"ဘယ်လောက်ကျလဲ ရှင်းမယ်ဗျို့..."
လ္ဘက်ရည်ဆိုင်မှ ကျသင့်ငွေရှင်း၍ ကျနော်ထွက်လာခဲ့လေသည်။
"ရောက်ပြီအစ်ကို ဒီနားမှာပဲ၊ ရော့... ဒီအနီးတစ်ဝိုက်က မြက်တွေကို ရှင်းထားလိုက် နေ့လည် ကျနော် ထမင်းလာပို့ပေးမယ်နော်"
ကျနော့်အား ခေါ်လာသော လူငယ်မှာ ကျနော့်အား ပေါက်တူးအပ်နှံ၍ ကျနော်လုပ်ရမည် အလုပ်အားပြသ၍ ပြန်သွားလေတော့သည်။
လုပ်ရမည့် အလုပ်အားကြည့်၍ နည်းနည်းတောင် လန့်သွားသည်၊ ပြောတော့ မြက်ရှင်းရမယ်တဲ့၊ အခုရှင်းရမှာက မြက်မဟုတ်ပါ ကျနော့်တစ်ရပ်နီးနီးရှိသည့် ကိုင်းတောအား ရှင်းရမည်ဖြစ်လေသည်။ မတတ်နိုင်ပါ ပေါက်တဲ့နဖူး မထူးလေပြီ လုပ်ရတော့မည်။ အတွင်းမှာ ဘောင်းဘီတို ဝတ်လာသောကြောင့် ဝတ်လာသော လုံချည်အား ချွတ်၍ ခေါင်းကနေစွတ်ချ၍ နင်ဂျာပုံစံမျိုး ဝတ်ချပြီးတော့ ပေါက်တူးကိုင်ပြီး ကိုင်းပင်များအား စရှင်းပါတော့သည်။
အားလားလား တစ်ခါမှ မလုပ်ဖူးတဲ့ အလုပ် လုပ်ရသောကြောင့် ဖြစ်မည်ထင်သည်၊ တစ်နာရီကျော်လောက် လုပ်ပြီးချိန်မှာတော့ တစ်ကိုယ်လုံး ချွေးများစိုရွဲ၍ လက်များလည်း ပေါက်လာသည်။ နေကလည်းတစ်ဖြည်းဖြည်းနဲ့ အရမ်းပူသောကြောင့် မဖြစ်ချေဘူး ခဏနားမှ ဖြစ်တော့မည်ထင်သည် ဒီတိုင်းဆက်လုပ်နေရင် ကြာရင် လက်က ပေါက်တူးကိုင်ထားသောဒဏ်ကြောင့် လက်များပေါက်၍ နောက်နေ့ အလုပ် ဆက်မလုပ်နိုင်ပဲဖြစ်မည်။ ခဏနားခိုဖို့ နေရာအား ဟိုဒီအနီးနား ဝှေ့ကြည့်လိုက်သည်၊ နားခိုဖို့ မည်သည့်အရိပ်မှ မတွေ့ပါ၊ ဟုတ်ပြီ အကြံရပြီ မြေသားက အနည်းငယ် စိုထိုင်းနေပေမယ့် အမာသားဖြစ်လေသည်၊ ကိုင်းတောထဲဝင်ပြီးတော့ ခိုနားရင် အဆင်ပြေနိုင်မည်။ နောက်ပြီး ဒီနားမှာ ဘယ်သူမှလည်းမရှိဘူးဆိုတော့ အလုပ်မလုပ်ပဲ ဒီတိုင်းနေရင်တောင် ဘယ်သူမှ ကိုယ့်အားပြောဆိုမည့်သူ မရှိပါ ဒန့်တန်တန်...၊ ဒီလိုနဲ့ ပေါက်တူးကိုင်ပြီးတော့ ကိုင်းတောထဲသို့ ကျနော် တိုးဝင်သွားလိုက်သည်၊ ထိုစဉ်.... အမှတ်မထင် ကိုင်းတောထဲတွင် လူသုံးယောက်နဲ့ ကျနော် သွားတိုးလေသည်။
"ဟာ... မင်းက ဘယ်သူလဲဟ ဒီထဲဘာလာလုပ်တာလဲကွ"
"ဗျာ... ဟုတ် ဟုတ်ကဲ့ ကျနော်က ဒီက ကိုင်းတောကို လာရှင်းတဲ့သူပါ"
လူသုံးယောက်မှာ မသင်္ကာစရာပါ သူတို့လက်ထဲတွင် မီးခြစ်တွေကော စက္ကူသေးသေးလေးတွေကော နောက်ပြီး ပန်းရောင် ဆေးလုံး သေးသေးလေးတွေကော သေချာပြီ ဒီလူတွေ ဆေးရှူနေတာ ဖြစ်ပါတယ်။
"ကိုင်းတောရှင်းတယ်ဆိုလည်း ဒီထဲမှာ ဘာလာလုပ်တုန်းဟ"
"ဘာမှ မလုပ်ပါဘူးဗျ ဒီထဲလာပြီး ခဏတစ်ဖြုတ် အနားယူမလို့ပါ"
"သြော် အဲ့ဂလိုလားးး ဘာလဲ ကိုင်းရှင်းရတာ ပင်ပန်းတယ်ပေါ့လေ... လာလေကွာ ဒါဆိုလည်း ငါတို့နဲ့အတူ ဆေးလာချချည်"
"ဗျာ...."
