မွေးရာပါ မျက်မမြင်တစ်ဦးသည် အမြင်အာရုံကို အထူးတောင့်တလေ့မရှိဟု ဆရာကဆိုပါသည်။ တခြားသူများ၏ဆိုစကားအရ အမြင်အာရုံကို အလိုကောင်းရှိမည်ဖြစ်သော်လည်း အူလှိုက်သည်းလှိုက် လိုချင်မှုမရှိဟု ဆရာက အခိုင်အမာဆိုသည်။ မြင်သူကစာနာသည်။ သနားသည်။ သို့သော် အမြင်အာရုံမရှိသူတစ်ဦးအနေဖြင့် သူတကာ၏စာနာမှုကို ကောင်းစွာနားမလည်နိုင်ဟု အံ့အားသင့်ဖွယ်ကြားရပါသည်။ အချို့ဒေသခံများသည် အသိအမြင်မကျယ်ပြန့်မှုကြောင့် လူသားအခွင့်အရေးမရသည်ကို ထူးခြားသည့်ခံစားမှုမရှိ။ အစဉ်အဆက်ကြုံရသည့် လူမှုပတ်ဝန်းကျင်ကြီးတစ်ခုလုံးက လက်ဆင့်ကမ်းခဲ့သည့်အတွက် အလွန်ဆိုးရွားသည့် ဖောက်ဖျက်မှုများ ပုံမှန်လူ့အသိုင်းအဝိုင်းက မစင်သဖွယ်ရွံရှာစရာကိစ္စများကိုပင် အသာတကြည်လက်ခံနိုင်ကြောင်းဆိုခဲ့ပါသည်။ အစဉ်အလာရှိခဲ့သော ဖြစ်ပြီးဖြစ်မြဲကိစ္စတစ်ခုကို အထူးတလည်ဝမ်းနည်းမနေကြကြောင်းကို ဆရာက အဓိကရှင်းလင်းခဲ့ပါသည်။ ဆရာပြောမှ ဆရာငွေကြည်၏ကာတွန်းတစ်ကွက်ကိုသတိရမိပါသည်။ကာတွန်းထဲတွင် သူဆင်းရဲအမျိုးသမီးတစ်ဦးမှာ ဝတ္ထူတစ်ပုဒ်ကိုဖက်လျှက် ငိုကြီးချက်မ စကားဆိုပါသည်။ ' လူဆင်းရဲတွေအကြောင်းရေးထားတာဖတ်ရမှာပဲ ကိုယ့်ကိုယ်ကိုယ်သနားပြီး ငိုမိတယ်' ဟူ၏။ လူ့စိတ်ကိုဖော်ပြနိုင်သော ကာတွန်းတစ်ကွက်စာဟု ယခုမှ အတွေးပေါက်မိပါတယ်။
'Train To Busan' ကိုရီးယားရုပ်ရှင်ကို မှတ်မိကြဦးမယ်ထင်ပါတယ်။ ကျွန်တော်နှလုံးသားကို ပုတ်နိုးသည့် ဇာတ်ကွက်တစ်ခုကို ပြန်ပြောင်းပြောချင်ပါသည်။ Zombieများအုပ်လိုက်ကြီး ရထားနောက်မှာတွဲလောင်းလိုက်လာကြသည်။ မင်းသားဖြစ်သူ Gong Yoo က ကန်ကျောက်ပြီး ထိုZombieအုပ်စုကြီးကို ဖြုတ်ချရသည်။ ထို့နောက် ဇာတ်သိမ်းခန်းတွင် မင်းသား Gong Yoo နှင့် ရောဂါပိုးကူးစက်ခံရပြီး Zombie ဖြစ်လုဖြစ်ခင် ရထားလူကြီး Kim Eui-sungတို့ ရင်ဆိုင်ရသည်။ Kim Eui-Sung ကသွေးရူးသွေးတန်းနှင့် ဇောကပ်နေချိန်တွင် ပြောမိပြောရာပြောသည့် စကားသုံးလေးခွန်ရှိသည်။
အဖေ ဦးလေးကြီး နည်းနည်းလောက် ကူညီပေးကြပါ။ အမေကအိမ်မှာစောင့်နေလို့ပါ ဟူသည့်စကားကို အဆက်အစပ်မရှိ ပြောသွားပါသည်။ ကိုရီးယားများသည် ရုပ်ရှင်အကြောင်းကို နောကျေအောင်သိပါသည်။ အပိုတစ်ခုမျှမလုပ်တတ်။ ဘာကြောင့်သည်နေရာမှာ သည်စကားပြောပါလိမ့်မည်ဟု အတွေးလွန်မိသဖြင့် ထိုနေရာကို လေးငါးခေါက် ပြန်ကြည့်မိပါသည်။မင်းသား Gong Yooလည်း Zombie အကိုက်ခံရပြီး မျက်လုံးများအဖြူရောင်ပြောင်းလာကာအတိတ်ကိုပြန်မြင်မိသောအခန်းကိုတွေ့မှ သဘောပေါက်မိသည်။ မင်းသား Gong Yoon သမီးကလေး နီတာရဲ့ဘဝကမြင်ကွင်းကို မြင်ယောင်ကာ ပြုံးလျှက် ဘဝပြောင်းသွားပါသည်။ ထိုပြကွက်နှစ်ခုကို နှိုင်းယှဉ်ကြည့်မှ ဗီလိန်ကြီး Kim Eui-Sung ၏ ပြောစကားများ အကွက်ဝင်ပုံကို နားလည်မိပါသည်။
'Train To Busan' ဇာတ်ကားတွင် Kim Eui-Sung က တကယ့်ဗီလိန်။ အလွန်အတ္တကြီးပြီး သန္ဓေယုတ်သည့်စရိုက်ကို ပီပြင်စွာသရုပ်ဆောင်နိုင်သည်။ ဘယ်သူသေသေ ငတေမာလျှင် ပြီးစတမ်းဇာတ်ကောင်။ ဤမျှ ယုတ်မာသည့် လူသားတစ်ဦးကို မည်သည့်အကြောင်းတရားက ဖန်တီးကြောင်းကို အထက်ပါပြောစကားများတွင် အရိပ်မျှဖော်ပြသွားခဲ့သည်ဟု ကျွန်တော်ယူဆပါသည်။Kim Eui-Sung ငယ်ဘဝက အလွန်ကြမ်းတမ်းသည့်ဝန်းကျင်နှင့် မိခင်ဖြစ်သူနိမ့်ပါးသည့် အခြေအနေကို ဝိုးတဝါးကလေးနှင့်မြင်အောင် ဖော်ပြသွားနိုင်ခဲ့သည်။ လူယုတ်မာတစ်ဦး မွေးဖွာလာရန် ပတ်ဝန်းကျင်က ဖန်တီးလိုက်သည်ဟု ကျွန်တော်လိုရာဆွဲ၍ ယူဆမိသည်။
လူသည် ဝန်းကျင်၏ပြုပြင်စီရင်မှုကို ကြီးမားစွာခံစားရကြောင်း ကျွန်တော်သိသမျှ တင်ပြခဲ့ပြီးပါပြီ။ မညီညွှတ်သေးသည့် တိုင်းပြည်တွင် အဆိုးချည်းမြင်နေသူများကိုလည်း ကျွန်တော်စာနာမိသည်။ သူတို့လည်း ကျွန်တော့်အပေါ် ကျွန်တော်တို့အပေါ် တိုင်းရင်းသားများအပေါ် စာနာမိလျှင် ကောင်းမည်ဟု အခါခါတွေးမိပါသည်။