ဆရာမကတော့ သူ့အမေ အသက်ရွယ်တူလောက်ရှိတဲ့ဂျန်အမျိုးသမီးကြီး အဲမီကိုစံ (အသက် ၅၇ နှစ်)ကို ရွေးခဲ့တာပါ။ ဘာတစ်ပြားတစ်ချပ်မှ ပေးစရာမလိုပါဘူး။ကိုယ့်ဘက်က ဘာမှဧည့်ခံကျွေးမွေးစရာလဲမလိုပါဘူး။ ယုတ်စွအဆုံး သူ့ရေဘူးနဲ့သူလာပြီး သင်ပေးသွားတာပါ။သင်တာကတော့ သင်ရိုးရယ်လို့ သတ်သတ်မှတ်မှတ် မဟုတ်ပါဘူး။ ရထားစီးရင်း ဈေးသွားရင်း လည်ရင်း ပတ်ရင်း ကြုံသလို သင်ပေးသွားတာပါ။ ဘာသာစကားချည်း သက်သက်မဟုတ်။ယဉ်ကျေးမှုဓလေ့ ထုံးစံပါသင်ပေးသွားတာပါ။ သွားရင်းလာရင်း စားတာသောက်တာကအစ ဂျပန်ဆရာမကပဲ ကျခံသွားတာတဲ့။ ဘယ်လောက်ထိ ကူညီပေးချင်သလဲဆိုတာ ပြောပါတယ်။ သူတို့တွေ 'ဂျပန်စာသည် တို့စာလို့' အော် မအော်မသိ။ကျွန်မတို့ဆီမှာ အော်လိုက်ကြတာ ' မြန်မာစာသည် တို့စာ' ဆိုပြီး။ ဒါပေမယ့် ကိုယ့်ဘာသာ ကိုယ့်စာပေ ကိုယ့်ယဉ်ကျေးမှုပြန့်ပွားအောင် အခုလိုမျိုး ဘယ်နှယောက်လောက်ကများ Volunter လုပ်နေကြသလဲ။
သူတစ်ပါးကို မြန်မာစာပေ ယဉ်ကျေးမှုတွေ ပြန့်ပွားအောင် သင်ပေးဖို့ဆိုတာထက် ကိုယ်တိုင်ကရော မြန်မာလူမျိုးဖြစ်ပြီး ဘယ်လောက်များ နက်နက်နဲနဲ လေ့လာမိကြသလဲ။ ဒါကလဲ ကျွန်မတို့ ကျောင်းအပါအဝင် မြန်မာနိုင်ငံတစ်ဝန်းက တက္ကသိုလ်တိုင်းမှာ မြန်မာစာအဓိကနဲ့ သင်ယူနေတဲ့ကျောင်းသားဦးရေး လက်ချိုးရေနိုင်တာက အဖြေပါ။
ကျွန်မတို့ဆီမှာ မြန်မာစာပေကို မသင်ဘူး မဟုတ်ဘူး။ သင်ပေးပါလိမ့်မယ်။ ၁နာရီသင်ရင် ဘယ်လောက်ဆိုတာက စလာလိမ့်မယ်ထင်တယ်။ ဒီနေရာမှာ သူတို့တွေရဲ့ အမျိုးဘာသာချစ်စိတ်ပြန့်ပွားအောင် ကြိုးပမ်းလိုစိတ်ကို အထင်သားမြင်နိုင်ပါတယ်။အခုလိုမျိုး ပူးပေါင်းဆောင်ရွက်တာကြောင့် ဆရာ ဆရာမတွေရဲ့ Workload တွေရော လျော့မသွားဘူးလား။ လိုအပ်ချက်ကို လိုအပ်သလို ပူးပေါင်းဆောင်ရွက်သွားတာပါ။ ကလေးပညာကောင်းရုံမက နိုင်ငံတော်ရဲ့ဘတ်ဂျက်အသုံးစရိတ်လဲ သက်သာ ဆရာ ဆရာမတွေလဲ တာဝန်လျော့သွားတာပေါ့။နောက်ဆုံးနဲ့ အကောင်းဆုံးကတော့ အမျိုးဘာသာစာပေကို ပြန့်ပွားအောင် ထိန်းသိမ်းစောင့်ရှောက်မှုဆိုတဲ့ နိုင်ငံသားတစ်ယောက်ရဲ့ အမျိုးသားရေတာဝန်ပါ ကျေမသွားဘူးလား။ဒါကြောင့် ကျွန်မတို့တတွေ အသံပြာအောင် အော်နေရုံနဲတင် ကျေနပ်မနေဘဲ လက်တွေ့ကျတဲ့ ပူးပေါင်းပါဝင်မှုတွေ လုပ်ကြရရင်မကောင်းဘူးလား။