တစ်ခါမှတော့ ဆေးမချဖူးဘူး အတွေ့ကြုံရအောင် ဒီလူသုံးယောက်နဲ့ပေါင်းပြီးတော့ ဆေးဝင်ချလိုက်သည်။
"ဟာ ဟာ.. ဟိတ်ကောင် ဆေးချတာ အဲ့လိုမချနဲ့လေကွာ နှမြောစရာကြီး အာ... ဒီကောင် တစ်ခါမှ ဆေးမချဖူးဘူးနဲ့တူတယ်"
"ဟုတ်ကဲ့ တစ်ခါမှ ဆေးမချဖူးဘူးဗျ ဒါ.. ပထမဦးဆုံး ဆေးချဖူးတာဘဲ"
"မချဖူးရင်လည်း မချနဲ့လေကွာ ဆေးတွေ နှမြောစရာကြီး အကုန်လုံး လေထဲလွင့်ကုန်တော့ အလဟသနဲ့ ငွေကုန်တာပေါ့ကွ"
"အမ်.. ဒီဆေး သေးသေးလေးတွေက တစ်လုံး ဘယ်လောက်ပေးဝယ်ရလဲဗျ"
"တစ်လုံးကို ဘတ်၅၀တောင်ပေးရတယ်ဟ"
"ဟိုက်! ဈေးကြီးတယ်နော် ဒီဆေးသုံးရင် ဘာကောင်းလဲဗျ"
"ဘာကောင်းလဲဆိုတော့ ငါတို့တွေ အခုသုံးတာက အလုပ်ပင်ပန်းရင်သုံးတာဆိုတော့ ပင်ပန်းတဲ့ဒဏ်ခံနိုင်တယ်လေကွာ"
"ငှယ်... အဲ့ဂလိုကြီးလား... အ့ာဆိုလည်း ပေးဗျာ ကျနော်လည်း ပင်ပန်းတဲ့ ဒဏ်ခံနိုင်အောင် ထပ်ချအုံးမယ်"
"ဟာ.. ဟိတ်ကောင် တော်တော့ တော်တော့ ဆေးက မလောက်တော့ဘူး ခုနက မင်းသုံးတာ တစ်လုံးကုန်သွားပြီ ထပ်ချချင်ရင် ပိုက်ဆံပေး သွားဝယ်ပေးမယ်"
"အမ် ဒီမှာ ဝယ်လို့ရလို့လား"
"ဟ ဝယ်ရတာပေါ့ကွ မင်း ဘယ်နှစ်လုံးယူမလဲ"
"အ့ာဆိုလည်း ကျနော့်မှာ ဘတ်၁၀၀တော့ ပါလာတယ် နှစ်လုံးလောက် ယူမယ်ဗျာ"
"ရော့ နှစ်လုံး ပေး ပိုက်ဆံ"
"ဟာ.. ခုနက ဆေးမရှိဘူးဆို အခု ဆေးက ဘယ်ကနေ ဘယ်လိုပေါ်လာတာလဲဗျ"
"ဟ မင်းကလည်း ငါတို့မှာ ဆေးက အဆင်သင့်ရှိပြီးသားကွ ခုနက မင်းကို တစ်လုံးပေးချတာ နမူတာ ပေးသုံးတာ ထပ်လိုချင်ရင်တော့ ဝယ်သုံးမှပဲ ရမှာပေါ့ဟ"
"ငှယ်.. အဲ့ဂလိုလားဗျာ.."
"အေးး အဲ့ဂလိုပဲ... ဒါနဲ့ မင်း ဘယ်သူ့မှ လျှောက်မပြောနဲ့နော် ပြောလို့ကတော့.. ဟော ဟိုမှာတွေ့လား သောင်းရင်းမြစ်ထဲ ကန်ချပစ်မယ်"
"ငိ မပြောပါဘူးဗျာ"
ဒီလိုနဲ့ ကိုင်းတောထဲတွင် ဆေးရှူနေသော ထိုလူသုံးယောက်နဲ့ စကားများဖောင်ဖွဲ့ရင်းနဲ့ ကျနော်ပါ ရောယောင်ပြီးတော့ ဝင်ရောက်ဆေးချလေတော့သည်။ ထိုဆေးအား သူတို့ အရပ်ဒေသ သူတို့အခေါ်ဝေါမှာ မြင်းဆေးဟုခေါ်ကြောင်း သိခဲ့ရပါသည်။
ထိုဆေးချပြီးသည်နှင့် အလုပ်လုပ်ရတာ တက်ကြွသယောင်ရှိသောလည်း နောက်နေ့မနက်မှာတော့ ဘာမှ မလုပ်ချင် မကိုင်ချင်နဲ့ ကိုယ်လက်များလေးလံကာ မအီမသာနဲ့ ဆေးပြန်ချမှ သက်သာမည်ထင်သည်။ သို့သော်... မလုပ်ဖူးတာကို အတွေ့အကြုံအရ စမ်းလုပ်ကြည့်သည့်သဘောသာ ဖြစ်သည့်အတွက် ဆေးထပ်ချဖို့ကိုတော့ ကျနော် မစဉ်းစားတော့ပါ။
ဆက်လက်ရေးသားသွားပါမည်။
Myanmar steemit မိသားစုများနဲ့
တစ်ကွ ကျေးဇူးတင်ထိုက်သူများအား အထူးပင် ကျေးဇူးတင်ရှိပါသည်။