ဒါလည်းစဉ်းစားရမယ့်အချက်တစ်ခု
ဘ၀မှာ ငွေကြေးချမ်းသာလွတ်မြောက်ရေးကို လိုလားတယ်ဆိုရင် Asset and Liability ဒီနှစ်ခုရဲ့ ကွာခြားချက်၊ သူတို့ရဲ့လည်ပတ်စီးဆင်းပုံ သဘောတရားများကို သိထားဖို့ လိုအပ်ပါတယ်။
Asset ဆိုတာ ကျွန်တော်တို့ပိုင်ဆိုင်ထားတဲ့ ပစ္စည်းတွေ၊ စာရွက်စာတန်းတွေ၊ စီးပွါးရေးလုပ်ငန်းတွေ စသည်ဖြင့်ပေါ့။ ပိုင်ဆိုင်မှုဆိုတာ လစဉ်လတိုင်း မိမိအိပ်ကပ်ထဲကို ငွေတွေထည့်ပေးတဲ့အရာတွေပါပဲ။ ပိုင်ဆိုင်မှု (Asset) မှန်ရင် ငွေတွေကိုဖြည့်ပေးမှာပါ။ ပိုင်ဆိုင်မှုများမှတဆင့် ၀င်လာတဲ့ဝင်ငွေတွေကိုတည်ဆောက်ပြီး အလိုအလျောက် ၀င်ငွေတွေကို ဖန်းတီးယူကြပါတယ်။ ပိုင်ဆိုင်မှုများလေလေ ၀င်ငွေအားကောင်းလာလေပါပဲ။
ဥပမာ Taxi တစ်စီး ပိုင်ဆိုင်ထားတယ်ဆိုရင် ဒီပိုင်ဆိုင်မှု (Asset) က လစဉ် Owner ကြေးအဖြစ် ၀င်ငွေတွေရှာပေးမှာပါ။ တိုက်ခန်းငှားထားတယ်ဆိုရင်လည်း ဒီတိုက်ခန်းက ကိုယ့်ကိုအလုပ်အကျွေးပြုနေတဲ့ ပိုင်ဆိုင်မှုပါပဲ။
Liability ဆိုတာကတော့ Asset နဲ့ လုံးဝဆန့်ကျင်ဘက်ပါ။ ပေးရန်တာဝန်ဆိုတဲ့အတိုင်း ပေးဆပ်ရမှာက တာဝန်ကြီးတစ်ခုလို ဖြစ်နေပါတယ်။ မပေးလို့ကိုမရဘူး။ ကိုယ်က သူများဆီကချေးငှားထားရင် ပြန်ပေးရမှာက တာဝန်ဝတ္တရားတစ်ရပ်ပါ။ လစဉ် မီတာခတို့ အခွန်အခတို့ဆိုတာလည်း ပေးကိုပေးရမယ့် တာဝန်တစ်ခုပါ။ ဒီ liability က လစဉ် မိမိအိပ်ကပ်ထဲက ငွေတွေကို နှုတ်ယူသွားမယ့်အရာတွေပဲဖြစ်ပါတယ်။ အဲတော့ ပေးရမယ့်အကြွေးတွေ အခွန်တွေ အပေါင်လက်မှတ်အတိုးတွေ အရစ်ကျချေးငွေပေးသွင်းနေရတာတွေ စသည်ဖြင့် liability တွေများလာလေလေ ထွက်ငွေတွေ များလေးလေးပါပဲ။
ဒီပိုင်ဆိုင်မှုနဲ့ ပေးဆပ်မှု (Asset and Liability) ကို သေချာခွဲခြားမသိရင် တူသယောင်ယောင် ရှိနေတတ်ပါတယ်။ အဓိက ခွဲခြားလို့ရတဲ့အချက်ကတော့ မိမိအိပ်ကပ်ထဲကို "ငွေတွေထည့်ပေးမှာလား၊ ငွေတွေနှုတ်ယူသွားမှာလား" ဆိုတဲ့အချက်နဲ့သာ တိုင်းတာခြင်းဖြစ်ပါတယ်။
ကျွန်တော်တို့အားလုံး ၀ယ်ယူအသုံးပြုနေတဲ့ဖုန်းတွေဟာ ကျွန်တော်တို့ရဲ့ ပိုင်ဆိုင်မှုလို့ ထင်ရပါတယ်။ (ကိုယ့်ဖုန်းပဲ ကိုယ်မပိုင်လို့ ဘယ်သူပိုင်မလဲနော်) ဒါပေမယ့် အပေါ်ကပြောသလို ပိုင်ဆိုင်မှုမှန်ရင် ၀င်ငွေတွေထည့်ပေးမှာပါ။ အခုတော့ ကျွန်တော်တို့ရဲ့ဖုန်းတွေက ကျွန်တော်တို့အိပ်ကပ်ထဲက ငွေတွေကို လစဉ်လတိုင်း နှုတ်ယူနေပါတယ်။ ဒါဟာ တကယ်တော့ ပိုင်ဆိုင်မှု အယောင်ဆောင်ထားတဲ့ ပေးရန်တာဝန် (liability) ပဲဖြစ်ပါတယ်။ (ဘေလ်တွေကထည့်မလောက်)
