖေါ်ပြချင်၍ ဖြစ်သည်။ နောင် အလျင်သင့် လျင် ဖေါ်ပြပေးပါမည်။)
ရေချိုးခန်းမှာ အကာရှိသော်လည်း တခါးပေါက်မရှိပါ။ ရေပန်းဖြင့် ချိုးရသဖြင့် လွတ်လပ်ပါသည်။ အဆောင်တခုလုံးတွင် သူ့ အိမ်သာ ငါ့ ရေချိုးခန်းဟူ၍ သတ်မှတ်မထားသဖြင့် ကြိုက်သလို အသုံးပြုနိုင်ပါသည်။တခါတရံ ကျွန်တော်တို့ နေသောအဆောင် ရေချိုးခန်းလူပြည့် နေပါက အခြားအဆောင်သို့ သွားချိုးကြပါသည်။
အခြား အဆောင်မှ လူများလည်း ထို အတိုင်းသာ။ သို့ သော် ကျွန်တော်တို့ မြန်မာ ၊ ကုလား နှင် ယိုးဒယား တို့ ရေသွားမချိုးသော အဆောင်တခု တော့ရှိပါသည်။ ပြည်ကြီး တရုတ်သို့ နေသော အဆောင်ဖြစ်ပါသည်။ မိမိတို့ မြန်မာ နှင့်တကွ ယိုဒယား ၊ အိန္ဒိယ ကုလားတို့မှာ ရေချိုးလျင် ပုဆိုးမပါလျင်တောင် အနည်းဆုံး အတွင်းခံ ဘောင်းဘီ တော့ပါ ပါသေးသည်။
ပြည်ကြီးတရုတ်တို့ ရေချိုးလျင် မိမွေးတိုင်းဖမွေးတိုင်းသာ။ ဘယ်သူ့မှ လည်း ဂရုမစိုက် လွတ်လွတ်လပ်လပ်ပင် ချိုးကြ၍ ထို အဆောင်သို့ ဘယ်သူမှ သွား၍ ရေမချိုးကြပါ။ ဤသည်မှာ ကျွန်တော်နေခဲ့ ရသော အဆောင်၏ အနေအထားများဖြစ်ပါသည်။ အဆောင်နေသူများ၏ ယဉ်ကျေး မှု အနေဖြင့် ကြည့် သော် အန္ဒိယ ကုလားများ, ပြည်မကြီး တရုတ်များ နှင့် ဘင်္ဂလား ကုလားများ မြန်မာနှင့် ယိုးဒယား လူမျိုးများ ရှိပါသည်။
လူမျိုးအချင်းချင်း ယောနှော ၍ ပြသနာတက်ခြင်းမရှိသော်လည်း မြန်မာနှင့် ယိုးဒယားတို့ မှာ ပိုက်ကျော်ခြင်း အတူ ခတ်ကြသဖြင့် ပိုက်ကျော်ခြင်းကွင်းနှင့် ပါတ်သက်ပြီး စကားပြောရသည်တော့ ရှိပါသည်။ သို့ သော်ပြသနာကြီးကြီး မားမားမရှိခဲ့ပါ။
ကြီးမားသောပြသနာမှာ လောင်းကစားဖြစ်ပါသည်။ မြန်မာလူမျိုးတို့ နေသော အခန်းတ်ုင်းနီးပါ ဖဲဝိုင်းရှိပါသည်။ ယိုဒယားများကလည်း အဆောင်လှေကားအောက်တွင် ပေါ်တင်ပင် လေးကောင်ဂျင် , ရှစ်ကောင်ဂျင်များကစားကြပါသည်။ မြန်မာများကလည်း အားကျမခံ လှေကား ဒုတိယ ထပ်နှင့် အပေါ်ဆုံးထပ်တွင် ရှမ်းကိုးမီးဝိုင်း ချိမ့်ချိမ့်သဲ အုံနှင့် ကျင်းနှင့် ကျင်းပကြပါသည်။
ရှမ်းကိုးမီးဝိုင်းမှာ တကယ်ရိုက်သူ လေး၊ ငါး ယောက်သာရှိသော်လည်း ဘေးထိုးသူ များ သို့မဟုတ် ကိုအောင်ဇော်ထွေး ပြောသကဲ့သို့ ဖဲငွေ့လှုံ သူများဖြင့် စည်ကားနေလေ့ရှိပါသည်။ ဤတွင်မက သေး ဆိုင်ရာဆိုင်ရာ အခန်းများ အတွင်း၌ လည်း ကြေးကြီး ကြိတ်ဝိုင်း ပိုကာဝိုင်းများလည်း ရှိပါသေးသည်။
စင်္ကပူ အလုပ်သမားတို့ အား လစာပေးသော စနစ်မှာ ၁၅ ရက် တကြိမ် ရှင်း ပေးကြသည်ဖြစ်၍ ထို လစာ ရသော ည များတွင် လောင်းကစားဝိုင်းတို့မှာ ချိမ့်ချိမ့်သဲပင်ဖြစ်ပါသည်။ ကျွန်နော်တို့ ကဲ့သို့ သော လူသစ်များ အယောက် ၂၀ , ၃၀ အဖွဲ့လိုက် ရောက်လာလျင်ထို ညဖဲဝိုင်းများတွင် USD များပလူပျံလေ့ရှိပါသည်။
လူသစ်တိုင်တွင် အားလုံးလိုလို လိုရမယ်ရ ဆောင်ထားကြသော USD 100 $ ခန့်တော့ လူတိုင်းတွင်ပါလာကြပါသည်။ အချို့က ကစားတတ်၍ နိုင်ကြသလို အချို့ကလည်း ပါသမျှအကုန်ကုန်သည့် အပြင် ပါလာသော ဆွဲကြိုး ၊ လက်စွပ် ချွတ်ရသူများလည်း ရှိပါသည်။ ငွေမျှောငွေနှင့်လိုက် ဆိုသော်လည်း ကျွန်တော် မြင်သလောက်ကတော့ လိုက်လို့ မဆုံးကြသူများသာ။
