မိုးသည် တွေ့ခါစချစ်သူနှစ်ယောက် ခွဲခွါခါနီး တယောက်မျက်နှာကိုတယောက် အငမ်းမရ ကြင်နာမှုလွန်လွန်ကဲကဲနှင့် ကြည့်နေကြသည့်နှယ် တစိမ့်စိမ့် တအိအိ မထိတထိ ရွာနေလေ၏။
တိမ်ဆိုင် တိမ်တိုက် တိမ်သားတို့သည်လည်း ကောင်းကင်တခွင်လုံး ဖြူညစ်ညစ် အရောင်ဖြင့် ညို့မှိုင်းအုံဆိုင်းနေသည်မှာ အလွမ်းဓါတ်ခံရှိသူတို့အဖို့ စိတ်နှလုံးနုံးချိ၍ မျက်ရည်စို့ဖွယ်။
ဤသို့ဤနှယ် ကဗျာဆန် လွမ်းဖွယ်ကောင်းသော ညနေရီတရောတွင် ကိုလှသိန်းတယောက် ညစ်စုတ်နံစော်လှသော သေးငယ်သည့် ကျူးကျော်တဲအိမ်တစ်လုံးအတွင်း ဇနီးဖြစ်သူအား ကြိမ်းမောင်းပွက်လောရိုက်နေသည်မှာ အသံချဲ့စက်နှင့် ရက်ပါသီချင်းဖွင့်ထားသလို အချက်ကျကျ စကားနာထိုးသံများဖြင့် ရန်ကုန်မြို့မှ လှိုင်သာယာ ညနေခင်းသည် တမူဆန်းနေတော့ပေ၏။
ကိုလှသိန်း၏ အဓိကလိုအပ်နေသော အရာသည်ကား ယနေ့ညနေအတွက် ငွေနှစ်ရာ ရရှိရေးပင်ဖြစ်သည်။ ၎င်းငွေနှစ်ရာသည် ကိုလှသိန်းအဖို့တော့ လောကနိဗ္ဗာန်သို့ ကူးတို့ခ အရက်တခွက်စာ ဖြစ်နေသည်။
ကိုလှသိန်း၏ ခန္ဓာကိုယ်ပိန်လှီသေးသွယ်သော်လည်း ပုဏ္ဏကဘီလူး နတ်စစ်သူကြီးနှယ် အဆဲအဆိုနှောသည့် ကြုံးဝါးသံတို့အား ဇနီးဖြစ်သူ ဒေါ်အိတင် မတောင့်ခံနိုင်တော့သည့်အဆုံး ဈေးရောင်းရငွေထဲမှ ငွေနှစ်ရာကျပ်ကို ဆူဆောင့်ဆဲဆို ကျိန်ဆဲ၍ ဘော်လီကြားမှ လျင်စွာထုတ်ကာ ဆောင့်ကြီးအောင့်ကြီးဖြင့် ကိုလှသိန်းထံ ပေးအပ်လိုက်လေတော့သည်။
တကယ်တော့ ကိုလှသိန်းသည် စိတ်ထားကောင်းသူတစ်ဦးပင်။ မရှိဆင်းရဲသော်လည်း စိတ်ထားကောင်း၍ ကူညီတတ်သဖြင့် လမ်းဘေးဈေးသည် ဒေါ်အိတင်ကို ဆိုက်ကားနင်းကာ ဈေးသွားဈေးပြန်လိုက်ပို့ရင်း ချစ်ကြိုက်သွားပြီး အိမ်ထောင်ပြုလိုက်ကြသည်မှာ နှစ်နှစ်ခန့်ရှိနေပြီဖြစ်သည်။
အချစ်တစ်ခုကိုအရင်းပြု၍ မိသားစုဘ၀လေးကိုထူထောင်ကာ ကိုလှသိန်း ဆိုက်ကားနင်းရင်း ၀င်ငွေရှာသလို ဇနီးသည် ဒေါ်အိတင်ကလည်း နဂိုလုပ်နေကျ လမ်းဘေးမှာ ဟင်းသီးဟင်းရွက်များရောက်ကာ ၀င်ငွေရှာ၍ ဘ၀ကိုရပ်တည်နေကြရင်း တစ်နေ့ ကိုလှသိန်းနင်းနေသော ဆိုက်ကားမှာ လိုင်စင်မဲ့ဆိုပြီး စည်ပင်မှသိမ်းဆည်းသွားသည်ကစ၍ ကိုလှသိန်းတစ်ယောက် အလုပ်အကိုင်မဲ့ စိတ်လေလွင့်ကာ အရက်သမားဘ၀ လုံးလုံးရောက်ရှိသွားခြင်းဖြစ်သည်။