များသောအားဖြင့် လူတွေဟာ ပိုင်ဆိုင်မှုလို့ထင်နေတဲ့ ပေးရန်တာဝန်တွေကို ၀ယ်ယူနေကြပါတယ်။ ကျွန်တော်တို့အတွေဟာ အပိုဝင်ငွေလေးရှိလာပြီဆိုတာနဲ့ Liability တွေဖြစ်တဲ့ ပစ္စည်းတွေကို ၀ယ်ယူဖို့ စဉ်းစားကြပါတယ်။ တီဗွီ၊ ရေခဲသေတ္တာ၊ ဖုန်း၊ ကိုယ်ပိုင်ကား၊ အရစ်ကျဝယ်လို့ရတဲ့ပစ္စည်းတွေ စသည်ဖြင့်ပေါ့။
ကိုယ်ပိုင်ကားဝယ်စီးခြင်းဟာလည်း ပေးရန်တာဝန်တစ်ခုကို ၀ယ်လိုက်တာပါပဲ။ ဒီကားဟာ လစဉ် ကျွန်တော်တို့ဆီက ငွေတွေကို နှုတ်ယူသွားမယ့်အရာဖြစ်ပါတယ်။ အဲဒါကြောင့် တစ်ခုခုဝယ်ယူမယ်ကြံတိုင်း "ပိုင်ဆိုင်မှုလား၊ ပေးဆပ်မှုလား" ဆိုတာ ခွဲခြားသိနေဖို့ အရေးကြီးပါတယ်။ တိုက်ခန်းတစ်ခန်းဝယ်မယ်ဆိုရင် အဲဒီတိုက်ခန်းဟာ ပိုင်ဆိုင်မှုဖြစ်မလား ပေးဆပ်ရမှုဖြစ်မလားဆိုတာ ကျွန်တော်တို့ အသုံးချတဲ့အပေါ်မှာ မူတည်ပါတယ်။ ဒီတိုက်ခန်းမှာ ကိုယ်တိုင်နေထိုင်မယ်ဆိုရင်တော့ နေထိုင်မှုစရိတ်တွေ၊ ရေခွန်၊ မြေခွန်၊ အမှိုက်ခွန်၊ မီတာခတွေ ပေးနေရမှာပါ။ တကယ်လို့ တိုက်ခန်းကိုအငှားချထားမယ်ဆိုရင်တော့ ဒီတိုက်ခန်းက လစဉ်ငွေရှာပေးနေပါလိမ့်မယ်။ အသုံးချတဲ့အပေါ်မှာမူတည်ပြီး အသုံးကျမကျ ကွာခြားသွားပါတယ်။ ကားတစ်စီးကို ကိုယ်စီးဖို့ဝယ်ရင် ပေးရန်တာဝန်၊ ကားကိုအငှားချထားပြီး ၀င်ငွေဖန်တီးရင် ပိုင်ဆိုင်မှု ဖြစ်ပါတယ်။ ဒါကြောင့် ကိုယ့်မှာရှိတဲ့ ပိုင်ဆိုင်မှုဟာ "ငွေထည့်ပေးမလား၊ ငွေတွေနှုတ်ယူသွားမလား" ဆိုတာကိုကြည့်ပြီး ပိုင်ဆိုင်မှုတွေ ပေးဆပ်မှုတွေအဖြစ် ကွာခြားသွားခြင်း ဖြစ်ပါတယ်။ ၀ယ်ယူတဲ့ပစ္စည်းပေါ်မှာ မူမတည်ဘဲ အသုံးချသူအပေါ်မှာ မူတည်ခြင်းဖြစ်ပါတယ်။
လူအများစုဟာ ၀င်ငွေ လစာတွေများများရအောင်၊ ရာထူးကြီးကြီးနဲ့ လစာကောင်းကောင်း၊ ရှေ့တန်းရောက်အောင် ကြိုးစားပမ်းစား အလုပ်လုပ်ကြပါတယ်။ ငွေတွေရှာဖွေကြပါတယ်။ ရလည်း ရရှိနေကြပါတယ်။ ဒါပေမယ့် ငွေကြေးပြေလည်မှုမရှိ၊ ငွေကြေးလွပ်မြောက်မှုမရှိဘဲ ပိတ်မိနေကြတယ်၊ ဘာကြောင့်ပါလိမ့်? အဓိကအကြောင်းရင်းကတော့ သူတို့ဟာ ရတဲ့ငွေတွေနဲ့ ပိုင်ဆိုင်မှု(Asset)တွေကို ၀ယ်ယူမယ့်အစား ပေးရန်တာဝန်(Liabilies)တွေကို ၀ယ်ယူနေကြခြင်းကြောင့် ဖြစ်ပါတယ်။
ချမ်းသာကြွေဝသူတွေ ငွေကြေးလွတ်မြောက်မှုရနေကြသူတွေဟာ ပိုင်ဆိုင်မှု(Assets)တွေကို ၀ယ်ယူစုဆောင်းကြပါတယ်။ ပိုင်ဆိုင်မှု(Assets)တွေ ၀ယ်ယူစုဆောင်းကြသူများဟာလည်း အနာဂတ်မှာ ချမ်းသာကြွေဝသူတွေ ဖြစ်လာကြပါတယ်။
Steemit Platform ပေါ်တင်လျှောက်လှန်းနေကြသူအများစုသည် steemit ၏ ခိုင်မာမှုကို သိရှိပြီးသားဖြစ်ပါလိမ့်မယ်။ အခုလိုဈေးကျနေတဲ့အချိန်မှာ မိမိအကောင့်ထဲ SP များများ ၀ယ်ယူစုဆောင်းထားကြမယ်ဆိုရင်ဖြင့်…..။