အချို့ ယိုဒယား များမှာ ညစာစားပြီး ၈ နာရီလောက်ခန့်မှစ၍ ငါးဖမ်းကွန်များ ရက်ကြပါသည်။ ကွန်စိတ်၊ ကွန်ကျဲ အချို့ကွန်များမှာ အတော်ပင်ရှည်ပါသည်။ ကျွန်တော်လည်း အစကတော့ အပိုဝင်ငွေရအောင် ငါးဖမ်းကွန်ရက်၍ ရောင်းစားကြသူများဟုသာထင်ခဲ့ပါသည်။ နောက်မှ သိရသည်မှာ ထိုကွန်များကို စင်္ကပူတွင် မရောင်းစားကြပါ။
သူတို့ အိမ်ပြန်သွားသောအခါ တပါတည်း ယူသွားကြပြီး ယိုးဒယားတွင် ရောင်းစားကြခြင်းဖြစ်ပါသည်။ အချို့ဆိုလျင် အိမ်တခါ ပြန်လျင် ကွန် ၅ ထည် လောက် ပါသွားကြကြောင်း ပြောပြကြပါသည်။ ထို ကွန်ရက်ကြသူများကလည်း သူ့ အဖွဲ့နှင့်သူ။ ဒုတိယ ထပ် ကော်ရီဒါ လက်ရန်းမှာ ကွန်များကို ကြိုးနှင့် ဆွဲထားပြီ အောက်တွင် လူ လေး ငါးယောက် ထိုင်စကား ပြော ၍ ကွန်ရက်ကြပါသည်။ယောက်ျားလေး အဆောင်ဖြစ်သဖြင့် ယမကာဝိုင်း ကလေးများလည်း ရှိပါသည်။ အဆောင်ဘေးရှိ မျက်ခင်းပြင်တွင် ကိုယ့် ဝိုင်းနှင့် ကိုယ် ။
အများအားဖြင့်တော့ အတော် လှမ်းသော နေရာ ရှိ hawker center သို့ သွား၍ Beer သောက်ကြပါသည်။ အများပြည်သူ များစားသုံးသော hawker center ဖြစ်၍ အရက်ပြင်းများ မရောင်းချသလို သောက်သုံးခွင့်လည်း မရှိပါ။ Beer သာ သောက်ခွင့်ရှိပါသည်။ သို့ သော် မြန်မာပြည်တွင် ယမကာ သောက်သည့် အကျင့် ရှိခဲ့ သည့် အတိုင်း စတိုးဆိုင်မှ မဲခေါင် သို့ မဟုတ် အခြားသော အရက်ပြင်း ပုလင်းပြား ဝယ်၍ ထို Hawker center တွင် beer တလုံးမှာ ခွက်တဝက်ခန့်ထည့် လူ အခြေအနေကြည့် ၍ ဖွက်ဝယ်လာသော အရက်ပြင်းထပ်ရော ၍ ဟန်မပျက်သောက်ကြပါသည်။
ထို hawker center မှ ယိုဒယား ဆိုင်မှာ အတော်စားလို့ ကောင်းပါသည်။ ယိုဒယား အမဲအူ ကြမ်းသုတ်, အမဲလုံးပြုတ်, ကဏာန်း ကောင်သေးသေးလေးများ ထောင်း၍ ထည့် ထား သည့် ယိုးဒယာ သင်္ဘောသီး ထောင်းမှာ အလွန်စားလို့ ကောင်းပါသည်။ ယခု ဆောင်းပါး ရေး နေရင်းကပင် ထို ယိုဒယား အစားအစာများကို မြင်ယောင်လာ၍ တံတွေးမျိုချရသည်မှာ အကြိမ်ကြိမ်။
သို့သော် ကျွန်တော်တို့ လို ငမွဲများအဖို့ ထို ဆိုင်သို့ ရောက်ရန် ၁ လလျင် တကြိမ်တောင် မတတ်နိုင်ပါ။ ထိုဆိုင်တွင် တခါ သောက်နိုင်ရန် လူ တယောက်လျင် အနည်း ဆုံး $30 ခန့် မျှကုန်ကျပါသည်။ ဤသည်မှာ ကျွန်တော် နေခဲ့ သော အဆောင်နှင့် အခြေအနေ များကို ဖေါ်ပြခြင်းဖြစ်ပါသည်။
လွတ်လပ်သော ထို လောင်းကစား ဝိုင်း မှာ တညတွင် လေးကောင်ဂျင် လောင်းကစားကြရင်း ဓားထိုးမှုဖြစ် သဖြင့် ထို လောင်းကစားအားလုံး အခန်း အပြင်တွင် လောင်းကစားလုပ်ခြင်းကို တားမြစ်လိုက်ပါသည်။ ထို ဓားထိုးမှုနှင့် ယိုဒယား မြန်မာ ရိုက်ပွဲ အကြောင်းကို နောင်တွင် အကျယ် တဝင့် ဖေါ်ပြပေးပါမည်။
ဆက်လက်ဖေါ်ပြပါမည်။
မြန်မာလူငယ်များ steemit တွင်အောင်မြင်ကြပါစေ....
Photos credit; Google Image
Author : Henry Aung ( Kachin )