ကျွန်မတို့ဆီမှာ ကျောင်းအကျိုးတော်ဆောင်အဖွဲ့ကို ဖြစ်မြောက်ရေးကော်မတီတို့ဆိုတာ ရှိတာပါပဲ။ကိုယ့်ရပ် ရွာ ကျောင်းမရခင် မရှိခင်တော့ လိုချင်လိုက်ကြတဲ့ ကျောင်း တောင်းလိုက်ကြတာများ။ကျောင်းရပြီးလို့ဖွင့်ပွဲလဲပြီးရော လုံးဝကို လှည့်မကြည့်ကြတော့ပါဘူး။ အလားတူ မိဘဆရာအသင်းဆိုတာတွေလဲ ဖွဲ့စည်းပြီး အကောင်အထည်ဖော်နေကြတာရှိပါတယ်။ ဒါပေမယ့် ထင်သလောက် ရည်ရွယ်ချက် မပေါက်ခဲ့ပါ။ ငယ်ငယ်ကျောင်းသားဘဝမှာလဲ မြင်ခဲ့ ကြားခဲ့ပါတယ်။ကိုယ်တိုင်ကျောင်းဆရာဘဝရောက်တော့လဲ မြင်ခဲ့ကြားခဲ့ပါတယ်။ မိဘ ဆရာအသင်းနှစ်ပတ်လည်အစည်းအဝေးတွေမှာ မိဘတွေတက်ရောက်လာကြပါတယ်။ ဒါပေမယ့် ကျောင်းရဲ့တိုးတက်ရာ တိုးတက်ကြောင်း ဝိုင်းဝန်းအကြံပြုကြတာတို့ ကလေးတွေ ပညာရေးကောင်းဖို့ ဆွေးနွေးကြတာတို့ မမြင်ရပါ။ ဆိုင်ရာကျောင်းက ဖတ်ပြတဲ့ စာရင်းဇယားတွေ နားမလည် နားလည်အောင်လဲ မကြိုးစားဘဲ ပြောသမျှ သဘောတူပါတယ်ဆိုပြီး ပြန်ကြတာများတာပဲ။ ဒီတော့ ဖွဲ့စည်းရတဲ့ ရည်ရွယ်ချက်လဲ ဘယ်မှာပေါက်မြောက်ပါတော့မလဲ။ ရည်ရွယ်ချက်က ကျောင်းရဲ့ဖွံဖြိုးတိုးတက်ရေး ကူညီနိုင်ဖို့ ကလေးတွေ ပညာရေးကောင်းဖို့ ဆရာ ဆရာမတွေရဲ့ ဝန်ထုပ်ဝန်ပိုးတွေ တက်နိုင်သရွေ့ ကူညီပေးကြဖို့ပါ။
တခြားနိုင်ငံတွေမှာဆို ကျောင်းရဲ့လှုပ်ရှားမှု Activities တွေ ပွဲလမ်းတွေနဲ့ ကျောင်းသားတွေ လေ့လာရေးခရီးထွက် (Excursion) တွေကအစ မိဘတွေကလဲ အစစကူညီစီစဉ်ပေးတာတွေရှိပါတယ်။ဒါကြောင့်လဲ မှန်ကန်တဲ့ ပူးပေါင်းပါဝင်မှုရဲ့အကျိုးရလဒ်အသီးအပွင့်တွေ ခံစားနေကြရတာနေမှာပေါ့။အလားတူ ကျွန်မတို့နိုင်ငံမှာလဲ အစိုးရအဖွဲ့အစည်းနဲ့အစိုးရမဟုတ်သောအဖွဲ့အစည်းအသီးသီး အပါအဝင် မိဘတွေက မှန်ကန်ပြည့်စုံတဲ့ ပူးပေါင်းပါဝင်မှုများ စွမ်းဆောင်နိုင်ကြပါစေကြောင်း ဆန္ဒပြုလိုက်ရပါတယ်။
Author by