အာကာသထိတိုင်အောင် လှေကားထောင်မည့် ဂျပန်<<<
ဖွံ့ဖြိုးဆဲ တိုင်းပြည်တွေမှာတော့ ပညာရေးအတွက် လုံးပန်းနေကြရပေမယ့်.. ဒုတိယကမ္ဘာစစ်မှာ ဖွတ်ဖွတ်ညက်ညက်ကျေခဲ့ပြီး ပညာရေးမြှင့်တင်မှုနဲ့အတူ ကမ္ဘာ့အချမ်းသာဆုံး နိုင်ငံတစ်ခုဖြစ်တဲ့ ဂျပန်ကတော့.. မိုးပေါ် (အာကာသ) ကို လှေကားထောင်ပါတော့မယ်။ ဒါဟာ ဂျပန်ရဲ့ နည်းပညာ အားကောင်းမှု၊ အသိပညာ ကြွယ်ဝ ချမ်းသာမှုကို ပြသလိုက်တာပါပဲ..။
မိုးပေါ်ကို ဘယ်လိုလှေကားထောင်မလဲ..? ဘာအကျိုးရှိမလဲ..?
ယနေ့.. ၂၀၁၈ စက်တင်ဘာလ (၁၀) ရက်နေ့မှာ ဂျပန် အာကာသစခန်း (မြေပြင်) မှ နိုင်ငံတကာ အာကာသစခန်းစီသို့ Kounotori cargo ship အမည်ရှိတဲ့ ပစ္စည်းသယ်တဲ့ အာကာသယာဉ်ကို လွှတ်တင်ပါမယ်။ အဲ့ဒီ့ယာဉ်ထဲမှာ ဂျပန် Shizuoka တက္ကသိုလ်မှ အင်ဂျင်နီယာများ (ပုံ) တီထွင်ထားတဲ့ စမ်းသပ် ပစ္စည်းများ တင်ပို့လိုက်မှာဖြစ်ပါတယ်။
အဲ့ဒီ့ စမ်းသပ်ပစ္စည်းကတော့.. ၄ လက်မလောက်ရှိတဲ့ ကုဗပုံစံ ဂြိုဟ်တုငယ် (Cubesats) ဖြစ်ပြီး.. အာကာသထဲကို ဂြိုဟ်တုငယ် (၂) ခု လွှတ်ချထားမှာ ဖြစ်ပါတယ်။ အဆိုပါ ဂြိုဟ်တုငယ် နှစ်ခုကို ၃၃ ပေ (၁၀ မီတာ) ရှည်တဲ့စတီး နန်ကြိုးနဲ့ ချိတ်ဆက်ထားပြီး အဲ့ဒီ့ကြိုးပေါ်မှာ ကင်မရာတပ်ထားတဲ့ စက်ငယ်လေးဟာ သူ့မော်တာနှင့်သူ အတက်အဆင်း ပြုလုပ်ကြည့်မှာဖြစ်ပါတယ်။ ဆိုလိုတာကတော့ အာကာသအတွင်းမှာ ဓါတ်လှေကားတပ်ဆက်လျှင် မည်သို့ မည်ပုံ ဖြစ်မည်ကို စမ်းသပ်လေ့လာခြင်း ဖြစ်ပါတယ်။
ဂျပန်ကတော့ ၂၀၅၀ မတိုင်မီ အာကာသကို လှေကားထောင်နိုင်ရမည် လို့ ကြွေးကျော်ထားပါတယ်။ ထို့အတူ တရုတ်မှလည်း ၂၀၄၅ မှာ အာကာသ ဓါတ်လှေကား တည်ဆောက်မယ်လို့ ဆိုထားပါသေးတယ်။ ဒီ နည်းပညာဟာ ယခုအချိန်မှာ အသစ်အဆန်းတစ်ခုလို့ ဆိုပေမယ့် အဲ့ဒီ့အချိန်အခါ ရောက်လျှင်တော့ အာကာသကို ခြေဆန့်မယ့် နိုင်ငံကြီးတွေအတွက် ယှဉ်ပြိုင်စရာတွေ ဖြစ်လာကြဦးမှာပါ။
အာကာသပေါ်ကို လှေကားထောင်ခြင်းဖြင့်.. အာကာသကို သွားရတဲ့ ခရီးဟာ ပိုပြီး ချောမော လွယ်ကူ သက်သာ အဆင်ပြေပြီး အန္တရာယ်ကင်းလိမ့်မယ်လို့ ယူဆရပါတယ်။ ယခုအချိန်မှာတော့ ကုန်ကျစရိတ် ကြီးမားပြီး အန္တရာယ်များတဲ့ ဒုံးပျံများနှင့်သာ အာကာသကို သွားလာနေရပါတယ်။ လူတိုင်းလည်း သွားလို့ မရပါဘူး။ အာကာသ ဓါတ်လှေကားဟာ.. နောင်လာမယ့် အနာဂတ်ကမ္ဘာရဲ့ အာကာသခရီးစဉ်တွေ၊ ကုန်ပစ္စည်း သယ်ယူမှုတွေအတွက် ပိုမို အဆင်ပြေလာနိုင်ပါတယ်။
ပထမဆုံး အာကာသ ဓါတ်လှေကားအတွက် ကုန်ကျစရိတ်ဟာ အမေရီကန်ဒေါ်လာ ၉၀ ဘီလီယံ ရှိမယ်လို့ ခန့်မှန်းထားပါတယ်။
အနာဂတ်ပညာရေးအတွက်..
သန့်ဦး (အာကာသနှင့် စကြဝဠာ သင်ထောက်ကူ)