ကိုလှသိန်းသည် အရက်သမားဆိုသော်လည်း အတိုင်းအတာရှိသည်၊ မည်သောအခါမှ အလွန်အကျွံမသောက်တတ်ပေ။ တစတစနှင့် ဖြတ်ရခက်သည့် သည်အရက်ကို မသောက်ရရင် မနေနိုင်တော့၍ ညနေတိုင်း အရက်တခွက်စာ နှစ်ရာကျပ်ကို ဇနီသည်ထံမှတောင်း၍ သောက်နေခြင်းဖြစ်သည်။ သူတပါးကိုလည်း ပြဿနာမရှာတတ်၊ သူ့ဘာသူသောက်ပြီး မည်သူနှင့်မျှ စကားမပြောတော့ပဲ အိပ်နေတတ်လေသည်။
ယနေ့ ကိုလှသိန်းသည် ငွေနှစ်ရာကျပ် လက်ဝယ်ရရှိသည်နှင့် တကြွကြွ တရွရွဖြင့် လက်ကိုင်မပါသော ထီးစုတ်ကလေးကိုဆောင်းပြီး လေးပေသာသာရှိသော ရွှံ့လမ်းကျဉ်းမှ ဆယ့်နှစ်ပေခန့်ကျယ်သော ကွန်ကရစ်လမ်းကို တက်ကာ တလမ်းလုံး တဦးတည်းမောင်ပိုင်စီးလျက် ဒယီးဒယိုင်ဖြင့် အရက်ဆိုင်သို့ ချီတက်လေတော့၏။
ပုဆိုးစတစ်ဖက်မ၍ အရက်ဆိုင်သို့ ဝင်ရန်ပြင်နေသော ကိုလှသိန်း၏ ရီဝေဝေ မျက်လုံးထဲသို့ အရက်ဆိုင်ဘေးကပ်လျက် အသုတ်ဆိုင်မှ ရင်နင့်ဖွယ်မြင်ကွင်းသည် ချက်ကောင်းထိသည့် မြှားနှယ် စူးနစ်စွာ ဝင်ရောက်လာလေသည်။
မိုးစက်ဖွဲဖွဲအောက်တွင် ညစ်ထေးပေါက်ပြဲနေသော အဝတ်အစားများကိုယ်စီနှင့် တကိုယ်လုံး ဖှုံ သဲများတက်ကာ ညိုမဲမဲ အကွက် အကွက် ချေးလက်လေးသစ် နှင့် ကလေးနှစ်ဦး အသုတ်စားနေသူများအား အငမ်းမရ သားရေယို ငေးမောနေလေသည်။
ဆိုင်ရှင်အမျိုးသမီး ဒေါ်ရှုတင်၏ မောင်းထုတ် ဆဲဆိုသံနှင့် မတူမတန် အောင့်သက်သက်ကြည့်၍ မျက်နှာလွှဲနေကြသည့် စားသောက်နေသူတို့ဟန်ပန်များသည် ကိုလှသိန်း၏ နှလုံးသားကို အပ်နှင့် တတိတိ ထိုးဆွသည့်နှယ် ဖြစ်ချေပြီ။
ကိုလှသိန်း၏ စိတ်နှလုံးသို့ ဝေသန္တရာထုံး ပူးကပ်လေပြီ။
ကိုလှသိန်းသည် ဆုံးဖြတ်ချက်တစ်ခု အမြန်ချပြီး ခြေတဖက်လှမ်းဝင်ပြီးသော အရက်ဆိုင်မှ ဆွေ့ကနဲ နောက်လှည့်ကာ အသုတ်ဆိုင်ဖက်ကို ခြေဦးလှည့် လျှောက်သွားလေသည်။ မိမိဆိုင်ဖက်ကို လှမ်းလာနေသော ကိုလှသိန်းကို အဝေးကပင် မျက်စင်းပစ်ပြီး အထင်သေးသောမျက်လုံးများဖြင့် မဲ့ကြည့်ကြည့်နေသော အသုတ်သည် ဒေါ်ရှုတင်ကို ခါးကြားမှ ငွေနှစ်ရာကိုထုတ်ပေးရင်း အမိန့်ချသလို ပြောကြားလိုက်သည်ကား >>>
လှသိန်း >>>
"ရော့…..ရှုတင် အသုတ်နှစ်ပွဲထုပ်ပြီး ဟိုကလေးနှစ်ယောက်ကို ပေးလိုက်" မြန်မြန်လုပ် မိုးသည်းလာမယ်၊ ဒီကလေး နှစ်ယောက်ကို နင်လည်းခေါ်ထားမှာ မဟုတ်ဘဲနဲ့ !! "
ရှုတင် >>>
"အံမယ်…..ခေါ်စရာလား ဟေ့၊ အရက်စော် နံစော်နေတာပဲ။ သူတောင်းစား နင်မြန်မြန်ကြွ၊ နင့်မယားနှစ်ယောက်ကို အခုသုတ်ပြီး ပေးလိုက်မယ်၊ သွား…မြန်ုမြန် ငါ့ဆိုင်ကနေ"
အသုတ်သည် ဒေါ်ရှုတင် ၏ တဗျစ်တောက်တောက် စကားအဆုံး၌ ကိုလှသိန်းသည် အသုတ်ဆိုင် စတီးခွက်ထဲမှ ငရုပ်သီးတောင့်များကို အမြန်အဆန် ပါးစပ်ထဲကောက်ထည့် ရေတခွက်ကို " ဂွပ် " ခနဲ မော့သောက်ပြီး ဆယ့်နှစ်ပေ ကွန်ကရစ်လမ်းကို ခြင်္သေ့လည်ပြန်တက်ကာ ဒယီးဒယိုင်ဖြင့် အိမ်ပြန်ခဲ့လေတော့သည်။
မိုးသည် တွေ့ခါစချစ်သူနှစ်ယောက် ခွဲခွါခါနီး တယောက်မျက်နှာကိုတယောက် အငမ်းမရ ကြင်နာမှုလွန်လွန်ကဲကဲနှင့် ကြည့်နေကြသည့်နှယ် တစိမ့်စိမ့် တအိအိ မထိတထိ ရွာနေလေ၏။
တိမ်ဆိုင် တိမ်တိုက် တိမ်သားတို့သည်လည်း ကောင်းကင်တခွင်လုံး ဖြူညစ်ညစ် အရောင်ဖြင့် ညို့မှိုင်းအုံဆိုင်းနေသည်မှာ အလွမ်းဓါတ်ခံရှိသူတို့အဖို့ စိတ်နှလုံးနုံးချိ၍ မျက်ရည်စို့ဖွယ်။
ဤသို့ဤနှယ် ကဗျာဆန် လွမ်းဖွယ်ကောင်းသော ညနေရီတရောတွင် ကိုလှသိန်းတယောက် ညစ်စုတ်နံစော်လှသော သေးငယ်သည့် ကျူးကျော်တဲအိမ်တလုံးအတွင်း ငရုပ်သီးတောင့်များတန်ခိုးဖြင့် လောကနိဗ္ဗာန်ကို တခူးခူး တခေါခေါ ဖြင့် ခြေပစ်လက်ပစ် ဒူးပေါ် ပေါင်ပေါ် ပုဆိုးဖော်၍ ရောက်ရှိနေလေတော့သည်။
ကိုလှသိန်း၏ ချစ်လှစွာသော ဇနီးသည် ဒေါ်အိတင်လည်း မိုးအေးအေးဖြင့် ထမင်းအိုးတည်ရင်း မနက်ဈေးရောင်းရန် အကြောင်းကို အကြံကြီးကြံလျက် တွေးတောနေလေတော့သည်တကား……။